အိန္ဒိယတွင် ၁၁၅ နှင့် ပါကစ္စတန်တွင် ၁၂၀ ဒီဂရီ ဖာရင်ဟိုက် (ကိုသန်းလွင်)

(၁)
ကျွန်တော်တို့သည် ဘီလီယံချီသော လူသားများအား “နိဂုံး”ကို ပြသရန် လောကကြီးကို ဇောက်ထိုးမိုးမျှော် လုပ်ပြနေစရာ မလိုပါ။ အလွန်ပူလောင်သော နေ့ရက်များကို ထုံးစံတစ်ခုကဲ့သို့ ကြုံတွေ့လာနေရခြင်းက လူသားတို့၏ “နိဂုံး”ကို ညွှန်ပြလျက်ရှိပါသည်။

(၂)
ရာသီဥတုအကြောင်း ဖွဲ့ဆိုထားသော ဝတ္ထုတစ်ပုဒ်ပါ လူသန်း ၂၀ မျှသေဆုံးခဲ့ရသော အပူချိန်ထက် ၁၀ ဒီဂရီ စင်တီဂရိတ်မျှ ပိုမြင့်သည့် အပူကို တစ်ဘီလီယံမျှသော တောင်အာရှသားများ လွန်ခဲ့သောလက ခံစားခဲ့ရပါသည်။ ရက်သတ္တပတ် အနည်းငယ်ကြာသည်အထိ ထိုအပူငွေ့ ရှိနေခဲ့ပါသည်။ မိုးကျမည့် ဇွန်လမှသာ အပူဒဏ်မှ သက်သာရာ ရတော့မည်။

လူသေဆုံးမှု ဖြစ်ရာတွင် လေထုတွင်း ရေငွေ့ ပါဝင်နှုန်းသည် အပူချိန်ကဲ့သို့ပင် အရေးပါသည်။ အိန္ဒိယတွင် ၁၁၅ ဒီဂရီ ဖာရင်ဟိုက်၊ ပါကစ္စတန်တွင် ၁၂၀ ဒီဂရီ အထိ ရောက်ခဲ့စဉ်က စိုထိုင်းဆ အတော် နည်းနေခဲ့သည်။ သို့သော် အိန္ဒိယ၏ အချို့နေရာများတွင် စိုထိုင်းဆ မြင့်မားနေခဲ့ရာ အကယ်၍များ နေ့တစ်နေ့၏ အမြင့်ဆုံး စိုထိုင်းဆနှင့် အမြင့်ဆုံး အပူချိန်တို့ တစ်ပြိုင်တည်း ဖြစ်ပေါ်ခဲ့ပါက “စိုထိုင်း အပူချိန်” (wet-bulb-temperature) သည် လူသားတို့ ခံနိုင်သည့် အတိုင်းအတာကို ရောက်ရှိ သို့မဟုတ် ကျော်လွန်သွားခဲ့ပါလိမ့်မည်။ ထိုအဖြစ်မျိုးနှင့် ကြုံခဲ့ပါက ကောင်းကင်မှ ငှက်များပင် မပျံနိုင်တော့ဘဲ ပြုတ်ကျ သေဆုံးခဲ့ကြမည်။

ဆက်စပ် လေ့လာရန် စိုထိုင်းအပူချိန် ဆိုသည်မှာ Click here

ပါကစ္စတန်ရှိ အပူချိန်ကြောင့် ရှစ်ရှား (Ship Sher) ရေခဲမြစ် အရည်ပျော်ဆင်းလာသဖြင့် ဓာတ်အားပေးစက်ရုံ နှစ်ရုံနှင့် တရုတ်ပြည်နှင့် ဆက်သွယ်သော ဟာစန်နာဘက် တံတား ပျက်စီးခဲ့ရပါသည်။ ခဏတာမျှ အပူချိန်ကျဆင်းပြီး မေလ ၁၄ ရက်နေ့တွင် အပူချိန် ပြန်လည် မြင့်တက်လာသည့်အခါ လူနှစ်သိန်းမျှရှိသည့် ဂျက်ကိုဘာဘတ်မြို့တွင် ၅၁ ဒီဂရီ စင်တီဂရိတ်အထိ တက်ခဲ့သည်။ စိုထိုင်းအပူချိန်မှာ ၃၃ . ၁ မျှ ရှိပါသည်။ ၎င်းသည် လူတို့ ခံနိုင်သည့် အပူဆုံး ၃၅ ဒီဂရီနှင့် နီးကပ်လွန်းနေပါသည်။ ၎င်းအပူသည် လူတို့၏ ခံနိုင်အားကို စမ်းသပ်နေသည့် သဖွယ် ၁၀ ပတ်မျှ ကြာသွားပါသည်။

တောင်အာရှ အပူ၏ ပြင်းအားနှင့် ကြာချိန်တို့သည် ဖြစ်တောင့် ဖြစ်ခဲဟုလည်း မဆိုနိုင်တော့၊ အစွန်းရောက်သည်ဟုလည်း မပြောနိုင်တော့ပါ၊ ရှားပါးဖြစ်ရပ် မဟုတ်တော့ပါ။ ပြောင်းလဲလာသော ရာသီဥတုကြောင့် အပူလှိုင်းများသည် ပို၍ ပြင်းထန်လာ၊ ပို၍ အဖြစ်များလာပါတော့မည်။

ကုလသမဂ္ဂ ရီပို့က ၂၀၃၀ ပြည့်နှစ် ရောက်လျှင် ကမ္ဘာကြီး၌ ဆိုးရွားသော ရာသီဥတု ဖြစ်စဉ်များကို တစ်နှစ်လျှင် အကြိမ် ၅၀၀ ထက်ပို၍ ခံရဖွယ်ရှိသည်ဟု ဆိုပါသည်။

ဖုန်းအက်ပလီကေးရှင်းတွင် လွန်ခဲ့သောနှစ်အနည်းငယ်အတွင်းက လေထုအရည်အသွေး ဒေတာကို ထည့်သွင်းခဲ့ရသည့်အတိုင်း လာမည့်နှစ်ခန့်တွင် စိုထိုင်းအပူချိန် ဒေတာကို ထည့်လာမည်ဆိုလျှင် အံ့အားသင့်စရာ မဟုတ်တော့ပါ။

အလွန်ဆိုးရွားသော အဖြစ်အပျက်များမှာ ဖြစ်ရိုး ဖြစ်စဉ်သဖွယ် ဖြစ်လာပြီး ကျွန်တော်တို့သည် ကမ္ဘာ အသစ်သို့ ရောက်နေသလို ခံစားကြရမည်။ နယူးဒေလီ၌ အပူချိန် ၁၁၀ ဒီဂရီ ဖာရင်ဟိုက်ကျော်သည့် နေ့ရက်များသည် တစ်သီတစ်တန်းကြီး ဖြစ်လာကာ လေထုအရည်အသွေး ညွှန်းကိန်းသည် ၃၀၀ အောက်ကို မကျတော့ပါ။ အညွှန်းကိန်း ၃၀၀ ဆိုသည်မှာ ကျန်းမာရေး အရေးပေါ် ကြေငြာသင့်သည့် အခြေအနေ ဖြစ်သည်။

လူ့သမိုင်းတစ်လျှောက်လုံး ထုတ်လွှတ်ခဲ့ကြသည့် ဖန်လုံအိမ်ဓာတ်ငွေ့ ပမာဏ တစ်ဝက်ကျော်သည် လွန်ခဲ့သော အနှစ် ၃၀ အတွင်း ထုတ်လွှတ်ခဲ့ကြခြင်း ဖြစ်သည်။ ထိုသို့ ထုတ်လွှတ်ခဲ့ကြသည်မှာ ကမ္ဘာကြီး ပူနွေးလာမှုနှင့် ပတ်သက်သည့် အယ်ဂိုး ၏ ပထမစာအုပ် ထွက်လာပြီးနောက်မှ၊ ကုလသမဂ္ဂက ရာသီဥတု ပြောင်းလဲမှု အဖွဲ့ (အိုင်ပီစီစီ) ကို ဖွဲ့ပြီး နောက်မှ ဖြစ်ပါသည်။

ကမ္ဘာ့အပူချိန် တက်လာခြင်း၏ မြန်ဆန်ပုံက ပို၍ အံ့အားသင့်စရာ ကောင်းသည်။ ၂၀၁၅ ခုနှစ်တွင် ကမ္ဘာ့ ပျမ်းမျှ အပူချိန်သည် စက်မှုတော်လှန်ရေး မတိုင်မီ ခေတ်ကထက် ၀ . ၈၇ ဒီဂရီ စင်တီဂရိတ် ပိုခဲ့ပြီး နောက်ငါးနှစ် အကြာတွင် ၁ . ၀၉ ဒီဂရီ စင်တီဂရိတ် ပိုသွားခဲ့သည်။ ဆယ်စုနှစ်တစ်ခု၏ တစ်ဝက်မျှ ကာလအတွင်း ၂၅ ရာခိုင်နှုန်း ပိုမြင့်တက်လာခဲ့သည်။

လွန်ခဲ့သော ငါးနှစ်ခန့်က အထိ ကယ်လီဖိုးနီးယား တောမီးလောင်ရာသီ တစ်ခုအတွင်း ဧကတစ်သန်း မီးလောင်ခြင်းမျိုးသည် အလွန်ရှားပါးလှသည်။ ယခုအခါ တစ်ရာသီအတွင်း ဧကပေါင်း ၄ . ၃ သန်းမျှ မီးလောင် ဆုံးရှုံးခဲ့သည်။ လွန်ခဲ့သောငါးနှစ်အတွင်း၌ လေးနှစ်မျှ တစ်နှစ်လျှင် ဧကပေါင်း ၁ . ၅ သန်းမျှ မီးလောင်ခဲ့သည်။ လေ့လာချက်တစ်ခုအရ လွန်ခဲ့သောဆယ်စုနှစ်အတွင်း အပူလွန်ကဲသည့် ဖြစ်ရပ်များ အဆ ၉၀ ကျော် တိုးပွားလာသည်။

အစွန်းရောက်ဖြစ်စဉ်များ မြန်ဆန်စွာ တိုးပွားလာမှုသည် လူသားတို့အတွက်သာမက ဆူပါကွန်ပျူတာများကပင် အနာဂတ်ကို ကြိုတင် တွက်ချက် မှန်းဆရန် ခက်ခဲသော အခြေအနေသို့ ရောက်နေသည်။ ရာသီဥတု ပြောင်းလဲမှုကြောင့် တစ်ချိန်က မဖြစ်နိုင်ဟု ထင်ခဲ့သည်များ တကယ်လက်တွေ့ ဖြစ်လာနေသည်ကို မျက်ဝါးထင်ထင် မြင်နေကြရပါပြီ။

ကနေဒါ အနောက်ဘက်ကမ်းရှိ ဗြိတိသျှ ကိုလံဘီယာနှင့် အခြား ကမ္ဘာ့ခြောက်နေရာတွင် အပူအုပ်ဆောင်း (heat dome) နှင့် အပူလှိုင်း (heatwave) များ ပေါ်ပေါက်ခဲ့သည်။ တောင်အာရှတွင် ဖြစ်ပေါ်ခဲ့သော အပူလှိုင်းများသည် ယင်းတို့နှင့် ယှဉ်လိုက်သောအခါ မပြောပလောက်စရာ ဖြစ်သွားသည်။

ဆက်စပ် လေ့လာရန် အပူအုပ်ဆောင်းနှင့် အပူလှိုင်း ဆိုသည်မှာ Click here

တောင်အာရှ၏ အပူလှိုင်းမျိုးကို အိန္ဒိယနှင့် ပါကစ္စတန်နိုင်ငံတို့က ခံနိုင်ရည်ရှိပြီဟု ပြောကြပါသည်။ သို့သော် ယင်းကြောင့် သေဆုံးသူများ ထောင်ချီ ရှိပါလိမ့်မည်။ ၂၀၀၃ ခုနှစ်က ထိုမျှ အပူ မပြင်းထန်၊ လူနေလည်း အိန္ဒိယနှင့် ပါကစ္စတန်တို့လောက် မထူထပ်သော ဥရောပနှင့် ရုရှားတွင် လူပေါင်း ၇၀၀၀၀ ကျော် သေခဲ့ရပါသည်။

အပူလွန်ကဲခြင်းကြောင့် ဆက်စပ်ဖြစ်ပေါ်လာနိုင်သည့် ဘေးဒုက္ခများ

ထိုအဖြစ်အပျက်များကို သင်ခန်းစာယူ၍ ကျွန်တော်တို့၏ အနာဂတ်များကို တည်ဆောက်ကြရပါမည်။ ကျွန်တော် နေထိုင်ရာ ရပ်ကွက်တွင် ရက်အနည်းအငယ်အတွင်း ရေနှစ်ကြိမ် ကြီးခဲ့ပါသည်။ ဤသည်မှာ ကျွန်တော် နေထိုင်ရမည့် အနာဂတ် ဖြစ်ပါသည်။ ကျွန်တော်တို့သည် လေးငါးဒီဂရီခန့် ပိုပူတော့မည့် အနာဂတ်တွင် နေထိုင်ရန် ပြင်ဆင်ရပါတော့မည်။ တစ်ကမ္ဘာလုံးတွင် အပူကြောင့် ပျက်စီးဆုံးရှုံးမှုမရှိဟု ဆိုသည့်တိုင်အောင် ရာသီဥတု၏ အခြားဆိုးရွားနှောင့်ယှက်မှုများတော့ ခံစားကြရမည်မှာ အမှန်ဖြစ်ပါသည်။

၁၉၉၂ ခု ရီရဲဒီဂျနေရိုး ရာသီဥတု ထိပ်သီးဆွေးနွေးပွဲ၌ သဘောတူညီခဲ့ကြသည်မှာ ကမ္ဘာကြီး ပူနွေးလာမှု အန္တရာယ်ကို ရှောင်ရှားကြရန် ဖြစ်ပါသည်။ ထိုရည်ရွယ်ချက် မအောင်မြင်ခဲ့ပါ။ အန္တရာယ် ကြီးမားသော ရာသီဥတု ပြောင်းလဲမှုများ လက်တွေ့ ပေါ်ပေါက်နေပါပြီ။ အဆိုပါ ပြောင်းလဲမှုများကို နေရာတိုင်းလိုလိုတွင် တွေ့ကြုံ ခံစားနေရပြီ ဖြစ်ပါသည်။

(၃)
ကျွန်တော်တို့၏ တစ်သက်တာအတွင်း သိပ္ပံပညာရှင်များက ပြောနေကြသော အန္တရာယ်ရှိသည့် အပူချိန်ကို ကျော်လွန်သွားပြီ ဆိုပါစို့။ သို့မဟုတ် တစ်ကမ္ဘာလုံး ပျက်စီးမည့် အပူချိန်သို့ မရောက်သေးဟု ဆိုပါစို့။ ကျွန်တော်တို့ ဘယ်လို နေကြမည်နည်း။

Key word: အပူလွန်ကဲခြင်း၊ တောမီးလောင်ခြင်း

ကိုးကား – 115 degrees Fahrenheit in India. 120 in Pakistan, David wells, NY Times May 19 2022.

(၁၃ . ၆ . ၂၂ စံတော်ချိန် သတင်းစာပါ ဆောင်းပါးကို တည်းဖြတ်၍ ဖော်ပြခြင်း ဖြစ်ပါသည်။)

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s