ရန်ကုန်မြို့ရှိ မိုးရေ စုဆောင်းသော ပုရွက်ဆိတ်များ

(Kyaw Nyunt Linn ရေးသားသော Ants in Yangon Saving Rainwater ဆောင်းပါးကို Thinzar Mon က ပြန်ဆိုပြီး Myanmar Water Portal ၌ ၂၉ . ၇ . ၂၀၂၀ က တင်ခဲ့သည့် ဆောင်းပါးကို ဦးကျော်ညွန့်လင်း၏ ခွင့်ပြုချက်ဖြင့် ပြန်လည် ဖော်ပြခြင်း ဖြစ်ပါသည်။) (Photo – Kaung Myat Oo)

ဆောင်းတွင်းအတွက် အစားအစာတွေကို ကြိုးကြိုးစားစား ကြိုတင် စုဆောင်းနေတဲ့ ပုရွက်ဆိတ်လေး အကြောင်းကို ပြောပြထားတဲ့ “ပုရွက်ဆိတ်နှင့် နှံကောင်” ပုံပြင်လေး အကြောင်း အားလုံး ကြားဖူးကြမှာပါ။ မမြင်နိုင်တဲ့ အနာဂတ်အတွက် လက်ရှိအချိန် ကတည်းက ကြိုတင် ကြိုးစား အားထုတ်ထားခြင်းရဲ့ အကျိုးကို ဖော်ညွှန်းထားတဲ့ ဒီပုံပြင်လေးထဲက အတိုင်း ရန်ကုန်မြို့တွင်လည်း နွေရာသီမှာ ရေနဲ့ ငွေကြေးကို ချွေတာနိုင်ဖို့ မိုးရာသီကတည်းက မိုးရေကို ခံယူ စုဆောင်း အသုံးပြုနေတဲ့သူတွေ ရှိပါတယ်။ သာကေတမြို့နယ်မှာ နှစ်ပေါင်း သုံးဆယ်ကျော်ကြာ နေလာခဲ့တဲ့ အသက် ၇၇ နှစ်အရွယ် ဒေါ်ခင်အေးကြူဟာ မိုးရာသီတိုင်းမှာ မိုးရေကို ခံယူ စုဆောင်း သုံးစွဲတဲ့အတွက် ရေသန့်ဘူးဖိုးနဲ့ ရေစက်မောင်းရန် ကုန်ကျမယ့် မီတာခများကို နှစ်စဥ် ချွေတာနိုင်ခဲ့ပါတယ်။

သူမ နေထိုင်တဲ့ သာကေတမြို့နယ်ဟာ ရန်ကုန်မြို့လယ်ခေါင်ရဲ့ အရှေ့ဘက်မှာ တည်ရှိပြီးတော့ ရန်ကုန်မြို့ကို ရေပေးဝေနေတဲ့ ရေလှောင်ကန်တွေနဲ့ အဝေးဆုံး နေရာမှာရှိတဲ့ မြို့နယ်တစ်ခုလည်း ဖြစ်ပါတယ်။ ဒါကြောင့်မလို့ ဒေါ်ခင်အေးကြူလို သာကေတမှာ နေထိုင်တဲ့သူ အများစုဟာ ဘုံဘိုင်ရေ (စည်ပင်မှ ပေးဝေသောရေ) ကို မရရှိကြပါဘူး။

သူမဟာ ငယ်ကတည်းက မိုးရေကို သောက်ဖို့ သုံးဖို့အတွက် စုဆောင်းလေ့ ရှိပါတယ်။ “ကျွန်မ အရင်က နေခဲ့တဲ့နေရာမှာလည်း မိုးရေခံပြီး သုံးတဲ့ဓလေ့ ရှိတဲ့အတွက် မထူးဆန်းတော့တဲ့ အရာတစ်ခု ဖြစ်ပါတယ်” လို့ သူမက ပြောပြပါတယ်။ သူမဟာ ၁၉၇၀ခုနှစ်မှာ ဧရာဝတီ မြစ်ဝကျွန်းပေါ် ဒေသကနေ ရန်ကုန်မြို့ကို ပြောင်းရွေ့ နေထိုင်ခဲ့တာ ဖြစ်ပါတယ်။

“အမှန်အတိုင်း ပြောရရင် မြေအောက်ရေထက် မိုးရေရဲ့ အရည်အသွေးကို ပိုယုံတယ်။ ကျွန်မ မိုးရေကို နေရာတိုင်းမှာ သုံးတယ်။ သောက်ရေ၊ ဟင်းချက်၊ ပန်းကန်ဆေး၊ အဝတ်လျှော်၊ ရေချိုး၊ အိမ်သာရေနဲ့ အပင် ရေလောင်းဖို့က အစ သုံးပါတယ်” လို့ သစ်ပင် ပန်းမာန်တွေနဲ့ ပြည့်နှက်နေတဲ့ သူမရဲ့ ဥယျာဥ်ကို လိုက်ပြရင်း ရှင်းပြခဲ့ပါတယ်။

ဒေါ်ခင်အေးကြူရဲ့သား ဖြစ်တဲ့ အသက် ၃၃ နှစ်အရွယ် ဦးစိုးရကတော့ “ကျွန်တော်က ငယ်ကတည်းက မိုးရေသောက်လာတာ။ မိုးရေမှာ အက်စစ်ဓာတ် ပါလို့ ကျန်းမာရေးကို ထိခိုက်နိုင်တယ်လို့ ကျွန်တော့်ကို တစ်ခြားသူတွေက လာပြောကြတယ်။ ဒီလိုပြောမယ်ဆိုရင် မြေအောက်ရေကလည်း  အယ်ကာလီဓာတ် များပြီး ကျောက်ကပ် ထိခိုက်နိုင်တာပဲ မဟုတ်လား” လို့ သူ့ရဲ့ အတွေးကို ပြောပြခဲ့ပါတယ်။

ဒေါ်ခင်အေးကြူနှင့်သားဦးစိုးရ

မိုးလေဝသနှင့် ဇလဗေဒ ညွှန်ကြားမှု ဦးစီးဌာနမှ အချက်အလက်တွေအရ ရန်ကုန်မြို့မိုးရေရဲ့ pH ပမာဏ(အက်စစ် သို့မဟုတ် အယ်ကာလီဓာတ်ပါဝင်မှု ပမာဏ)ဟာ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) ရဲ့ စံချိန်စံညွှန်း အတွင်းမှာ ရှိနေပါတယ်။ 

ကြိုးစားမှုရဲ့ရလဒ် 

မိုးရာသီဟာ ယေဘုယျအားဖြင့် မေလကနေ အောက်တိုဘာလအတွင်း ကျရောက်တတ်တဲ့အတွက် အာစွတ်ပုံပြင်ထဲက အမြော်အမြင်ရှိတဲ့ ပုရွက်ဆိတ်လေးလိုပဲ ဒေါ်ခင်အေးကြူဟာ အနာဂတ်အတွက် မျှော်မှန်းပြီး မိုးရေကို ကြိုတင် ကြိုးစားစုဆောင်းနေပါတယ်။ “မိုးရေကို ကြိုစုထားမယ်ဆိုရင် ရာသီဥတုပူတဲ့ နွေရာသီ ရောက်ရင် ရေပြတ်မှာ စိတ်မပူရတော့ဘူးပေါ့”လို့ သူမရဲ့ ခံယူချက်ကို ပြောပြခဲ့ပါတယ်။ 

မိုးရေကို ခံယူစုဆောင်းဖို့ ဒေါ်ခင်အေးကြူဟာ ကြိုတင် ပြင်ဆင်တာတွေ လုပ်ရပါတယ်။ အိမ်ခေါင်မိုးနဲ့ ရေတံလျှောက်တွေကို သန့်ရှင်းရေး လုပ်ရပါတယ်။ စစချင်းရွာတဲ့ မိုးရေကို မခံသေးဘဲ ဖုန်နဲ့ ရေညှိတွေကို ဖယ်ရှားဖို့ သုံးလိုက်ပါတယ်။ “မိုးသုံးခါလောက် ရွာပြီးရင်တော့ ရေချိုး ရေသောက်ဖို့အတွက် မိုးရေစခံလို့ ရပါပြီ” လို့ သူမက ရှင်းပြပါတယ်။ သူမတို့ မိသားစုဝင် ငါးယောက်ဟာ မိုးရာသီဖြစ်တဲ့ မေလကနေ အောက်တိုဘာလအထိ နေရာတိုင်းမှာ မိုးရေကို လုံလုံလောက်လောက်သုံးစွဲနိုင်ပါတယ်။

သဘာဝကအခမဲ့ပေးထားတဲ့ လက်ဆောင်တစ်ခု 

“ကျွန်တော်တို့ မိုးရေ သုံးတဲ့အတွက် ရေတွင်းက ရေကို သုံးခဲတယ်။ ဒါ့ကြောင့် ရေစက်မောင်းစရာ မလိုတော့ မီတာခသက်သာသွားတယ်။ ရေသန့်ဘူးဖိုးလည်း မကုန်တော့ဘူးပေါ့” လို့ ဦးစိုးရက မိုးရေသုံးစွဲခြင်းကြောင့် ငွေကုန်ကြေးကျသက်သာကြောင်း ပြောပြခဲ့ပါတယ်။

“ကျွန်တော်တို့ ခြောက်လလောက် ရေသန့်ဘူး ဝယ်ဖို့မလိုတဲ့အတွက် တစ်နှစ်ကို ကိုးသိန်းနီးပါး သက်သာပါတယ်” လို့ မိုးရေဟာ သဘာဝကပေးတဲ့ လက်ဆောင်တစ်ခု ဖြစ်ကြောင်း ရှင်းပြပါတယ်။

“မိုးတစ်နာရီလောက် ရွာလိုက်ရင် ရေတံလျှောက်က ကျတဲ့ရေက ၁၃၀၀ လီတာလောက်ဆံ့တဲ့ ရေစည်အပြည့်ရတယ်” လို့ ဦးစိုးရက ဆက်ပြောပြပါတယ်။ အိမ်ရဲ့ ပတ်ချာလည်မှာလည်း အမြင့်မတူတဲ့ ရေစည်နှစ်ခုနဲ့ ၁၅၀ လီတာလောက်ဆံ့တဲ့ စဥ့်အိုးကြီးတစ်ခုကို မိုးရေခံဖို့ နေရာချထားတာ တွေ့ရပါတယ်။

climate-data.org နဲ့ weather-altas.com တို့မှ မိုးလေဝသနှင့် ရာသီဥတုဆိုင်ရာ အချက်အလက်တွေအရ ရန်ကုန်မြို့ရဲ့ နှစ်စဥ် ပျမ်းမျှ မိုးရေချိန်ဟာ ၂၃၇၈ မီလီမီတာ (သို့) ၉၃ . ၆ လက်မ မှ ၂၆၈၁ မီလီမီတာ (သို့) ၁၀၅ . ၆လက်မ အထိရှိပါတယ်။ ဒေါ်ခင်အေးကြူရဲ့ အိမ်အမိုးဟာ ၉၃ စတုရန်းမီတာ ကျယ်ဝန်းတဲ့အတွက် နှစ်စဥ် မိုးရေ ၂၅၀,၀၀၀ လီတာခန့်ကို စုဆောင်း ရရှိနိုင်ပါတယ်။ (တွက်နည်း – ၉၃ စတုရန်းမီတာ x ၂၆၈၁ မီလီမီတာ = ၂၄၉,၃၃၃လီတာ) ရန်ကုန်မြို့မှာ ၃ လ ကနေ ၄ လခန့် အထိ မိုးအများဆုံး ရွာလေ့ရှိပါတယ်။ 

အခြေခံအားဖြင့် အသားတင် ၂၀၀၀ မိုးရေချိန်အတွက် ၁၀၀ စတုရန်းမီတာအကျယ်အဝန်းရှိတဲ့ အိမ်ခေါင်မိုးဟာ လီတာ ၂၀ ရေသန့်ဘူး အရေအတွက် တစ်သောင်းခန့်နဲ့ ညီမျှတဲ့ မိုးရေပမာဏကို စုဆောင်းမိနိုင်မှာဖြစ်ပါတယ်။ ဒါ့ကြောင့်မိုးရေကိုခံယူသုံးစွဲခြင်းဟာ အိမ်တစ်အိမ်ချင်းစီအတွက် ရေပမာဏအမြောက်မြားကို ထောက်ပံ့ပေးနိုင်ပါတယ်။

တိတိကျကျပြောရမယ်ဆိုရင် မိုးရေတစ်ချို့တစ်ဝက်ဟာ ရေတစ်လျှောက်အတွင်းမှာ ဆုံးရှုံးသွားနိုင်ပါတယ်။ ဖော်ပြခဲ့တဲ့ ကိန်းဂဏန်းတွေဟာ ရေပမာဏဘယ်လောက်ရရှိနိုင်သလဲဆိုတာ ရှင်းရှင်းလင်းလင်းနားလည်စေဖို့ ခန့်မှန်းတွက်ချက်ပြထားခြင်းဖြစ်ပါတယ်။ 

အခြား ရေအရင်းအမြစ်များနှင့် မိုးရေ သုံးစွဲခြင်း ဓလေ့ 

သာကေတမြို့နယ်မှာ နေသူ အများစုဟာ မိုးရေကို နေရာအမျိုးမျိုးမှာ သုံးစွဲလေ့ရှိကြကြောင်း ဒေါ်ခင်အေးကြူထံမှသိရတဲ့အတွက် အခြားသော အိမ်နီးနားချင်းတွေကိုလည်း မိုးရေ ခံယူ သုံးစွဲခြင်းအကြောင်းကို လိုက်လံ မေးမြန်းဖြစ်ခဲ့ပါတယ်။

ဒီအခါမှာတော့ မိုးရေကို သောက်သုံးဖို့ ရည်ရွယ်ချက် တစ်ခုတည်းအတွက် ခံယူ စုဆောင်းနေတဲ့ ဦးသန့်စင်ဦးနဲ့ တွေ့ခဲ့ရပါတယ်။ “ရေပြတ်တာမျိုးတွေ မဖြစ်ဖို့ နည်းသည်ဖြစ်စေ များသည်ဖြစ်စေ ပုံမှန် မိုးရေခံပြီး သုံးစွဲဖြစ်ပါတယ်” လို့ သူက ရှင်းပြပါတယ်။

“ကျွန်တော်တို့နားမှာ ရေကန် ရှိတယ်။ အိမ်က ရေတိုင်ကီပြည့်ဖို့ ရေကန်ကနေပြီးတော့ တွန်းလှည်းနဲ့ တစ်နာရီလောက်ရေခပ်ထည့်ရတယ်” လို့ ဦးသန့်စင်ဦးက ရေတိုင်ကီကို လိုက်ပြရင်း ရှင်းပြပါတယ်။ အတိုင်းအတာအရ ကွန်ကရစ်တိုင်ကီဟာ ရေ ၁၁၀၀ လီတာခန့် ဝင်ဆံ့ပါတယ်။ ဒါ့ကြောင့် မိုးတွင်းမှာ မိုးရေခံသုံးခြင်းအားဖြင့် အချိန်နဲ့ လုပ်အားကို လျော့ချနိုင်ပြီး ဒီဇင်ဘာလခန့်လောက်အထိ ရေအတွက် စိုးရိမ်မှုမရှိဘဲ အေးအေးဆေးဆေး နေနိုင်ကြောင်း သိခဲ့ရပါတယ်။

“ဧည့်သည်တွေ လာရင်လည်း ဒီမိုးရေကိုပဲ ကြိုပြီး ရေနွေးကြမ်းနဲ့ ဧည့်ခံတာလေ” လို့ ဦးသန့်စင်ဦးက မိုးရေကို ရေနွေးကြမ်းအနေနဲ့လည်း သောက်သုံးကြောင်း ပြောပြပါတယ်။

အခြားသော ဘေးပတ်ဝန်းကျင်က အိမ်နီးချင်းတွေကလည်း မိုးရေကို ခံယူသုံးစွဲနေကြပုံ အမျိုးမျိုးကို လိုက်လံ ပြသပေးခဲ့ကြပါတယ်။ “ကျွန်မတို့က မိုးရေကို ရေသပ္ပာယ်ဖို့ပဲ သုံးတယ်။ သောက်ရေကိုတော့ ရေသန့်ဘူး သောက်ပြီး၊ သုံးရေကိုမြေအောက်ရေ သုံးတယ်”လို့ သာကေတ နယ်ခံတစ်ယောက်ကလည်း ပြောပြပါတယ်။ 

ကြီးမားသောပြောင်းလဲမှုများသည် သေးငယ်သောခြေလှမ်းများနှင့် စတင်သည်။ 

Myanmar Times မှသတင်းတစ်ခုတွင် Japan International Cooperation Agency (JICA) နှင့် ရန်ကုန်မြို့တော်စည်ပင်သာယာရေး ကော်မတီ (YCDC) တို့ ပူးပေါင်း ရေးစွဲထားသည့် အစီအစဥ်အရ ရန်ကုန်တစ်ဝန်းလုံးအတွက် ယခုလက်ရှိ ဖြန့်ဖြူးနေသော ရေပမာဏ၏ နှစ်ဆကျော် ပမာဏ ၂ . ၄ဘီလီယံ လီတာကို ၂၀၄၀ ခုနှစ်အမှီ ဖြန့်ဖြူးဖို့ လိုအပ်ကြောင်း ဖော်ပြထားပါတယ်။ အစီအစဥ်အရ လက်ရှိ အကောင်အထည်ဖော်နေတဲ့ ကုက္ကိုဝရေပေးဝေရေးနှင့် လဂွန်းပြင်ရေပေးဝေရေးစီမံကိန်း တို့ဟာ ၂၀၂၅ နှင့် ၂၀၂၂ ခုနှစ်တို့မှာ အသီးသီး ပြီးမြောက်ကြမှာ ဖြစ်ပါတယ်။

လက်ရှိအချိန်မှာတော့ မိုးရေ ခံယူသုံးစွဲခြင်းဟာ ငွေကုန်ကြေးကျ သက်သာပြီး ရေကို လုံလုံလောက်လောက် သုံးစွဲနိုင်ဖို့ လက်တွေ့ကျတဲ့ နည်းလမ်းတစ်ခု ဖြစ်ပါတယ်။ ဒါ့ကြောင့် အာစွတ်ပုံပြင်ထဲက အမြော်အမြင်ရှိတဲ့ ပုရွက်ဆိတ်လေးလိုပဲ ယခုဖော်ပြခဲ့တဲ့သူတွေ အားလုံးဟာ ခန့်မှန်းမရနိုင်တဲ့ အနာဂတ်အတွက် ငွေကြေးချွေတာနိုင်ဖို့ ဝီရီယရှိရှိ ကြိုးစားလုပ်ဆောင်နေကြတဲ့သူတွေ ဖြစ်တဲ့အကြောင်း ဒီဆောင်းပါးကနေ တင်စား ဖော်ပြလိုက်ရပါတယ်။ 

ဆက်စပ်ဖတ်ရှုရန် မိုးကျရေချို

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s