
မြေမျက်နှာပြင်အောက်ရှိ ရေကို အပိုင်း နှစ်ပိုင်း (ဇုန်နှစ်ခု) အဖြစ် ခွဲခြား လေ့လာ၍ ရသည်။ အပေါ်ပိုင်းဇုန်ကို ရေ မြေ လေ အငွေ့ ရောနေသော ဇုန် (zone of aeration) ဟုခေါ်သည်။ အောက်ပိုင်းဇုန်ကို ရေ(မြေအောက်ရေ) ပြည့်၀နေသော ဇုန် (zone of saturation) ဟု ခေါ်သည်။ ထိုဇုန်နှစ်ခုကို မြေအောက်ရေပြင် (water table) ဖြင့် ခွဲခြားထားသည်။
အပေါ်ပိုင်းဇုန်တွင် အစိုဓာတ်ရှိသော မြေရေအရော အလွှာ (soil water layer) သည် မြေမျက်နှာပြင်နှင့် ကပ်လျက်ရှိသည်။ ထိုအလွှာသည် သစ်ပင် သစ်တော ပေါက်ရောက်မှု အပေါ်တည်ပြီး အတိမ်အနက် အထူအပါး ကွဲပြားသည်။
အပေါ်ပိုင်း ရေမြေလေ အရောဇုန် နှင့် အောက်ပိုင်း ရေပြည့်၀ဇုန် နှစ်ခုအကြား၌ ရေ မြေ ရောနေသော အလယ်အလတ်ဇုန် (intermediate zone) ဟူ၍ ရှိသေးသည်၊ ယင်းအလယ်အလတ်ဇုန်၏ အောက်ပိုင်း ပါးလွှာသော capillary fringe ကို လွန်သော် ရေပြည့်၀ဇုန်သို့ ရောက်သည်။ ရေပြည့်၀ဇုန်ရှိ မြေအောက်ရေကို ထုတ်ယူ သုံးစွဲနိုင်သည့်အတွက် ယင်းကို မြေအောက်ရေအောင်းလွှာ (aquifer) ဟု ခေါ်သည်။
ရေခိုအောင်းနိုင်သော ဘူမိကျောက်လွှာများ
ကျောက်လွှာများကို ကျစ်လျစ် မာကြောသော ကျောက်အမျိုးအစား (consolidated rock type) (ဥပမာ- နှမ်းဖတ်ကျောက်၊ သဲကျောက်၊ ထုံးကျောက် စသည်) နှင့် တွဲဆက် ခိုင်မာမှု မကောင်းသော ကျောက်လွှာ အမျိုးအစား (unconsolidated rock type) (ဥပမာ- သဲလွှာ (သဲကျောက်)၊ ရွှံ့လွှာ (ရွှံ့ကျောက်)၊ ကျောက်စရစ် (စရစ်ဖြုန်းကျောက်) ဟူ၍ နှစ်မျိုး နှစ်စား ခွဲခြား ဖော်ပြကြသည်။ ကျောက်လွှာ အတွင်း ရေစိမ့် ခိုအောင်းနိုင်သော အပေါက်ငယ်များ များပြားစွာ ပါဝင်ပြီး ရေစိမ့်ဝင် စီးဆင်းနိုင်သောအလွှာသည် မြေအောက်ရေအောင်းလွှာ ဖြစ်သည်။
ရေခိုအောင်းနိုင်သော ကျောက်လွှာအမျိုးအစားများခွဲခြားခြင်း
(က) ရေခိုအောင်းနိုင်သည့် အနည်ကျကျောက် (sedimentary rock)

ရေ၊ လေ၊ မိုး၊ ရေခဲ၊ နှင်းခဲ၊ ရေလှိုင်း၊ ဒီရေလှိုင်း စသည်တို့က ကမ္ဘာ့မြေပြင်ရှိ ကျောက်များကို တိုက်စား ခြေမွခြင်းဖြင့် ကျိုးပဲ့စာများ၊ ကျောက်စ ကျောက်နများ ဖြစ်ပေါ်လာစေသည်၊ ထိုကျိုးပဲ့စာများကို ရေ လေ စသည်တို့က ဘူမိသက်တမ်း တစ်လျှောက် သယ်ယူပြီး ပင်လယ် အင်းအိုင် စသည့် အနိမ့်ပိုင်း အရပ်ဒေသများ၌ အထပ်ထပ် ပို့ချရာမှ ဖြစ်ပေါ်လာသော ကျောက်လွှာကို အနည်ကျကျောက်ဟု ခေါ်ဆိုသည်။ သဲကန္တာရ ဒေသများ၊ ကုန်းတွင်း အနိမ့်ပိုင်း ရပ်ဝန်းဒေသနှင့် ရေချိုရေငန် ထိတွေ့ရာ ရပ်ဝန်း၊ မြစ်၀၊ ပင်လယ်၀များ၌ ပို့ချကြသည်။ ထိုကျောက်လွှာတွင် ရှိသော တွင်းထွက်များသည် ထောင့်ချွန် ပုံသဏ္ဌာန်ဖြင့် လည်းကောင်း၊ လုံးဝိုင်းသော ပုံသဏ္ဌာန်ဖြင့် လည်းကောင်း တည်ရှိသည့် ကျိုးပဲ့စာကျောက်သား (classic texture) များ ဖြစ်သည်။ အဆိုပါ ကျောက်လွှာ အနေအထားကို အနည်ကျ ကျောက်လွှာ အနေအထား (sedimentary texture) ဟု ခေါ်သည်။
အတွေ့ရများသော ရေခိုအောင်းနိုင်သည့် အနည်ကျကျောက်များမှာ ၁။ ယှေလကျောက် (shale) ၂။ သဲကျောက် (sandstone) ၃။ သဲမှုန်ကျောက် (siltstone) ၄။ ထုံးကျောက် (limestone) ၅။ စရစ်ဖြုန်းကျောက် (conglomerate) ၆။ ဗရက်ရှာကျောက် (breccia) ၇။ သဲကြမ်းကျောက် (grit) ၈။ သစ်ပုတ် (သစ်ဆွေး) နှင့် ကျောက်မီးသွေး (peat and coal) တို့ ဖြစ်ကြသည်။

အနည်ကျကျောက်လွှာများသည် ကမ္ဘာ့အပေါ်ယံအလွှာ ကျောက်လွှာဖွဲ့စည်းမှု၌ ၅ ရာခိုင်နှုန်းသာ ရှိသော်လည်း မြေအောက်ရေ ခိုအောင်းသည့် ရာခိုင်နှုန်းမှာ ၉၅ ရာခိုင်နှုန်းခန့်ရှိသည်။ မြေအောက်ရေ ထုတ်ယူ ရရှိရေး၌ အဓိကအရေးပါသော ကျောက်လွှာ မြေလွှာ အမျိုးအစား ဖြစ်သည်။ သို့သော် အားလုံးသော အနည်ကျ ကျောက်များကို ဆိုလိုခြင်း မဟုတ်သည်ကို သတိချပ်ရမည်။
(ခ) ရေခိုအောင်းနိုင်သော မီးသင့်ကျောက် (igneous Rock)
ကမ္ဘာမြေကြီး အတွင်းပိုင်းရှိ ဒြပ်ဝတ္ထုများ၏ တစ်စိတ်တစ်ပိုင်းသည် ကမ္ဘာ့အပေါ်ခွံ ကျောက်လွှာထု၏ အလေးချိန် ဖိအားနှင့် အပူရှိန်ကြောင့် ကျောက်ရည်ပူများ ဖြစ်သွားကြသည်။ ထိုကျောက်ရည်ပူများသည် မြေလွှာ၊ ကျောက်လွှာ အက်ကွဲကြောင်းများအတိုင်း ဖြန့်ကျက် တိုးဝင်ကြ၏။ ထိုသို့ တိုးဝင်ရင်း ကမ္ဘာ့မြေလွှာအတွင်း၌ အေးခဲသွားသော ကျောက်ကို တိုးဝင် မီးသင့်ကျောက် (intrusive igneous rock) ဟု ခေါ်သည်၊ အချို့သော ချော်ရည်ပူများသည် မြေပြင်သို့ တက်လာပြီး အေးခဲသွားကြရာ ယင်းကို တိုးထွက် မီးသင့်ကျောက် (extrusive igneous rock) ဟု ခေါ်သည်။
အတွေ့ရများသော ရေခိုအောင်းနိုင်သည့် မီးသင့်ကျောက်များမှာ – ၁။ နှမ်းဖတ်ကျောက် (granite) ၂။ ရိုင်အိုလိုက် (rhyolite) ၃။ အော့ဘ်စီဒီယန် (obsidian) ၄။ မီးသင့်ကျိုးပဲ့စာပါ ကျောက်များ (pyroclastic rocks) (က) ချော်ခဲကျောက် (agglomerate) (ခ) ချော်မှုန့်ကျောက် (tuff) (ဂ) မီးတောင်ပြာကျောက် (volcanic ash) ၅။ ဆိုင်ရင်နိုက်နှင့် ထရက်ခိုက် (syenite and trachyte) ၆။ ဒိုင်အိုရိုက်နှင့် အင်ဒီဆိုက် (diorite and andesite) ၇။ ဂဗရို (gabbro) ၈။ ဗဆော့ (basalt) ၉။ ဗေ့လွန်ကျောက်များ (က) ပယ်ရီဒိုတိုက် (ပြောင်ခေါင်းစိမ်း) (peridotite) (ခ) ပိုင်ရော့ဆင်နိုက် (pyroxenite) (ဂ) ဟွန်ဗလင်းဒိုက် (hornblendite) (ဃ) ကင်ဗာလိုက် (kimberlite)
မီးသင့်ကျောက်များသည် ယေဘုယျအားဖြင့် ရေစိမ့်ခိုအောင်းနိုင်သော အပေါက်ငယ်များ ပါရှိမှု အလွန် နည်းသဖြင့် မြေအောက်ရေ ထုတ်ယူရရှိနိုင်မှု အလားအလာ နည်းပါးသည်။ ငလျင်နှင့် မြေတွင်း လှုပ်ရှားမှုကြောင့် ကမ္ဘာ့အပေါ်ပိုင်း မီးတောင်ကျောက်များတွင် အက်ကွဲကြောင်းများ၊ မီးတောင်ချိုင့်ဝှမ်းများ၌ ရေရှိနိုင်သော်လည်း ထုတ်ယူရနိုင်မည့် ပမာဏနည်းသည်။
ဥပမာ – (၁) ဗဆော့ကဲ့သို့သော မီးတောင်ချော်ရည်ကျောက်များ ရေအောင်းလွှာ။
(၂) ငလျင်နှင့် မြေတွင်းလှုပ်ရှားမှုကြောင့် မီးသင့်ကျောက်များ ကြေမွနေသည့်ဇုန်။
ကြေမွစာ အရွယ်အစား၊ ပုံသဏ္ဌာန် အကျယ်အဝန်း၊ အတိမ်အနက် အထူအပါးအလိုက် ရေထုတ်ယူ ရရှိနိုင်မှု အလားအလာ ကွဲပြား၏။
(ဂ) ရေခိုအောင်းနိုင်သည့် အသွင်ပြောင်းကျောက် (metamorphic rock)
ကမ္ဘာမြေကြီး အတွင်း ဖိအား၊ အပူချိန်၊ တွန်းအားနှင့် သဘာ၀ တွင်းထွက် ပျော်ရည်များကြောင့် မူလ ကျောက်များ (မီးသင့်ကျောက်၊ အနည်ကျကျောက် နှစ်မျိုးစလုံး) အသွင်ပြောင်းပြီး ဖြစ်လာသောကျောက်ကို ခေါ်ဆိုသည်။ အနည်ကျကျောက်နှင့် မီးသင့်ကျောက်တို့၏ ဂုဏ်သတ္တိများနှင့် မတူပေ။ အနည်ကျကျောက်များ အသွင်ပြောင်းခြင်းက ပိုများသည်။ ဤသို့ပြောင်းလဲရာ၌ ဓာတ်ဖွဲ့စည်းပုံသာမက ကျောက်သား (texture) က အစ ပြောင်းသွားသည်။ ထိုသို့ ရုပ်ပုံသဏ္ဌာန် ပြောင်းလဲမှုနှင့်အတူ ဓာတ်ပြောင်းလွဲမှုများပါ ဖြစ်လာသောကြောင့် အသွင်ပြောင်းကျောက်ဟု ခေါ်ဆိုခြင်း ဖြစ်သည်။
အတွေ့ရများသော အသွင်ပြောင်းကျောက်များ – ၁။ သင်ပုန်းကျောက် (slate) ၂။ ရှစ် (schist) ၃။ နိုက် (လိပ်သဲကျောက်) (gneiss) ၄။ သလင်းကျောက် (quartzite) ၅။ စကျင်ကျောက် (marble)
အသွင်ပြောင်းကျောက်တွင် မြေအောက်ရေအောင်းလွှာ ဖြစ်တည်နိုင်မှု အလွန်နည်းသည်။ သို့သော် အက်ကွဲကြောင်းများ၊ မြေအောက်လိုဏ်ခေါင်းများ ရှိနိုင်သည့် စကျင်ကျောက် (ထုံးကျောက်မှ အသွင်ပြောင်းသောကျောက်) တို့မှ ရေထုတ်ယူရရှိနိုင်သည်။
(ဦးမြင့်သိန်း – မောင်ကျေးရေ၏ မြေအောက်ရေနှင့် စက်ရေတွင်းများ အတွဲ-၂၊ အခြေခံ စက်ရေတွင်းတူး နည်းပညာစာအုပ်မှ ထုတ်နုတ် ဖော်ပြသည်။)
မြေအောက်ရေနှင့် စက်ရေတွင်းများ အတွဲ-၁
အခြေခံ မြေအောက်ရေ နည်းပညာ စာအုပ် မှာယူရန် Click here
မြေအောက်ရေနှင့် စက်ရေတွင်းများ အတွဲ-၂
အခြေခံ စက်ရေတွင်းတူး နည်းပညာစာအုပ် စာအုပ် မှာယူရန် Click here