တစ်ကမ္ဘာလုံး သုံးစွဲနေသော ရေပမာဏ၏ ထက်ဝက်ကျော်ကို မြစ်များ ချောင်းများမှ ရရှိသည်၊ မြစ်အများစုတွင် စီးဆင်းနေသော ရေများသည် မိုးရေများ ဖြစ်ကာ အချို့ မြစ်ရေများသည် မြေအောက် ရေအောင်းလွှာများမှ စီးဝင်လာသော ရေများ ဖြစ်သည်၊ ဆီးနှင်းနှင့် တောင်ထိပ် ရေခဲမြစ်များမှ မြစ်ဖျားခံလာကြသော မြစ်များလည်း ရှိသည်၊ ယင်းမြစ်များ အပေါ် သောက်သုံးရေအတွက် မှီခိုနေရသော လူဦးရေမှာ သန်း ၂၀၀၀ ခန့် (ကမ္ဘာ့ လူဦးရေ၏ လေးပုံ တစ်ပုံခန့်) ရှိသည် (၁)။ ထို့ကြောင့် တောင်ထိပ် ရေခဲမြစ်များသည် ရေဖူလုံရေး၌ အလွန် အရေးပါသည့် ကဏ္ဍတွင် ရှိနေသည်။

တောင်ထိပ် ရေခဲမြစ်များ အားလုံး အရည်ပျော်
ကမ္ဘာပေါ်တွင် တောင်ထိပ် ရေခဲမြစ်ပေါင်း ၂၂၀၀၀၀ ခန့်ရှိရာ ယင်းတို့သည် ကမ္ဘာကြီး ပူနွေးလာမှုကြောင့် အရည်ပျော်လာလျက်ရှိသည့် အပြင် အရည်ပျော်နှုန်းသည် တစ်ချိန်ထက် တစ်ချိန် ပိုမို များပြားလာနေသည်။ ပြီးခဲ့သည့် နှစ်ပေါင်း ၂၀ ခန့်အတွင်း ရိုက်ယူခဲ့သော ဂြိုဟ်တု ဓာတ်ပုံများကို လေ့လာချက် အရ တောင်ထိပ် ရေခဲမြစ် အားလုံး အနည်းနှင့် အများ အရည်ပျော်နေကြရာ ၂၀၁၅ ခုနှစ် နောက်ပိုင်းတွင် တစ်နှစ်လျှင် တောင်ထိပ် ရေခဲ ၃၂၈ ဘီလျံတန်ခန့် အရည်ပျော် ဆုံးရှုံးနေသည်။ ၂၀၁၅ ခုနှစ်နှင့် ၂၀၁၉ ခုနှစ်ကြားတွင် အရည်ပျော်မှု ပမာဏသည် တစ်နှစ်လျှင် ၇၈ ဘီလျံတန် ပိုလာခဲ့သည်။ (၂)

ဟိမဝန္တာ ရေခဲမြစ်များ အရည်ပျော်နှုန်း မြန်ဆန်နေ
တောင်နှင့် မြောက်ဝင်ရိုးစွန်းများ ပြီးလျှင် ရေခဲထုပမာဏ အများဆုံးဖြစ်၍ “တတိယဝင်ရိုးစွန်း” ဟု တင်စား ခေါ်ဝေါ်သော ဟိမဝန္တာ တောင်တန်းများ၏ အပူချိန်တက်မှုသည် ကမ္ဘာ့ပျမ်းမျှထက် ပိုနေသဖြင့် ဟိမဝန္တာ တောင်ထိပ် ရေခဲမြစ်များသည် အလွန် လျင်မြန်စွာ အရည်ပျော် လျော့နည်းလာလျက် ရှိသည်။ ဟိမဝန္တာတောင်ထိပ်များတွင် ရေခဲမြစ်ပေါင်း ၆၀၀၀၀ ခန့်ရှိရာ ၂၀၀၀ ပြည့်နှစ်နှင့် ၂၀၁၉ ခုနှစ်ကြား ရေခဲမြစ် အရည်ပျော်နှုန်းသည် ၁၉၇၅ ခုနှစ်နှင့် ၂၀၀၀ ပြည့်နှစ်ကြားတွင်ထက် နှစ်ဆမျှ ပိုလွန်ခဲ့သည်။ (၃)

ဟိမဝန္တာ ရေခဲမြစ်များသည် နွေအခါ တိုက်ခတ်သော မုတ်သုန်လေကြောင့် ဖြစ်ပေါ်သည်။ မုတ်သုန်လေကြောင့် နွေးသော အရပ်များတွင် မိုးရွာပြီး အေးသော တောင်ထိပ်များပေါ်တွင် ဆီးနှင်းကျရာမှ ရေခဲမြစ်များ ဖြစ်ထွန်းလာသည်၊ ယင်းရေခဲမြစ်များသည် ဆောင်းအကုန် နွေအကူး အပူချိန် တက်လာသောအခါ အရည်ပျော်သည်၊ တဖန် နွေပြန်ရောက်၍ မုတ်သုန်လေ ပြန်တိုက်သောအခါ ဆီးနှင်းနှင့် ရေခဲမြစ်များ ပြန်ဖြစ်ထွန်းသည်။ ကမ္ဘာကြီး သိသာစွာ အပူချိန် မတက်လာမီကာလက အရည်ပျော်လိုက်၊ ရေခဲ ပြန်ဖြစ်လိုက် သံသရာလည်နေခဲ့ပြီး ရေခဲထုထည် မလျော့မတိုး ရှိနေခဲ့ရာမှ အပူချိန် တက်လာသောအခါ ရေခဲ ပြန်ဖြစ်သည်က နည်းပြီး အရည်ပျော်သည်က များသဖြင့် ရေခဲမြစ်များ တဖြည်းဖြည်း လျော့နည်း ပျောက်ကွယ်လာသည်။

ဟိမဝန္တာရေခဲမြစ်အရည်ပျော်ခြင်းနှင့် ဆက်စပ်ပြဿနာများ ဗီဒီယို ရှုစားရန် (ကြာချိန် ၄ မိနစ် ၄၂ စက္ကန့်) Click here
ဟိမဝန္တာ ရေခဲမြစ်များမှ ပျော်ဆင်းလာသော ရေများသည် အာရှတိုက်ရှိ မြစ်ကြီး ဆယ်စင်းထဲသို့ စီးဝင်ကာ အဆိုပါ မြစ်တို့ ဖြတ်သန်း စီးဆင်းသော နိုင်ငံ ၁၆ နိုင်ငံနေ လူသန်းပေါင်း ၁၇၇၀ အတွက် သောက်သုံးရေ ပေးဝေလျက် ရှိသည်။ ယင်းမြစ်များတွင် သံလွင်မြစ်နှင့် ဧရာဝတီမြစ်တို့လည်း ပါဝင်သည်။
မြစ်ဖျားခံရာ ဒေသရှိ ရေခဲမြစ်များ အရည်ပျော်လာနေခြင်းကြောင့် မြစ်ကြီး ဆယ်စင်းမှ ရေရရှိမှု ယခုအချိန်တွင် မထိခိုက်သေးသော်လည်း အရည် ပိုပျော်၍ ရေခဲမြစ် အရေအတွက်နှင့် ထုထည် ပိုနည်းလာသော အခြေအနေကို ကြုံနေရပြီ ဖြစ်သည်။ ဆက်လက်၍ ကမ္ဘာ့အပူချိန်သည် ပိုတက်လာရန်သာ ရှိရာ ရေခဲမြစ်များလည်း ပို၍ အရည်ပျော်လာမည်မှာ သေချာနေသည်။ ရေခဲမြစ် နည်းသထက် နည်းလာသော တစ်ချိန်တွင် မြစ်ရေစီး နည်းလာမည်၊ ထိုအခါ ဆိုင်ရာ မြစ်ဝှမ်းဒေသများတွင် သောက်သုံးရေ အခက်အခဲ ကြီးစွာ ပေါ်ပေါက်မည်။
သံလွင်နှင့်ဧရာဝတီ
၂၀၁၉ ခုနှစ်က ထုတ်ပြန်သော အစီရင်ခံစာတစ်ခုတွင် ဟိမဝန္တာ ရေခဲမြစ် သုံးပုံတစ်ပုံသည် ၂၁၀၀ ပြည့်နှစ် အရောက်တွင် ပျောက်ကွယ်ပြီးသား ဖြစ်မည်ဟု ဆိုထားရာ (၄) သောက်သုံးရေ ဖူလုံရေးအတွက် မြစ်ရေစီးနှင့် ရေခဲမြစ် အရည်ပျော်မှု ဆက်စပ်ပုံကို တိုးမြှင့် လေ့လာပြီး ယင်းပြဿနာကို ရင်ဆိုင် ဖြေရှင်းရန် ပြင်ဆင် ထားသင့်သည်။ အချို့မြစ်များ အကြောင်း လေ့လာချက်များ ရှိသော်လည်း သံလွင်နှင့် ဧရာဝတီ မြစ်ရေစီးများကို ရေခဲမြစ် အရည်ပျော်မှုက မည်သို့ သက်ရောက်နိုင်သနည်း ဆိုသည့် လေ့လာချက်မှာ နည်းပါးသည်။
အစီရင်ခံစာ တစ်ခုတွင် သံလွင်မြစ်၏ တစ်နှစ် ရေစီးသည် ၉၄ ကုဗကီလိုမီတာမှ ၂၆၃ ကုဗ ကီလိုမီတာအတွင်း ရှိသည်။ သံလွင်ရေစီး၏ ဇစ်မြစ်များမှာ ရေခဲမြစ် အရည်ပျော်ရာမှ ၈ ရာခိုင်နှုန်း၊ ဆီးနှင်း အရည်ပျော်ရာမှ ၂၈ ရာခိုင်နှုန်း၊ မြေအောက် ရေအောင်းလွှာများမှ စီးဝင်လာသော ရေ ၂၂ ရာခိုင်နှုန်းနှင့် မိုးရွာသွန်းမှုမှ ၄၂ ရာခိုင်နှုန်းတို့ ဖြစ်သည်ဟု ခန့်မှန်းထားသည် (၅)။ ယင်းကိန်းဂဏန်းတို့မှ သံလွင်မြစ်ဖျားပိုင်း ရေခဲမြစ် အရည်ပျော်မှုနှင့် ဆီးနှင်းကျမှုတို့သည် သံလွင်ရေစီးအပေါ် သက်ရောက်နိုင်ကြောင်း တွေ့နိုင်သည်။
သံလွင်နှင့် ဆက်စပ်သည့် ရေခဲမြစ် အကျယ်အဝန်းမှာ ၁၃၅၂ စတုရန်း ကီလိုမီတာ ရှိသည်၊ အကယ်၍ ဆက်စပ် ရေခဲပြင်များ လုံး၀ ပျောက်ကွယ်သွားလျှင် သံလွင်မြစ် အပေါ်ပိုင်း (တရုတ်နိုင်ငံအပိုင်း) တွင် ရေစီးပမာဏ ၂၆ ရာခိုင်နှုန်းမှ ၃၆ ရာခိုင်နှုန်း အထိ လျော့နည်းမည်ဟု ဆိုသည်။ သံလွင်မြစ် အောက်ပိုင်း (မြန်မာနိုင်ငံ အပိုင်း) တွင်မူ ထိုမျှ မများသော်လည်း အတိုင်းအတာတစ်ခု အထိ နည်းသွားနိုင်သည်ဟု ဖော်ပြထားသည်။
ဧရာဝတီမြစ်ဖျား ရေခဲမြစ်များ အရည်ပျော်မှုကို လေ့လာသော သုတေသန စာတမ်း တစ်စောင် ၂၀၁၈ ခုနှစ်က ထွက်ပေါ်လာခဲ့သည်၊ (၆) “မြန်မာနိုင်ငံ ဧရာဝတီမြစ်ဖျားဒေသ ရေခဲမြစ်များ ၁၉၇၆ ခုနှစ်နှင့် ၂၀၁၅ ခုနှစ်အကြား ပြောင်းလဲမှု”အမည်ရသော ယင်းစာတမ်းသည် ဧရာဝတီ၏ မြစ်လက်တက်များ ဖြစ်ကြသော မေခနှင့် မလိခ မြစ်များ မြစ်ဖျားခံရာ တိဘက်ကုန်းမြင့်ရှိ ရေခဲမြစ်ပေါင်း ၁၃၀ ကို ဂြိုဟ်တုများမှ ၁၉၇၆ ခုနှစ်မှ ၂၀၁၅ ခုနှစ် အတွင်း ပေးပို့သော ဓာတ်ပုံများကို အခြေခံ၍ ပြုစုခဲ့ခြင်း ဖြစ်သည်။ ၃၉ နှစ်ကြာ ယင်းကာလအတွင်း အဆိုပါ ရေခဲမြစ်များ၏ ဧရိယာသည် ၅၅ ရာခိုင်နှုန်းခန့်၊ ဒြပ်ထုနှင့် ထုထည်သည် ၆၀ ရာခိုင်နှုန်းခန့် လျော့နည်းသွားကြောင်း၊ ရေခဲမြစ် လျော့နည်း ပျောက်ကွယ်မှု အများဆုံးသည် ၂၀၀၂ ခုနှစ် နှင့် ၂၀၁၅ ခုနှစ်အတွင်း ဖြစ်ပေါ်ခဲ့ကြောင်း၊ ဧရာဝတီမြစ်ဖျား ဒေသတွင် ရေခဲထု တစ်ကုဗကီလိုမီတာခန့် ကျန်နေသေးကြောင်း အဆိုပါ ပညာရှင်များက ဖော်ပြသည်။ ဂြိုဟ်တုဓာတ်ပုံများကိုသာ လေ့လာခဲ့ရပြီး ကွင်းဆင်းတိုင်းတာခြင်း မလုပ်နိုင်သဖြင့် အထက်ပါ ကိန်းဂဏန်းများတွင် မတိကျမှု၊ အနည်းငယ် လွဲချော်မှုများ ရှိနိုင်သည်ဟု သူတို့က ဝန်ခံထားသည်။
မည်သို့ဆိုစေ၊ တစ်ကမ္ဘာလုံးရှိ တောင်ထိပ် ရေခဲမြစ်များ အရည်ပျော်နေခြင်း၊ ဟိမဝန္တာဒေသတွင် အပူချိန် ပိုတက်လာသောကြောင့် ရေခဲမြစ် အရည်ပျော်မှု မြန်ဆန်နေခြင်းတို့ကြောင့် ဧရာဝတီ မြစ်ဖျားဒေသ ရေခဲမြစ်များသည်လည်း လျင်မြန်စွာ အရည်ပျော်နေသည်ဟု ယေဘုယျ ယူဆနိုင်သည်။
မြစ်ဖျားဒေသ ရေခဲမြစ်များ အရည်ပျော်ခြင်းသည် ဧရာဝတီမြစ်ရေကို မှီခို အားထားနေရသော ဒေသများအား မည်သို့ ထိခိုက်နိုင်သနည်း။ ယင်းမေးခွန်း၏ အဖြေကို သိလိုလျှင် မြစ်ဖျားဒေသမှ ဧရာဝတီမြစ်သို့ စီးဝင်သော ရေထုထည်သည် မြစ်တစ်စင်းလုံး ရေထုထည်၏ ရာခိုင်နှုန်း မည်မျှ ရှိသည်ကို သိရမည်။
၂၀၁၇ ခုနှစ်က ထုတ်ပြန်ခဲ့သော ဧရာဝတီမြစ်ဝှမ်း လေ့လာချက်အရ (၇) ဧရာဝတီ ရေဝေဒေသကို ဒေသငယ် ၁၂ ခုခွဲ၍ လေ့လာပြီး ရေဝေဒေသငယ် တစ်ခုစီမှ စီးဝင်သော ရေများသည် မြစ်တစ်စင်းလုံး၏ ရာခိုင်နှုန်း မည်မျှ ရှိသည်ကို အောက်ပါဇယားဖြင့် ဖော်ပြခဲ့သည်။
ရေဝေဒေသငယ် | ဧရာဝတီမြစ်ထဲ စီးဝင်သောရေ (ရာခိုင်နှုန်း) |
မလိခ | ၂၇ |
မေခ | ၁၅ |
ဧရာဝတီ(အထက်ပိုင်း) | ၉ |
မူး | ၂ |
ရွှေလီ | ၈ |
ဧရာဝတီ(အလယ်ပိုင်း) | ၂ |
မြစ်ငယ် | ၆ |
မဏိပူ | ၈ |
ချင်းတွင်း(အထက်) | ၁၂ |
ချင်းတွင်း(အောက်) | ၄ |
ပန်းလောင် | ၂ |
ဧရာဝတီ(အောက်ပိုင်း) | ၄ |
စုစုပေါင်း | ၁၀၀ |
ဇယားကို လေ့လာလျှင် မေခနှင့် မလိခ ရေဝေဒေသငယ် နှစ်ခုပေါင်းမှ စီးဝင်သော ရေသည် မြစ်တလျှောက်လုံး ရေ၏ ၄၂ ရာခိုင်နှုန်း ရှိကြောင်း တွေ့ရသည်၊ ယင်းပမာဏသည် ဧရာဝတီ၏ အကြီးဆုံး လက်တက်ဖြစ်သော ချင်းတွင်း ရေဝေဒေသငယ် (မဏိပူ၊ ချင်းတွင်းအထက်နှင့် ချင်းတွင်းအောက် သုံးခုပေါင်း) ထက် ၁ . ၇၅ ဆမျှ ပိုမို များပြားနေသည်။
လက်တွေ့တွင်လည်း နှစ်တစ်နှစ်၏ မတ်လနှင့် ဧပြီလများတွင် အရည်ပျော် ရေခဲရေများကြောင့် ကချင်ပြည်နယ်တွင် ဧရာဝတီမြစ်ရေ တိုးလာသည့်အပြင် ယင်းဖြစ်စဉ်သည် ဧရာဝတီတိုင်း ဇလွန်အထိ ရောက်ရှိကြောင်း သိရသည်။
မေခနှင့် မလိခမြစ်များ၌ စီးနေသော ရေများတွင် ရေခဲမြစ် အရည်ပျော်ရေ အပြင် ဆီးနှင်း အရည်ပျော်ရေ၊ မြေအောက်မှ စိမ့်ထွက်လာသော ရေနှင့် မိုးရေတို့ ပါဝင်မည် ဖြစ်သော်လည်း မည်သည့်ရေက အချိုးမည်မျှ ပါဝင်ကြောင်း မသိရချေ။ သို့သော် သုတေသန တစ်ခုအရ အရှေ့ဟိမဝန္တာ မြစ်များသည် နွေကာလ၌ ယေဘုယျအားဖြင့် မုတ်သုန်မိုးမှ ၈၀ ရာခိုင်နှုန်း၊ ရေခဲမြစ်များမှ ၂၀ ရာခိုင်နှုန်းခန့် ရရှိကြသည်ဟု ဆိုသည်။ ယင်းကိန်းကို ထောက်၍ ဆီးနှင်းနှင့် ရေခဲပျော်ရေများသည် ဧရာဝတီ မြစ်ဖျားပိုင်း ရေစီး၏ ၂၀ ရာခိုင်နှုန်းနှင့် ညီမျှသည်ဟု ယူဆနိုင်သည်၊ မြစ်တစ်စင်းလုံး အတွက်ဆိုလျှင် ၈ ရာခိုင်နှုန်းကျော်မျှ ဖြစ်သည်။ ဆီးနှင်းနှင့် ရေခဲပျော်ရေများ ဖြည်းဖြည်းချင်း လျော့နည်းလာနေခြင်းသည် ဧရာဝတီ အထက်ပိုင်း ဒေသများအပေါ် သက်ရောက်မှု များပြားကာ မြစ်အောက်ပိုင်းတွင်လည်း အနည်းငယ် ထိခိုက်မည်။
အရည်ပျော်လွယ်
ဧရာဝတီ မြစ်ဖျားခံရာ ရေခဲမြစ်များသည် အရွယ်အစားအားဖြင့် သေးငယ်ကြသဖြင့် ပို၍ အရည်ပျော်လွယ်ခြင်းကလည်း ပို၍ စိုးရိမ်စရာ ဖြစ်သည်။ အိန္ဒိယပညာရှင် အချို့က ဟိမဝန္တာ၏ အစိတ်အပိုင်း တစ်ခု ဖြစ်သော ချန်ဒရာဒေသ ရေခဲမြစ်များကို လေ့လာရာတွင် ရေခဲမြစ်ပေါင်း ၁၄၆ စင်း၏ ၁၉၈၄ ခုနှစ်နှင့် ၂၀၁၂ ခုနှစ်ကြား ပျမ်းမျှ အရည်ပျော်နှုန်းသည် ၁၉ ရာခိုင်နှုန်း ရှိသော်လည်း အနိမ့်ပိုင်းရှိ အငယ်စား ရေခဲမြစ်များသည်မူ ၆၇ ရာခိုင်နှုန်းခန့် အရည်ပျော် ဆုံးရှုံးခဲ့သည်ဟု ဆိုသည် (၈)။ အလားတူ ဆွစ်ဇာလန်နိုင်ငံရှိ ရေခဲမြစ်ငယ်များ၏ ၅၂ ရာခိုင်နှုန်းသည် လာမည့် ၂၅ နှစ်အတွင်း လုံး၀ အရည်ပျော် ပျောက်ကွယ်သွားမည်ဟု ခန့်မှန်းထားသည် (၉)။
ရေခဲမြစ်များ အရည်ပျော်ရခြင်း၏ အကြောင်းရင်းသည် လေထု အပူချိန် တက်လာခြင်းကြောင့် ဖြစ်သည်။ ရန်ကုန် နည်းပညာ တက္ကသိုလ်မှ ပညာရှင်သုံးဦးတို့ သုတေသနပြုထားသော စာတမ်း (၁၀) တွင် “ဧရာဝတီ မြစ်ဝှမ်း အထက်ပိုင်း ဒေသတွင် နွေမိုးဆောင်း ရာသီ သုံးပါးစလုံးတွင် အပူချိန် မြင့်တက်လာမည်၊ မိုးရာသီနှင့် ဆောင်းရာသီများတွင် မိုးရွာသွန်းမှု ပမာဏ ပိုမိုလာနိုင်ပြီး နွေရာသီတွင် မိုးရွာသွန်းမှု ပမာဏ လျော့နည်းသွားမည်” ဟု ခန့်မှန်းထားသည်။ နွေရာသီတွင် မိုးရွာသွန်းမှု ပမာဏ လျော့နည်းသွားနိုင်ခြင်း၊ နွေဦး၌ ရေခဲပျော်ရေ နည်းသွားနိုင်ခြင်းတို့သည် ဧရာဝတီ အထက်ပိုင်း ဒေသ၏ ရေဖူလုံရေးအတွက် စိုးရိမ်ဖွယ်ရာများ ဖြစ်ကြသည်။
အချုပ်ဆိုရလျှင် –
၁ – ကမ္ဘာ့တောင်ထိပ် ရေခဲမြစ်များ အားလုံး အရည်ပျော်နေခြင်း
၂ – ဟိမဝန္တာ တောင်တန်းများပေါ်တွင် အပူချိန်တက်မှုသည် ကမ္ဘာ့ပျမ်းမျှထက် ပိုနေခြင်း
၃ – ဟိမဝန္တာ ရေခဲမြစ်များ၏ အရည်ပျော်နှုန်းသည် ယခင် ရာစုနှစ်ကထက် ပိုမို မြန်ဆန်နေခြင်း
၄ – ဧရာဝတီ မြစ်ဖျားခံသည့် ရေခဲမြစ်များသည် အရည်ပျော်လွယ်သည့် အရွယ်အစား ဖြစ်ခြင်း
၅ – ဧရာဝတီ အထက်ပိုင်း၌ ရာသီသုံးပါး စလုံးတွင် အပူချိန် မြင့်မားပြီး နွေအခါ မိုးနည်းမည် ဖြစ်ခြင်း
အထက်ပါ အကြောင်းများကြောင့် ဧရာဝတီမြစ်တွင်းသို့ စီးဝင်နေသော ရေခဲမြစ်ပျော်ရေများ တစ်ချိန်တွင် လျော့နည်းလာကာ အထူးသဖြင့် မြစ်အထက်ပိုင်းဒေသများ၏ သောက်သုံးရေ ရရှိမှုကို သက်ရောက် ထိခိုက်လာရန် အလားအလာ အလွန်မြင့်မားသည်ဟု သုံးသပ်ပါသည်။
ထို့ကြောင့် ယင်းဖြစ်စဉ်အပေါ် အသေးစိတ် လေ့လာပြီး ဧရာဝတီမြစ်ရေအပေါ် အတော်များများ သို့မဟုတ် လုံးလုံးမှီခိုနေရသော အထက်ပိုင်း မြို့ရွာများသည် အခြားသော ရေအရင်းအမြစ်များမှလည်း ရယူနိုင်ရန် ကြိုတင် ပြင်ဆင်သင့်ကြောင်း အကြံပြု တင်ပြပါသည်။
Keywords ရေခဲမြစ်အရည်ပျော်ခြင်း ဧရာဝတီ သံလွင်
ဆက်စပ်လေ့လာရန်
ဟိန္ဒူကွတ်ရှ်ဟိမဝန္တာရေခဲပြင် အရည်ပျော်မှု
ဟိန္ဒူကွတ်ရှ်-ဟိမဝန္တာဒေသရေခဲမြစ်များလျော့နည်းတိုဝင်လာခြင်း
ရည်ညွှန်း –
၁ – Mountain glaciers may hold less ice than previously thought – here’s what that means for 2 billion downstream water users and sea level rise (https://theconversation.com)
၂ – Satellites show world’s glaciers melting faster than ever (https://apnews.com)
၃ – Himalayan Glaciers Melting Twice As Fast Since 2000: Study (https://www.ndtv.com)
၄ – The Hindu Kush Himalaya Assessment – Mountains, Climate Change, Sustainability and People
(Editors – Philippus WesterArabinda MishraAditi MukherjiArun Bhakta Shrestha) ၅ – Salween River Basin (https://wle-mekong.cgiar.org)
၆ – Glacier Changes between 1976 and 2015 in the Source Area of the Ayeyarwady (Irrawaddy) River, Myanmar (Linda Taft and Laila Kühle) (https://www.researchgate.net)
၇ – The Ayeyarwady State of the Basin Assessment (SOBA) 2017: Synthesis Report (https://themimu.info)
၈ – Smaller Himalayan glaciers more sensitive to climate change (https://www.downtoearth.org.in)
၉ – Sensitivity of Very Small Glaciers in the Swiss Alps to Future Climate Change (https://www.frontiersin.org)
၁၀ – ကမ္ဘာ့ ရာသီဥတု မော်ဒယ်များကို အသုံးပြု၍ ဧရာဝတီမြစ်ဝှမ်း အထက်ပိုင်း ဒေသ၏ အနာဂတ် ရာသီဥတု ပြောင်းလဲမှုအား ခန့်မှန်းခြင်း (ဟန်သီဦး၊ ဝင်းဝင်းဇင်၊ ချိုချိုသင်းကြည်၊ မြို့ပြ အင်ဂျင်နီယာဌာန၊ ရန်ကုန် နည်းပညာ တက္ကသိုလ်) (https://www.kyawoo.com)