ပြန့်ကား ကြီးထွားလာနေသော မြို့ကြီးများနှင့်အတူ စိန်ခေါ်မှုများကလည်း လိုက်ပါ ကြီးမားလာနေသည်၊ ၂၀၅၀ ပြည့်နှစ်တွင် မြို့ပြ လူဦးရေသည် ယခုထက် နှစ်ဆများလာမည်၊ လက်ရှိတွင် မြို့ပြများ၏ ရေအသုံးသည် ကမ္ဘာ့စုစုပေါင်း ရေအသုံး၏ ၁၅ ရာခိုင်နှုန်းမှ ၂၀ ရာခိုင်နှုန်းကြား ရှိနေရာမှ ၂၀၅၀ ပြည့်နှစ်တွင် ၃၀ ရာခိုင်နှုန်းအထိ ရောက်လာမည်ဟု ခန့်မှန်းကြသည်။
ရေလိုအပ်ချက် များပြားလာခြင်းနှင့်အတူ စွန့်ပစ်ရေ ပမာဏနှင့် ရေညစ်ညမ်းမှုတို့သည်လည်း သဘာဝကျစွာ ကြီးထွားလာမည်။ ရေမဖူလုံမှု၊ ရှိသည့်ရေ ညစ်ညမ်းမှု ပြဿနာကို ကမ္ဘာမြို့ကြီးတိုင်း ရင်ဆိုင်ရမည် ဖြစ်သော်လည်း ဖွံ့ဖြိုးဆဲနှင့် ဝင်ငွေနည်း နိုင်ငံများရှိ မြို့ကြီးများအား စိန်ခေါ်ချက်သည် ပို၍ များသည်။
ယင်းကို ရင်ဆိုင်ရန် နည်းလမ်းများစွာ ရှိသည့်အနက် စွန့်ပစ်ရေများကို စီးပွားရေး အခွင့်အလမ်းတစ်ခု အဖြစ် ပြောင်းလဲပစ်ကြပါဟု ကမ္ဘာ့ဘဏ်က နှိုးဆော် အားပေးနေသည်၊ အခြေအနေနှင့် လိုက်လျော ညီထွေစွာ ခေတ်စား ကျယ်ပြန့်လာသော ပတ်လည် စီးပွားရေးပုံစံ (Circular Economy) ကို ရေကဏ္ဍ၌ ကျင့်သုံးခြင်း ဖြစ်သည်။
ပတ်လည် စီးပွားရေး ပုံစံ (Circular Economy) ဆိုသည်မှာ အဝတ်ဟောင်း သံတိုသံစ သက်တမ်းကုန် လျှပ်စစ် အသုံးအဆောင် စသည်တို့အား မစွန့်ပစ်ဘဲ တစ်နည်းနည်းဖြင့် ပြုပြင်၍ ပြန်လည် အသုံးချသော စီးပွားရေးပုံစံကို ခေါ်သည်။ ၁-ထုတ်လုပ်၊ ၂-အသုံးပြု၊ ၃-ပြန်လည် ပြုပြင် ထုတ်လုပ်၊ ၄-ပြန်အသုံးချတည်း ဟူသော အဆင့် လေးဆင့်သည် အဖန်ဖန် ပတ်လည်လှည့်နေခြင်းဖြင့် သဘာဝပတ်ဝန်းကျင်ကို ကာကွယ်ရုံသာ မဟုတ်၊ အရင်းအမြစ်များကို အကျိုးရှိရှိ အသုံးချခြင်း၊ အလုပ်အကိုင် အခွင့်အလမ်းများ ပေါ်ထွက်လာခြင်းစသည့် ကျေးဇူးများကိုလည်း ရရှိသည်။
ပတ်လည် စီးပွားရေး ပုံစံသည် မြန်မာ အပါအဝင် ဝင်ငွေနည်း နိုင်ငံများတွင် သူ့နည်း သူ့ဟန်ဖြင့် ပေါ်ပေါက်နေခဲ့သည်မှာ ကြာခဲ့ပြီ ဖြစ်သော်လည်း စနစ်ကျ၍ ပိုအကျိုးရှိသော ပုံစံဖြင့် အကောင်အထည် ဖော်ရန် ကမ္ဘာ့ဘဏ်မှ ဆော်သြနေရာ အချို့နိုင်ငံများက ရေကဏ္ဍတွင်လည်း လိုက်ပါ လုပ်ဆောင်ရင်း စီးပွားရေး အခွင့်အလမ်း အသစ်များကို ဖော်ဆောင်နေသည်။

ရေကဏ္ဍ၌ ပတ်လည် စီးပွားရေး ပုံစံကို ကျင့်သုံးခြင်းဖြင့် စိုက်ပျိုးရေးနှင့် စက်မှုလုပ်ငန်းသုံး ရေများကို ကုန်ကျစရိတ် နည်းနည်းဖြင့် ရရှိသည်၊ စွမ်းအင် အရင်းအမြစ်နှင့် အချို့ ဘေးထွက် ပစ္စည်းများလည်း ပေါ်ထွက်လာသည်။ သာဓကများ အဖြစ် အာဖရိကတိုက် ဆီနီဂေါနိုင်ငံ၏ မြို့တော် ဒါကာ(Dakar)နှင့် အိန္ဒိယနိုင်ငံ ချင်းနိုင်မြို့တို့ကို လေ့လာနိုင်သည်။
တစ်နှစ်လျှင် ၂ . ၅ ရာခိုင်နှုန်းဖြင့် တိုးလာခဲ့သော ဆီနီဂေါနိုင်ငံ ဒါကာမြို့တော်၏ လူဦးရေသည် ယခုအခါ နှစ်သန်းခွဲမျှ ရှိနေသည်၊ များပြားလာနေသော လူဦးရေအတွက် ရေပေးရေးနှင့် အညစ်အကြေးစွန့် စနစ်တို့ကို အမီလိုက်၍ မဆောက်နိုင်ချေ။ ယင်းပြဿနာကို ဖြေရှင်းရန် ဆီနီဂေါ မိလ္လာစနစ်ကုမ္ပဏီ (The National Sewerage Company) သည် ပုဂ္ဂလိက လုပ်ငန်းရှင်များနှင့် ပူးပေါင်းပြီး မိလ္လာ ရေဆိုးအနည်အနှစ်များမှ မြေသြဇာ၊ လျှပ်စစ်၊ သုံးရေ၊ အုတ်ခဲ စသည့် အသုံးဝင်ပစ္စည်းများကို ပြန်လည် ထုတ်ယူသည်၊ သန့်စင်ပြီး ရေဆိုးများကို မြို့တော်ဝန်းကျင်ရှိ စိုက်ခင်းများသို့ ရောင်းချသည်၊ မိလ္လာအနှစ်များမှ ဇီဝဓာတ်ငွေ့များ ထုတ်ယူ၍ ရေသန့်စင်စက်ရုံများသို့ လျှပ်စစ်ဓာတ် ပြန်ပေးသည်၊ ယခုအခါ တစ်ရက်လျှင် ရေဆိုး ကုဗမီတာ ၁၉၀၀၀ သန့်စင် ထုတ်လုပ်နေရာမှ ၉၂၀၀၀ ကုဗမီတာ အထိ တိုးတက် ထုတ်လုပ်ရန် ရာထားသည်။ ဇီဝဓာတ်ငွေ့ဖြင့် စွမ်းအင် ထုတ်လုပ် အသုံးချနိုင်သဖြင့် စွမ်းအင် ကုန်ကျစရိတ် ၂၈ ရာခိုင်နှုန်း သက်သာသည်။ ဒါကာ ရေဆိုးသန့်စင်လုပ်ငန်း၏ စွမ်းဆောင်ရည် ကောင်းမွန်မှုကြောင့် ဘီလ်ဂိတ် တည်ထောင်သော ဂိတ်ဖောင်ဒေးရှင်း (Gates Foundation) ၏ စိတ်ဝင်စား အားပေးမှု အကူအညီကို ရရှိနေသည်။
ဒါကာနည်းတူ ချင်းနိုင် ရေပေးရေးနှင့် မိလ္လာစနစ်အဖွဲ့ (Chennai Metropolitan Water Supply and Sewerage Board) သည် ၂၀၀၅ ခုနှစ်ကတည်းက စွန့်ပစ်ရေများကို ပြန်လည် သန့်စင်ပြီး ရောင်းချနေခဲ့သည်၊ ချင်းနိုင် မြို့ပြဧရိယာသည် အိန္ဒိယနိုင်ငံတွင် စွန့်ပစ်ရေ အားလုံးကို စုစည်း သယ်ယူ သန့်စင်နိုင်သည့် ပထမဆုံး မြို့ပြတစ်ခု ဖြစ်သည်၊ ရေဆိုးပိုက်လိုင်း အရှည် ကီလိုမီတာ ၃၀၀၀၊ ရေဆိုးသန့်စင်ရေး စက်ရုံ ၁၂ ခုတို့သည် တစ်ရက်လျှင် ရေဆိုးပမာဏ လီတာ ၇၂၇ သန်းကို သယ်ယူသန့်စင်ပေးနိုင်သည်။ ယင်းသို့ သန့်စင်ပြီးရေ ရောင်းချရာမှ ရသောငွေသည် ငါးနှစ်အတွင်း ရေသန့်စင်စနစ် လည်ပတ် ထိန်းသိမ်းစရိတ်ကို ကာမိသည်၊ သန့်စင်ပြီး ရေဆိုး ရောင်းဈေးမှာ ၁ ကီလို လီတာလျှင် ၂၀ . ၂၅ ရူပီး ဖြစ်သည်။ ယခုအခါ စွန့်ပစ်ရေဆိုး စုစုပေါင်း၏ ၁၀ ရာခိုင်နှုန်းကို ပြန်လည် သန့်စင် အသုံးချနေပြီး ၇၅ ရာခိုင်နှုန်းအထိ တိုးတက် အသုံးချရန် ရာထားသည်၊ မိလ္လာအနှစ်များကို မြေသြဇာအဖြစ် ပြောင်းလဲကာ တစ်တန်လျှင် ၇၁ . ၅ ရူပီးနှုန်းဖြင့် စိုက်ပျိုးရေး လုပ်ငန်းရှင်များအား ရောင်းချသည်၊ မိလ္လာအနှစ်များမှ ဇီဝဓာတ်ငွေ့ ထုတ်ယူနိုင်သဖြင့် စွမ်းအင်အတွက် ကုန်ကျစရိတ် ထက်ဝက် သက်သာသွားသည်။
ချင်းနိုင် ရေပေးရေးနှင့် မိလ္လာစနစ်အဖွဲ့အပြင် စီးပွားရေး လုပ်ငန်းများကလည်း ရေဆိုး သန့်စင်အသုံးချရေး လုပ်ငန်းတွင် ပါဝင်နေကြသည်၊ ချင်းနိုင် ရေနံကော်ပိုရေးရှင်းသည် ၂၀၀၁ ခုနှစ်နှင့် ၂၀၀၄ ခုနှစ်အတွင်းက တစ်ရက်လျှင် ရေသယ်ကား စီးရေ ၅၀၀ တို့ဖြင့် ရေဝယ်သုံးနေခဲ့ရသည်၊ ၂၀၀၅ ခုနှစ်တွင် သန့်စင်ပြီး ရေဆိုးများကို တစ်ရက်လျှင် လီတာ ၂၄ သန်း ဝယ်ယူ အသုံးပြုနိုင်ခဲ့သဖြင့် ရေဖိုးများစွာ သက်သာသွားခဲ့သည်၊ ချင်းနိုင် ရေနံကော်ပိုရေးရှင်း၏ လုပ်ဆောင်ချက်ကြောင့် ရေဖိုး လျော့ကျသွားသည်ကို နမူနာယူ၍ မဒရပ်စ် ဓာတ်မြေသြဇာ ကုမ္ပဏီနှင့် မနာလီ ရေနံဓာတု လီမီတက်တို့ကလည်း ရေဆိုးသန့်စင်ရေး စက်ရုံများကို ဆောက်ကာ ရေဆိုးများကို ပြန်လည် သန့်စင်အသုံးချကြသည်။
ရေကဏ္ဍ အပါအဝင် နယ်ပယ် အသီးသီး၌ ပတ်လည်စီးပွားရေး ပုံစံဖြင့် သဘာဝ ပတ်ဝန်းကျင်ကို ထိန်းသိမ်း၊ ရနိုင်သမျှ အရင်းအမြစ်များကို ပြန်လည်အသုံးချ၊ ဝင်ငွေလည်း တစ်ဖက်တစ်လမ်း ရအောင် လုပ်ဆောင်နေကြရာတွင် ရှေ့မှ ဦးဆောင်နေသည့် မြို့နှင့် ဒေသများမှာ နယ်သာလန် နိုင်ငံ အမ်စတာဒမ်၊ ဂျပန်နိုင်ငံ ကီတာကျူးရှူးမြို့၊ ယူကေ လန်ဒန်မြို့၊ ပြင်သစ် ပါရီနှင့် ဘယ်လ်ဂျီယမ်နိုင်ငံ ဖလန်းဒါးတို့ ဖြစ်ကြသည်။