
ကမ္ဘောဒီးယားနိုင်ငံ ဖနွမ်းပင်မြို့တော်၏ လူဦးရေသည် ၁၉၉၃ ခုနှစ်က တစ်သန်းရှိခဲ့ရာမှ ၂၀၁၉ ခုနှစ်တွင် ၂ . ၁ သန်းအထိ များပြားလာခဲ့သည်၊ နိုင်ငံ့လူဦးရေ၏ ၁၄ ရာခိုင်နှုန်းနှင့် ညီမျှသည်။ ဖနွမ်းပင် လူဦးရေ တိုးတက်နှုန်းသည် ၃ . ၂ ရာခိုင်နှုန်း ဖြစ်ရာ နိုင်ငံပျမ်းမျှထက် သုံးဆ များပြားသည်၊ မြို့တော်၏ ဧရိယာသည်လည်း လွန်ခဲ့သော နှစ်ပေါင်း ၃၀ ခန့်ကထက် နှစ်ဆခန့် ကျယ်ပြန့်လာခဲ့သည်။
ဖနွမ်းပင် ရေပေးရေး အာဏာပိုင်အဖွဲ့ကို ၁၉၆၀ ပြည့်နှစ်တွင် စတင် တည်ထောင်ခဲ့သည်၊ ကမ္ဘောဒီးယား ပြည်တွင်း အခြေအနေများနှင့်အတူ ယင်းအဖွဲ့၏ ကနဦး အခြေအနေသည် စိတ်ပျက်ဖွယ်ရာများနှင့် ကြုံခဲ့ရသည်။ ၁၉၇၅ ခုနှစ်က ရေပိုက်လိုင်း အရှည် ၂၈၈ ကီလိုမီတာဖြင့် သောက်သုံးရေ တစ်ရက်လျှင် ၁၅၀၀၀၀ ကုဗမီတာကို ပေးနိုင်ခဲ့သော်လည်း ၁၉၇၅ နှင့် ၁၉၇၉ ခုနှစ်အကြား ခမာနီတို့ ကြီးစိုးချိန်တွင် ရေပေးစနစ်၏ အစိတ်အပိုင်း အများအပြား ပျက်စီးပြီး ဝန်ထမ်း အတော်များများလည်း အသတ်ခံခဲ့ရသည်။
ခမာနီတို့လက်မှ လွတ်မြောက်ပြီးချိန်တွင် သက်တမ်းကြာ ပိုက်လိုင်းများဖြင့် မြို့တော်လူဦးရေ၏ ၂၀ ရာခိုင်နှုန်းခန့် အတွက်သာ သောက်သုံးရေ ၆၅၀၀၀ ကုဗမီတာ ပေးနိုင်သည်။ လျှပ်စစ်မီး မမှန်၊ ကျွမ်းကျင် ဝန်ထမ်း ရှားပါးသဖြင့် တစ်ရက် နာရီ အနည်းငယ်မျှသာ ပေးသည်၊ ရေသန့်စင်ဆေးရည်များ မလုံလောက်၍ အနည်အနှစ်များ ရေနှောနေသည့်အပြင် လာသောရေက အားနည်းသည်။ ပိုက်ရေကို လုံလောက်စွာ မရနိုင်သော မြို့သားတို့သည် မြစ်ရေကို အားကိုးကြရသည်။ မြစ်ရေကို ဝေးလံသော အရပ်များသို့ ပင်ပန်းစွာ သယ်ကြရသည်။
အချင်းချင်းတိုက်ခိုက်နေကြသော အဖွဲ့များကြား ၁၉၉၁ ခုနှစ်က ရန်မီးများ ပြေငြိမ်းကြပြီးနောက် ၁၉၉၃ ခုနှစ်တွင် ကမ္ဘောဒီးယားနိုင်ငံ၌ ရွေးကောက်ပွဲကျင်းပခြင်းဖြင့် ခေတ်သစ်တစ်ခုကို စတင် ထူထောင်ခဲ့သည်။ ဖနွမ်းပင် ရေပေးရေး အာဏာပိုင်အဖွဲ့တွင် Ek Sonn Chan ဆိုသူ ညွှန်ကြားရေးမှူးချူပ် ဖြစ်လာပြီးနောက် အပြောင်းအလဲများ စတင်လာသည်။
သူ စတင် တာဝန်ထမ်းဆောင်ချိန်၌ ဖနွမ်းပင် ရေပေးရေး အာဏာပိုင်အဖွဲ့သည် မြို့နေလူဦးရေ၏ ၂၅ ရာခိုင်နှုန်းကိုသာ ရေပေးနိုင်ခဲ့သည်၊ ပေးဝေသော ရေပမာဏ နည်းရသည့်အထဲ ရေဖိုး တောင်းခံရာတွင် စနစ်မကျသည့်အပြင် ရေခိုးသွယ်မှု များလွန်းသဖြင့် ပြန်ရသော ရေဖိုးရေခက နည်းလွန်းနေသည့် အဖြစ်နှင့် ရင်ဆိုင်ရသည်၊ စစ်တမ်း တစ်ခုအရ ၁၉၉၄ ခုနှစ်တွင် အိမ်ထောင်စု ၁၃၀၀၀ တို့သည် ရေယူနေသော်လည်း ရေဖိုး တောင်းခံလွှာ မရ၊ အစိုးရအရာရှိကြီးအချို့အပါအဝင် တောင်းခံလွှာရသော အိမ်အများအပြားက ရေဖိုး မပေး၊ အိမ်အချို့တွင်မူ ရေမရသော်လည်း ရေဖိုးတောင်းခံလွှာက အချိန်မှန် ရောက်လာနေကြောင်း တွေ့ရသည်။
ဝန်ထမ်းများသည် လစာနည်းပါးမှုကို အကြောင်းပြ၍ ရေခိုးသွယ်သူများနှင့် ပေါင်းကာ လာဘ်စားကြသည်၊ ဖနွမ်းပင် ရေပေးရေး အာဏာပိုင်အဖွဲ့၏ ဝန်ထမ်းများကို ရေအခမဲ့ပေးဝေရာ ဝန်ထမ်း အတော်များများသည် မိမိတို့ရသင့်သည်ထက် ရေပိုယူကာ အိမ်နီးချင်းများသို့ ပြန်ရောင်းစားသည်။
အထက်ပါ အားနည်းချက်များအပြင် ဟောင်းနွမ်း ပေါက်ပြဲသော ရေပိုက်များမှ လေလွင့်ဆုံးရှုံးခြင်း များပြားလှသဖြင့် ဖနွမ်းပင် ရေပေးရေး အာဏာပိုင်အဖွဲ့သည် ပေးဝေသောရေများအတွက် ကုန်ကျစရိတ်၏ ၇၂ ရာခိုင်နှုန်းကို ပြန်မရဘဲ အရှုံးခံပေးဝေနေခဲ့ရသည်။
ညွှန်ကြားရေးမှူးချုပ် Ek Sonn Chan သည် ဌာနတွင်း ပြုပြင်ပြောင်းလဲမှုများကို စတင် လုပ်ဆောင်သည်။ ဌာနရှိ မန်နေဂျာများအား စွမ်းရည်မြှင့် သင်တန်းများ ပို့ချသည်၊ မန်နေဂျာများအား လက်အောက် ဝန်ထမ်းများက စံထားနိုင်ရသည့် အရည်အချင်းမျိုး ရလာသည်အထိ ပျိုးထောင်ပေးသည်၊ လစာနှင့် ခံစားခွင့်များကို တတ်စွမ်းသမျှ တိုးမြှင့်ပေးသည်၊ ယင်းသို့ စည်းရုံး ပျိုးထောင်ပေးနေသည့်ကြားက ဆက်လက် အကျင့်ပျက်နေသော ဝန်ထမ်းများကို ထုတ်ပယ်သည်အထိ အရေးယူသည်။
ဝန်ဆောင်မှု ကောင်းကောင်း ရလိုလျှင် ရေဖိုး မှန်မှန်ပေးရမည်ဟု ရေသုံးစွဲသူများအား စည်းရုံးသည်၊ ရေခိုးသွယ်သူများကို တိကျစွာ အရေးယူသည်၊ ၂၀၀၀ ပြည့်နှစ်က အိမ်တိုင်းစေ့ ရေမီတာများ တပ်ဆင်နိုင်ခဲ့သည်၊ ယင်းသို့ လုပ်ဆောင်သဖြင့် ဌာနဝင်ငွေ ဖြည်းဖြည်းချင်း တိုးတက်လာသောအခါ ၂၄ နာရီ ရေပိုက်ပြင် အဖွဲ့ကို ခန့်ထားပြီး ရေပိုက်ပျက်ကြောင်း သိသိချင်း ပြင်ပေးသည်။ လဲသင့်သော ပိုက်များကို လဲသည်၊ ရေဖိုးရေခများကို ရအောင် တောင်းခံသည်။ ကွန်ပျူတာစနစ် သုံးကာ ရေအလေအလွင့် လျှော့ချရေးနှင့် ရေဖိုးကောက်ခံစနစ်ကို ခေတ်မီအောင် လုပ်သည်။ ရေပေးရေးဇုန် ၂၄ ခုခွဲကာ ဇုန်တစ်ခုချင်းစီတွင် ရေအလေအလွင့် နည်းနိုင်သမျှ နည်းအောင် ထိန်းသိမ်းခြင်း၊ ရေဖိုး များနိုင်သမျှများများ ရအောင် ကောက်ခံခြင်းတို့တွင် မီတာဖတ် ဝန်ထမ်းများကို အခြေခံကာ ဆုပေးဒဏ်ပေးစနစ်ဖြင့် လုပ်ဆောင်သည်။
ယင်းသို့ လုပ်ဆောင်သဖြင့် ဌာနဝင်ငွေ ဖြည်းဖြည်းချင်း တိုးတက်လာသောအခါ ၂၄ နာရီ ရေပိုက်ပြင် အဖွဲ့ကို ခန့်ထားပြီး ရေပိုက်ပျက်ကြောင်း သိသိချင်း ပြင်ပေးသည်။
ဖနွမ်းပင်ရေပေးရေးအာဏာပိုင်အဖွဲ့၏ ကောင်းသတင်းကြောင့် ဂျပန်၊ ပြင်သစ်၊ ကမ္ဘာ့ဘဏ်စသော နိုင်ငံများ အဖွဲ့အစည်းများက ငွေကြေးနှင့် နည်းပညာ အကူအညီများ ပေးကြသည်။ ရလာသော အကူအညီများဖြင့် ပိုက်လိုင်း အသစ်များ ချထားကာ ရေပေးရေးနယ်မြေကို ချဲ့ထွင်သည်၊ ဝင်ငွေနည်း ရပ်ကွက်များကိုလည်း မကျန်စေရဘဲ ဝင်ငွေနည်းရပ်ကွက်သားတို့အတွက် ရေသွယ်ကုန်ကျစရိတ်ကို အရစ်ကျစနစ်ဖြင့် ပေးဆောင်စေသည်၊ ဆက်လက်၍ ဌာနဝင်ငွေပိုကောင်းလာသောအခါ ဌာနစရိတ်ဖြင့် ရေသွယ်ပေးသည်။
ယခုအခါ ဖနွမ်းပင်မြို့နေလူဦးရေ၏ ၉၀ ရာခိုင်နှုန်းအထိ၊ တစ်ရက် ၂၄ နာရီ ရေပေးဝေနိုင်ပြီ ဖြစ်သည်။ ရေဖိအားကလည်း အဆပေါင်း များစွာ ပိုကောင်းလာသည်၊ ရေပေးရေးအဖွဲ့အပေါ် လူထုက အလေးထား ဆက်ဆံလာကြသည်၊ ရေဖိုး ရေခများကို မှန်မှန်ပေးဆောင်ကြသည်၊ ယခုအခါ ရသင့်သော ရေဖိုးရေခ၏ ၉၄ ရာခိုင်နှုန်းကို ပြန်လည် ရရှိနေသည်။ (စင်ကာပူတွင် ရသင့်သောရေဖိုးရေခ၏ ၉၅ ရာခိုင်နှုန်းကို ပြန်ရသည်)
“ပြည်ပအကူ ပါပေမယ့် ဌာနတွင်း စွမ်းဆောင်ရည် အဓိကနဲ့ လုပ်ငန်း တိုးတက်အောင် လုပ်နိုင်တာဟာ ဖနွမ်းပင် ရေပေးရေး အာဏာပိုင်အဖွဲ့ရဲ့ အလှတရားပါပဲ”ဟု ပြည်ပ ပညာရှင်များက ချီးကျူးကြသည်။
ညွှန်ကြားရေးမှူးချူပ် Ek Sonn Chan သည် ၂၀၀၆ ခုနှစ်တွင် ရေမွန် မက်ဆေးဆေးဆု (Ramon Magsaysay Award for Government Service) ကို အစိုးရ ဝန်ဆောင်မှု ကဏ္ဍအတွက် လည်းကောင်း၊ ဖနွမ်းပင် ရေပေးရေး အာဏာပိုင်အဖွဲ့သည် ၂၀၁၀ ပြည့်နှစ်တွင် စတော့ဟုမ်း ရေလုပ်ငန်းဆု (Stockholm Industry Water Award) ကို လည်းကောင်း ရသည်။
ဖနွမ်းပင် ရေပေးရေး အာဏာပိုင်အဖွဲ့၏ စွမ်းဆောင်မှုကို အောက်ပါဇယားအရ သိနိုင်သည်။
၁၉၉၃ | ၂၀၁၇ | |
ဝင်ငွေ(ကမ္ဘောဒီးယားငွေ သန်းပေါင်း) | ၁၁၀၉ | ၂၃၂၈၉၃ |
ပေးဝေသောပမာဏ (တစ်ရက်လျှင် ကုဗမီတာ) | ၆၃၀၀၀ | ၅၉၂၀၀၀ (၂၀၂၀) |
အခွန်အခမရဘဲပေးဝေသောရေ | ၇၂ ရာခိုင်နှုန်း | ၆ ရာခိုင်နှုန်း |
တစ်ရက် ရေပေးနာရီ | ၁၀ | ၂၄ |
ရေသွယ်ယူမှု | ၂၆၈၈၁ | ၃၃၃၂၈၈ |
ပိုက်လိုင်းအရှည်(ကီလိုမီတာ) | ၂၈၀ | ၂၈၄၅ |
Keywords ကမ္ဘောဒီးယား မြို့ရေပေးရေး
ကိုးကား – https://openknowledge.worldbank.org/handle/10986/35820