ရာသီဥတု ပြောင်းလဲမှု ဆိုင်ရာ ခြောက်ခုမြောက် အစီရင်ခံစာ

ရာသီဥတု ပြောင်းလဲမှု ဆိုင်ရာ ကုလသမဂ္ဂ အဖွဲ့အစည်း (Intergovernmental Panel on Climate Change (IPCC) ) က ၂၀၂၂ ဖေဖော်ဝါရီ ၂၈ က ခြောက်ခုမြောက် အစီရင်ခံစာကို ထုတ်ပြန်ခဲ့သည်၊ ယင်းအစီရင်ခံစာကို ပညာရပ် နယ်ပယ်တွင် The Sixth Assessment Report (AR6) ဟု ခေါ်သည်၊ AR6 တွင် ရာသီဥတု ပြောင်းလဲခြင်း၏ သက်ရောက်မှုများ၊ ယင်းသက်ရောက်မှုကို အထိအခိုက် အနည်းဆုံးဖြင့် ရင်ဆိုင်နိုင်ရန် ပြင်ဆင်ခြင်းများ၊ ထိခိုက်နိုင်ခြေများကို ဖော်ပြထားသည်။

အဆိုပါ အစီရင်ခံစာမှ ရေနှင့်ဆက်စပ်သည့် အရေးပါသောအချက်များကို ကောက်နုတ် ဖော်ပြရလျှင် –

၁ – ရာသီဥတု ပြောင်းလဲခြင်း၏ သက်ရောက်မှုများသည် အရှိန်ရလာနေသည်။

ရေသံသရာ လည်ပတ်မှုသည် ပို၍ လျင်မြန်လာနေသည်။ ပို၍ နွေးလာသော အပူချိန်ကြောင့် စိုစွတ်ရာသီနှင့် ခြောက်သွေ့ရာသီတို့သည် လည်းကောင်း၊ ရေကြီးခြင်းနှင့် မိုးခေါင်ခြင်းတို့သည် လည်းကောင်း တစ်ခုပြီး တစ်ခု လျင်မြန်စွာ ပေါ်ပေါက်လာနေသည်၊ သဘာဝပတ်ဝန်းကျင် ပြောင်းလဲမှုနှင့် ဖန်လုံအိမ် ဓာတ်ငွေ့ ထုတ်လုပ်မှုတို့ကို မလျှော့ချနိုင်လျှင် ရာစုနှစ်အကုန်တွင် ဇီဝမျိုးစုံ မျိုးကွဲများ၊ ရေဖူလုံမှု၊ စားနပ်ရိက္ခာ ထုတ်လုပ်မှု၊ အခြေခံ အဆောက်အအုံ တည်ငြိမ်မှုနှင့် ကျန်းမာရေးတို့အတွက် အန္တရာယ် ပို၍ ကြီးမားလာမည်။

၂ – ယင်းအန္တရာယ်များသည် လူတို့၏ လုပ်ဆောင်ချက်ကြောင့် ပို၍ ဆိုးရွားလာနေသည်။

နဂိုက ဆိုးရွားနေသော ရာသီဥတု ပြောင်းလဲခြင်း၏ အကျိုးဆက်များသည် မြို့ပြများကို ကွန်ကရစ် ကတ္တရာ ရေပိတ်မျက်နှာပြင်များဖြင့် ဖုံးအုပ်ခြင်း၊ ရေလွှမ်းလွင်ပြင်များ၌ အဆောက် အအုံများ တည်ဆောက်ခြင်း၊ သစ်တော ခုတ်လှဲခြင်း၊ မြစ်ချောင်းများထဲသို့ မြေစာနှင့် အနည် အနှစ်များ ဝင်ရောက်ခြင်း စသည့် လူ့လုပ်ဆောင်ချက်များကြောင့် ပိုမို ဆိုးရွားလာသည်၊ ပူနွေးသော ရာသီဥတုကြောင့် ရေတွင် အောက်ဆီဂျင် ပျော်ဝင်နိုင်မှု လျော့နည်းလာပြီး ရေပို၍ ညစ်ညမ်းသဖြင့် သောက်ရေ အခက်အခဲ ဖြစ်လာသည်။

၃ – စားနပ်ရိက္ခာနှင့် ရေဖူလုံရေးကို ထိခိုက်နေသည်။

ပူနွေးသော ရာသီဥတုကြောင့် တောင်ထိပ်ရေခဲမြစ်များ အရည်ပျော် လျော့နည်းခြင်းသည် ပြန်လည် မပြည့်နိုင်တော့သဖြင့် ရေအရင်းအမြစ်တစ်မျိုး ဆုံးရှုံးခြင်းပင် ဖြစ်သည်၊ မြင့်တက်လာသော ပင်လယ်ရေက ကမ်းရိုးတန်း မြေအောက်ရေကြောများထဲသို့ တိုးဝင်ခြင်းကြောင့်လည်း ရေအရင်းအမြစ်များ ဆုံးရှုံးလာနေသည်၊ ရေအရင်းအမြစ်များ လျော့နည်း ဆုံးရှုံးသဖြင့် စိုက်ပျိုးရေး ကဏ္ဍကို ထိခိုက်သည်၊ မြင့်တက်လာသောအပူချိန်နှင့် မိုးခေါင်ခြင်းတို့ကြောင့် သီးနှံအထွက် နည်းလာသည်။

၄ – အချို့သောသူများကို ပို၍ ထိခိုက်သည်။

ညံ့ဖျင်းသော အစိုးရလက်အောက်တွင် နေရသူများ၊ ဝင်ငွေနည်း ဆင်းရဲသူများ၊ စိုက်ပျိုးရေးနှင့် ငါးလုပ်ငန်းဖြင့် အသက်မွေးသူများသည် ရာသီဥတု ပြောင်းလဲခြင်း၏ ဒဏ်ကို ပို၍ ထိလွယ် ခိုက်လွယ် ဖြစ်ကြသည်။ ၂၀၁၀ နှင့် ၂၀၂၀ ပြည့်နှစ်ကြား၌ ထိလွယ် ခိုက်လွယ် လူတန်းစားများ၏ ရေကြီး မိုးခေါင် မုန်တိုင်းတိုက်ခြင်း တို့ကြောင့် သေပျောက်မှုသည် ထိခိုက်မှုနည်း လူများထက် ၁၅ ဆ များသည်။

၅ – ပြုပြင် ပြောင်းလဲလျှင် အချိန်မီနိုင်သေးသည်။

မိုးရေကို စနစ်တကျ သိုလှောင်ခြင်း၊ စိုစွတ်ဒေသများရှိ ရေလှောင်နိုင်စွမ်းကို မြှင့်တင်ခြင်း၊ စိုက်ပျိုးရေး ကဏ္ဍ၌ ရေချွေတာခြင်း စသည်တို့ကို ပိုမို လုပ်ဆောင်ခြင်းဖြင့် ထိခိုက် ခံစားရနိုင်ခြေကို လျော့နည်းအောင် လုပ်ရန် အချိန်ကျန်သေးသည်။ သို့သော် နာရီလက်တံသည် ညသန်းခေါင်အချိန်သို့ ရောက်ရန် များစွာ မလိုတော့ချေ။

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s