မျက်နှာဖုံးအသစ် တပ်ထားသော ခေတ်ဟောင်း လုပ်ရပ်တစ်ခု – ရာသီဥတု ပြောင်းလဲနေချိန်၌ ရေကို လက်နက်အဖြစ် အသုံးပြုခြင်း

( Pacific Research Institute မှ Christina Kohler ၏ An Ancient Practice with a New Face: The Use of Water as a Weapon in Times of Climate Change ဆောင်းပါးကို အကျဉ်းချုပ် ပြန်ဆိုခြင်း ဖြစ်ပါသည်။)

သမိုင်းတလျှောက်၌ နိုင်ငံ အစိုးရများရော အစိုးရ မဟုတ်သူများပါ သူတို့၏ အာဏာ စွမ်းအားဖြင့် ပြည်သူများကို ဖိနှိပ်ရန် သို့မဟုတ် တိုက်ပွဲများတွင် အသာစီးရရန် ရေနှင့် ရေဘက်ဆိုင်ရာ အဆောက်အအုံများကို အသုံးချခဲ့ကြသည်။ ယနေ့တွင် ရာသီဥတု ပြောင်းလဲလာခြင်း၊ ယင်းနှင့် ဆက်စပ်သည့် ရေရှားပါးခြင်းတို့ကြောင့် ရေကို လက်နက်အဖြစ် အသုံးချခြင်းသည် ပို၍ ထိရောက်လာပြီး ပို၍ အထိအခိုက် များလာသည်၊ သို့သော် နိုင်ငံရေး နယ်ပယ်ကရော၊ ပညာရပ်ဆိုင်ရာ နယ်ပယ်ကပါ ယင်းလုပ်ရပ်များကို လျစ်လျူရှုနေကြသည်။

ရေနှင့် ရေဘက်ဆိုင်ရာ အဆောက်အအုံများကို လက်နက်အဖြစ် အသုံးချရာ၌ ရေတွင်း ရေကာတာ ရေလှောင်ကန် ရေသန့်စင်စက်ရုံ ရေပိုက်လိုင်းများအား ဖျက်ဆီးခြင်း၊ ရေအရင်းအမြစ်များထဲသို့ ရောဂါ ပိုးမွှားများ ထည့်သွင်းခြင်း စသည်တို့ကို လုပ်ဆောင်ခဲ့ကြသည်၊ မက်ဆာပထေးမီးယားခေတ်မှစကာ ဒုတိယ ကမ္ဘာစစ်အထိ ရေကာတာကဲ့သို့ ရေအခြေခံ အဆောက်အအုံများကို ဖျက်ဆီးခဲ့ခြင်းတို့သည် မြင်သာသော ဥပမာများ ဖြစ်ကြသည်။

ယခုခေတ်သည် ရာသီဥတု ပြောင်းလဲမှု၊ ယင်းနှင့် ဆက်စပ်သော ရေရှားပါးမှုတို့ကြောင့် ရေအရင်းအမြစ်နှင့် ရေပေးရေး စနစ်များသည် မဟာဗျူဟာအရ ပို၍ အရေးပါလာနေသည်၊ ထို့ကြောင့် ယင်းတို့ကို လက်နက်အဖြစ် သုံးရန် နိုင်ငံ အစိုးရများရော အစိုးရ မဟုတ်သူများပါ ပို၍ အကြိုက်တွေ့လာနေသည်။

အရှေ့အလယ်ပိုင်း ဒေသ၌ ရေသည် အရေးပါလှသည့်အတွက် ရေကို လက်နက်အဖြစ် အသုံးပြုမှုများ ၂၀၁၁ ခုနှစ်မှ စ၍ များပြားလာနေသည်ကို အီရတ် ဆီးရီးယား ယီမင်စသည့် နိုင်ငံများ၌ မြင်နိုင်သည်၊ ၂၀၁၇ ခုနှစ်က ဆီးရီးယား အစိုးရသည် ရေဘက်ဆိုင်ရာ အဆောက်အအုံများကို ဗုံးကြဲခြင်းဖြင့် လူပေါင်း ငါးသန်းခွဲခန့်ကို ရေဖြတ်တောက်ခဲ့သည်။ အိုင်အက်စ်ခေါ် အစ္စလမ်းမစ် နိုင်ငံတော် (Islamic State (IS)) ဆိုသူများသည် အီရတ်နှင့် ဆီးရီးယားတို့၌ ရေကာတာ ရေလှောင်ကန်များကို ဖျက်ဆီး၍ သူတို့ ပိုင်နက်ပြင်ပရှိ လူများအား ရေဒုက္ခ တွေ့စေခြင်း၊ ရေနှင့် ဆက်စပ်သော ရောဂါများ ပြန့်ပွားစေခြင်း၊ ရန်သူလာရာ လမ်းများကို ရေလွှမ်းစေခြင်း စသည်တို့ကို ဆောင်ရွက်ခဲ့သည်။

အရှေ့အလယ်ပိုင်း နိုင်ငံများတွင်သာ မကပါ၊ ဆိုမာလီသူပုန်များက ၂၀၁၇ ခုနှစ်က အစိုးရတပ်များအား ရည်ရွယ်၍ ရေတွင်း အဆိပ်ခပ်ထားသည်ကို သောက်မိသော အရပ်သား ၃၂ ဦး သေဆုံးခဲ့သည်။

လက်နက်ကိုင် ပဋိပက္ခများ ပြည်တွင်းစစ် လူမျိုးစု အချင်းချင်း အကြမ်းဖက်မှု လူမှုရေး ခိုက်ရန် ဖြစ်ပွားမှုတို့တွင် အစိုးရများကရော အစိုးရ မဟုတ်သူများကပါ ရေကို လက်နက်အဖြစ် သုံးခဲ့ကြကြောင်း အထောက်အထား များစွာကို Pacific Research Institute က လေ့လာ တွေ့ရှိထားသည်။

ရေကို လက်နက်အဖြစ် သုံးခြင်း တနေ့တခြား များပြားလာသော်လည်း ယင်းအကြောင်း လေ့လာ တင်ပြမှု နည်းပါးနေသေးသည်၊ ပဋိပက္ခ သို့မဟုတ် ပူးပေါင်း ဆောင်ရွက်မှုများတွင် ရေ၏ အခန်းကဏ္ဍ အရေးပါနေပုံကို လျစ်လျူရှုထားကြသည်။

ထိုသို့ လျစ်လျူရှုနေစဉ်မှာပင် ရေကို လက်နက်အဖြစ် သုံးခြင်းနှင့် ရာသီဥတု ပြောင်းလဲမှုကြောင့် ရေရရှိရေးအား ထိခိုက်လာနေခြင်းသည် ပို၍ ပို၍ အရေးပါသော နေရာသို့ ရောက်ရှိလာသည်။

ကမ္ဘာ့ဒေသ အများအပြား၌ ရေရှားပါးမှုသည် ဆိုးရွားသော ပြဿနာတစ်ခု ဖြစ်လာနေသည်၊ လူဦးရေ တိုးပွားလာနေခြင်း အဖွဲ့အစည်းများ အားနည်းခြင်း ရေဖြန့်ဝေရာတွင် အုပ်ချုပ်ပုံ မထိရောက်ခြင်းတို့နှင့် အတူ ရာသီဥတု ပြောင်းလဲမှုက ရေပြဿနာကို ပို၍ ဆိုးရွားစေသည်၊ ယင်းသို့ရှိစဉ် နိုင်ငံရေးသမားများက ရေကို လက်နက်အဖြစ် အသုံးချခြင်းကြောင့် ထိခိုက်နိုင်သော လူအရေအတွက်ကို များပြားစေသည်။

ဆင်းရဲမွဲတေသော၊ သဘာဝသယံဇာတကို အထူး အားထား မှီခိုနေရသော နိုင်ငံများအပေါ် ရာသီဥတု ပြောင်းလဲခြင်း၏ အကျိုးဆက်များက ပို၍ သက်ရောက်သည်ဟု သုတေသနများက ညွှန်ပြနေသည်၊ ယင်းသို့ ပို၍ သက်ရောက်မှုကြောင့် ပဋိပက္ခ ပို၍ ဖြစ်လာနိုင်သည်၊ မုန်တိုင်းများ ရေကြီးမှုများကြောင့် ရေအပါအဝင် သယံဇာတများ ပိုရှားပါး၊ သယံဇာတများ ပိုရှားပါးသည့်အတွက် ပဋိပက္ခ ပိုဖြစ်၊ ပဋိပက္ခ ပိုဖြစ်၍ ရေဘက်ဆိုင်ရာ အခြေခံအဆောက်အအုံများ ပို၍ ပျက်စီးသည်။

ပဋိပက္ခ ဖန်တီးသူတို့သည် ရေလက်နက်၏ ထိရောက်မှုကို အချက်ကောင်းတစ်ခုအဖြစ် သဘောထားကြသည့် လုပ်ရပ်ကို အရှေ့အလယ်ပိုင်းဒေသတွင် ပို၍ မြင်ရသည်၊ အရှိန်ရလာနေသော ရာသီဥတု ပြောင်းလဲခြင်းဖြစ်စဉ်ကြောင့် မိုးနည်းဒေသများတွင် ရေကိုလက်နက်အဖြစ် ပိုသုံးလာနိုင်သည်၊ ထို့ကြောင့် ယင်းကိစ္စကို လူအများ သိအောင် ပို၍ ကျယ်ပြန့်စွာ လုပ်ဆောင်ဖို့ လိုအပ်သည်။

သို့သော် ကုလသမဂ္ဂနှင့် လူသားချင်း စာနာမှု အဖွဲ့အစည်းများသည် ယင်းအချက်ကို လုံလောက်စွာ အရေးယူ ဆောင်ရွက်ခြင်း မရှိသေးပေ၊ ယင်းကိစ္စကို နိုင်ငံအသီးသီးနှင့် နိုင်ငံတကာအဖွဲ့အစည်းများ၏ လုပ်ငန်းစဉ်တွင် ဦးစားပေးထည့်သွင်းရေးဆွဲရန် အချိန်သည် လွန်စွာ နောက်ကျနေခဲ့ပြီ၊ မြန်ဆန်စွာ ပြောင်းလဲလာနေသော ရာသီဥတု၊ ယင်းနှင့် ဆက်နွှယ်နေသော ရေရှားပါးမှုတို့သည် လုံခြုံရေး အန္တရာယ် ဖြစ်လာနေပြီး အရေးယူ ကိုင်တွယ်ဖြေရှင်းရန် အရေးကြီးနေသည်။

Keywords ရာသီဥတုပြောင်းလဲမှု ရေရှားပါးမှု ရေကိုလက်နက်အဖြစ်အသုံးချခြင်း

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s