လွန်ခဲ့သော နှစ်ပေါင်း ၅၀ ခန့်စ၍ ရေနံကြောင့် သူဌေးဖြစ်လာခဲ့သည့် ဆော်ဒီအာရေဗျ နိုင်ငံတွင် ရေအရင်း အမြစ်များက အလွန် ဆင်းရဲလှသည်၊ ပျမ်းမျှ တစ်နှစ် မိုးရေချိန် ၁၅၀ မီလီမီတာ (ခြောက်လက်မ) မျှသာ ရွာသည်၊ မြန်မာ့ ခြောက်သွေ့ ဒေသထက်ပင် မိုးနည်းသည်၊ ဆော်ဒီ၌ အမြဲ စီးဆင်းနေသော မြစ်ချောင်းများလည်း မရှိသောကြောင့် သာမန်တွေးပါက ဆော်ဒီတွင် ရေကာတာ မရှိဟု ထင်နိုင်သည်။
မြေပေါ်ရေ
သို့သော် နည်းပါးလှသော မိုးရေသည်ပင် ရံခါ လျှပ်တစ်ပြက် ရေကြီးသည်အထိ ဖြစ်တတ်သေးရာ ယင်းရေများကို အလဟသ မဖြစ်စေဘဲ တားဆီး စုဆောင်းထားသော ရေကာတာပေါင်း ၂၀၀ ကျော်ရှိပြီး တစ်နှစ်လျှင် ရေကုဗပေ ၁၆ ဘီလျံကုဗပေ(၀ . ၅ ဘီလျံ ကုဗမီတာ) ကို ယင်းနည်းဖြင့် ရယူနေသည်။


ယခုအခါ ဆော်ဒီတို့သည် နောက်ထပ် ရေကာတာပေါင်း ၁၀၀၀ ကျော် ထပ်ဆောက်ရန် ဖြစ်နိုင်စွမ်း လေ့လာချက်များကို စတင်နေပြီ ဖြစ်ကြောင်း ၂၀၂၁ ခုနှစ် အောက်တိုဘာလက ဆော်ဒီ သဘာဝ ပတ်ဝန်းကျင်၊ ရေနှင့် စိုက်ပျိုးရေး ဝန်ကြီး အင်ဂျင်နီယာ အဘဒူရာမန် အာလ်ဖာ့ဒ်လီက ပြောသည်၊ ယင်းရေကာတာများ ဆောက်ပြီးပါက ရေထုထည် ၂ . ၆ ဘီလျံ ကုဗမီတာကို သိုလှောင် အသုံးပြုလာနိုင်မည်ဟု သူက ဆိုသည်၊ လက်ရှိထက် ငါးဆမျှ ဖြစ်လာမည်။
ဆောက်ပြီး ရေကာတာနောက်ရှိ ဆည်များထဲမှ တစ်ရက်လျှင် ရေ ကုဗမီတာ ၇၄၀၀၀ မျှကို သောက်ရေအဖြစ် ပေးဝေနေသည်။
ရေကာတာအသစ်များ ပြီးသည့်အခါ သိုလှောင်ရေကို သောက်ရေအဖြစ် အပြင် မြေအောက်ရေ ပြန်လည် ဖြည့်ပေးခြင်း၊ ဆည်မြောင်းများဖြင့် ပေးဝေခြင်းစသည့် နည်းများဖြင့် အသုံးချမည်။
မြေအောက်ရေ
မြေပေါ်ရေ အရင်းအမြစ် နည်းလွန်းသည့်အတွက် လွန်ခဲ့သော နှစ်ပေါင်း ၅၀ ကျော်ခန့်က စ၍ ဆော်ဒီ၌ မြေအောက်ရေ အမြောက်အမြား ထုတ်ယူသုံးစွဲခဲ့ကြသည်၊ ဆော်ဒီအာရေဗျ အပါအဝင် အီရတ်၊ ဂျော်ဒန်၊ အိုမန်၊ ယီမင်၊ ယူအေအီးစသည့် အရှေ့ အလယ်ပိုင်း နိုင်ငံအချို့၏ အောက်တွင် ခန့်မှန်း ကုဗမီတာ ဘီလျံပေါင်း ၅၀၀ ခန့်ရှိသည့် မြေအောက် ရေကြောကြီး ရှိသည်၊ မြေအောက်ရေကြော အများအပြားဖြင့် ဖွဲ့စည်းထားသည့် The Mega Aquifer System (MAS) ခေါ် ယင်းရေကြောကြီးမှ ဆော်ဒီတို့သည် စိုက်ပျိုးရေနှင့် သောက်သုံးရေအတွက် ၁၉၇၀ ခုနှစ်မှစ၍ တစ်နှစ်လျှင် ကုဗမီတာ ၂၁ ဘီလျံမျှ ထုတ်ယူနေခဲ့သည်။


ရေနံသူဌေး နိုင်ငံဖြစ်၍ စိုက်ပျိုးရေး လုပ်ငန်းများ မြေအောက်ရေ သုံးနိုင်ရန် အစိုးရက ငွေကြေးနှင့် နည်းပညာ အထောက်အပံ့ ပေးသည်။

စိုက်ခင်းများအပြင် သဲကန္တာရထဲတွင် နွားခြံများ တည်ထောင်ကြသည်၊ ထွက်ရှိသော အသား၊ နို့၊ ကြက်ဥ၊ ဂျုံ၊ အသီးအနှံ စားနပ်ရိက္ခာတို့သည် ပြည်တွင်းအတွက် ဖူလုံရုံမျှမက အချို့ကို ပြည်ပသို့ပင် တင်ပို့ ရောင်းချနိုင်ခဲ့သည်။
သို့သော် ဆော်ဒီ၏ မြေအောက်ရေကြောများကို သဘာဝက ပြန်ဖြည့်ပေးသော မိုးရေ နည်းလွန်းသည့်အတွက် The Mega Aquifer System (MAS) သည် လျင်မြန်စွာ လျော့နည်း ကုန်ခန်း လာခဲ့သည်။ ၂၀၀၀ ပြည့်နှစ်မှစ၍ ဆော်ဒီတို့သည် မြေအောက်ရေ အသုံးကို လျှော့ချရန် ပြည်တွင်း၌ သီးနှံ တိုးချဲ့ မစိုက်တော့ဘဲ အီသီယိုပီးယား၊ ဆူဒန်၊ ဖိလစ်ပိုင်၊ ယူကရိန်း၊ ပိုလန် အပါအဝင် နိုင်ငံအချို့၌ မြေဝယ် သို့မဟုတ် ငှားကာ စပါးစိုက်ခင်း၊ ဂျုံခင်း စသည်တို့ကို အမေရိကန် ဒေါ်လာ ဘီလျံပေါင်း များစွာ အကုန်ခံ စိုက်ပျိုးပြီး မိမိနိုင်ငံသို့ ပြန်လည် တင်သွင်းနေသည်။ ရေအသုံးများသည့် ဂျုံစိုက်ခင်းများကို မတိုးချဲ့ရန် ဆုံးဖြတ်ထားသည့်အပြင် ၂၀၁၆ ခုနှစ်တွင် ဂျုံထုတ်လုပ်ခြင်းကို လုံး၀ ရပ်တန့်လိုက်ခြင်း အပါအဝင် စိုက်ပျိုး မွေးမြူရေး လုပ်ငန်းများကို အကြီးအကျယ် လျှော့ချလိုက်ရသည်။ ရနိုင်သော ရေပမာဏ အကန့်အသတ်ရှိလာသဖြင့် ပြည်တွင်း စားသုံးမှု လုံလောက်အောင် စားကုန် အများအပြားကို ပြည်ပသို့ ရောင်းချခြင်းကို ရပ်တန့်လိုက်ရသည်။သို့တိုင်အောင်မှ ဆော်ဒီတို့သည် ၂၀၀၂ ခုနှစ်နှင့် ၂၀၁၆ ကြားတွင် မြေအောက်ရေ တစ်နှစ်လျှင် ၆ . ၁ ဘီလျံတန်မျှ ထုတ်သုံးနေခဲ့ကြသေးသည်။
၂၀၁၅ ခုနှစ်တွင် ဂရေ့စ်(GRACE)ခေါ် ရေနှင့် ရာသီဥတု လေ့လာရေး ဂြိုဟ်တုများ၏ လေ့လာချက်အရ ကမ္ဘာ့အဓိက မြေအောက် ရေကြော ၃၇ ခုတို့၏ မြေအောက်ရေများသည် လျင်မြန်စွာ လျော့နည်းလာနေရာ အာရေဗျ ကျွန်းဆွယ် မြေအောက် ရေကြောသည် အဆိုးရွားဆုံး ဖြစ်ကြောင်း တွေ့ရှိခဲ့သည်၊ အထူးသဖြင့် ဆော်ဒီ၏ အလယ်နှင့် မြောက်ပိုင်း ဒေသများတွင် မြေအောက်ရေ လျော့နည်းခြင်းသည် စိုးရိမ်ဖွယ် ကောင်းသည်။ အဆိုပါ လေ့လာချက်များက ဆော်ဒီ၏ အလယ်ပိုင်းနှင့် မြောက်ပိုင်းတွင် လက်ရှိ သီးနှံများအစား ရေလိုအပ်ချက် နည်းသော သီးနှံများကို ပြောင်းစိုက်ကာ မြေအောက်ရေ ထုတ်ယူမှုကို လျှော့ချရမည်၊ တောင်ပိုင်းတွင်မူ ရေရှည်ခံ စိုက်ပျိုးရေး စီမံကိန်းများဖြင့် ဆက်လက် လုပ်ကိုင်နိုင်သေးသည်ဟု ပညာရှင်များက အကြံပြုထားသည်။
ရေချိုချက်စက်ရုံ
မြေပေါ်ရေ အလွန်နည်းပါး၊ မြေအောက်ရေက အကန့်အသတ် ရှိသော ဆော်ဒီ အာရေဗျနိုင်ငံ၏ အရှေ့ဘက်တွင် ပါရှန် ပင်လယ်ကွေ့၊ အနောက်ဘက်တွင် ပင်လယ်နီတို့ ရှိသည်၊ ရာသီဥတု ပြောင်းလဲမှုကြောင့် တအိအိ မြင့်တက်လာနေသော ပင်လယ်ရေသည် ဆော်ဒီအတွက် အကန့်အသတ် မရှိသော အရင်းအမြစ် တစ်ခု ဖြစ်သည်။
ထို့ကြောင့် ဆော်ဒီတွင် လွန်ခဲ့သော နှစ်ပေါင်း ၇၀ ခန့်ကတည်းက ရေငန်မှ ရေချို ချက်လုပ် သုံးစွဲခဲ့ရာ ယခုအခါ တစ်ရက်လျှင် ရေချို ကုဗမီတာ ၇ . ၆ သန်း ထုတ်လုပ်နေသည်၊ ယင်းမှာ ကမ္ဘာ့ ရေချိုချက်လုပ်မှု စုစုပေါင်း၏ ၂၂ ရာခိုင်နှုန်းနှင့် ညီမျှသည်၊ ကမ္ဘာ့အကြီးဆုံး ရေချိုချက် စက်ရုံသည် ဆော်ဒီ၌ ရှိသည်၊ Al-Jubail desalination plant ခေါ် ယင်းစက်ရုံမှ တစ်ရက်လျှင် ရေကုဗမီတာ ၁ . ၄ သန်း (ရန်ကုန်သို့ ပေးနေသော ရေပမာဏထက် ၁ . ၇ ဆခန့်များ) ထုတ်ပေးလျက် ရှိသည်။
အကန့်အသတ်မဲ့ ရေအရင်းအမြစ်ကို ရယူနိုင်သော ပထဝီ အနေအထားနှင့် ကြွယ်ဝသော ဓနအင်အား ပိုင်ဆိုင်ထားပါလျက် ဆော်ဒီသည် နှစ်စဉ် ၇ ရာခိုင်နှုန်းကျော်ဖြင့် တိုးတက်နေသော ရေလိုအပ်ချက်ကို လိုက်မီရန် ရေချိုချက်စက်ရုံများ တိုးဆောက်ဖို့ အကြောင်းနှစ်ခုကြောင့် အခက်အခဲ ရှိနေသည်။
ပထမအကြောင်းမှာ ဤနှုန်းအတိုင်း သွားပါက ရေလိုအပ်ချက်က အစဉ်တိုးနေမည် ဖြစ်သော်လည်း နိုင်ငံ၏ ဓနအင်အားက ရေရှည်တွင် အစဉ်တိုးနေရန် မသေချာသောကြောင့် ဖြစ်သည်၊ ရေနံသိုက်များ၏ ပမာဏက အကန့်အသတ်ရှိသည်၊ ကမ္ဘာတွင် ရေနံ လိုအပ်ချက် အမြဲတန်း မြင့်မနေဘဲ ခေတ်မှိန်သွားခြင်း ရှိလာနိုင်သည်၊ ထိုအခါ နိုင်ငံ၏ ဓနအင်အားလည်း လျော့လာမည်၊ ရေချိုချက်စရိတ် လျော့နည်းလာသော်လည်း ယင်းကိုသာ အဓိက အားကိုးနေလျှင် တစ်ချိန်၌ ဝန်ထုပ်ဝန်ပိုး ဖြစ်လာမည်။
ဒုတိယအကြောင်းမှာ ရေချိုချက်လုပ်ရာမှ ကျန်ရစ်သော ဆားပျစ်ရည်များကို ဘေးကင်းစွာ စွန့်ပစ်ရေး ဖြစ်သည်။ ရေငန် နှစ်ယူနစ်ကို ချက်လျှင် ရေချို တစ်ယူနစ်နှင့် ဆားပျစ်ရည် တစ်ယူနစ် ထွက်သည်။ စက်ရုံသည် ပင်လယ်ကမ်းစပ်တွင် ရှိ၍ ဆားပျစ်ရည်များကို ပင်လယ်ထဲသို့ စွန့်လျှင် ပင်လယ်ရေထက် အငန်ဓာတ် များစွာ ပိုနေသော ဆားပျစ်ရည်များကြောင့် ရေငန်နေသတ္တဝါအချို့ပင် သေဆုံးကြရသည်။ ကုန်းတွင်း ရေချိုချက်စက်များမှ ဆားပျစ်ရည်များကို ကုန်းပေါ်တွင် စွန့်ပစ်လျှင် မြေလွှာများ ဆားဓာတ် လွန်ကဲ ပျက်စီးခြင်း၊ အချို့ ကုန်းနေသတ္တဝါများ ဆားဓာတ် လွန်ကဲမှုကို မခံနိုင်၍ သေဆုံးခြင်းစသည့် အန္တရာယ်များကို ကြုံရသည်။
ဆော်ဒီအာရေဗျနိုင်ငံ၏ ရေအခက်အခဲနှင့် ရေဖူလုံရေး ကြိုးပမ်းချက်များ သရုပ်ပြ ဗီဒီယို ရှုစားရန် (ကြာချိန် ၈ မိနစ် ၃၇ စက္ကန့်)
ထို့ကြောင့် နိုင်ငံ၏ အနာဂတ် ရေဖူလုံရေးအတွက် အခြား အရင်းအမြစ်များကို ကြံဆကြရပြန်သည်။
ရေအသုံးချွေတာ
မည်သည့် အရာမဆို အရနှင့် အသုံးဟူ၍ ရှိရာ ရေဘက်ဆိုင်ရာ နယ်ပယ်တွင် ရနိုင်သည့် ရေအရင်းအမြစ်များမှ တိုး၍ ရနိုင်ဖွယ် မရှိအခါ အသုံးဘက်၌ လျှော့ချရန်ဟု စီစဉ်သည်။
အသုံးကို လျှော့ချရာတွင် တကယ်မသုံးရဘဲ အလေအလွင့်များကြောင့် ဆုံးရှုံးနေသော ရေများကို ဦးစွာ ကိုင်တွယ်သည်၊ ယင်းဆုံးရှုံးမှုကို လျှော့ချရန် သက်တမ်း ကြာမြင့်နေသော ရေပိုက်နှင့် ရေပေးဝေရေး ကိရိယာများကို လဲလှယ်သည်၊ ပိုက်ပေါက်၍ ယိုစိမ့်နေသော ပိုက်များ၏ တည်နေရာကို သိနိုင်ရန် GIS (geographic information system) အပြင် လိုအပ်သော နေရာများတွင် လေဆာရောင်ခြည်၊ ဟယ်လီယံ ဓာတ်ငွေ့သုံး အဆင့်မြင့် ကိရိယာများဖြင့် ထောက်လှမ်းသည်၊ သို့ဖြင့် ရေပိုက် စ ပေါက်သည်မှ ပြုပြင်ပြီးသည့်အထိ ကြာချိန်ကို ထက်ဝက်မျှ လျှော့ချလိုက်နိုင်သည်။
ဆော်ဒီတွင် ဖြန့်ဝေသောရေပမာဏ၏ ၄၀ ရာခိုင်နှုန်းအထိ ဆုံးရှုံးနေခဲ့ရာမှ ခေတ်မီနည်းများဖြင့် ထောက်လှမ်း သိရှိ ပြုပြင်နိုင်သဖြင့် ရေဆုံးရှုံးမှု ဖြည်းဖြည်းချင်း လျော့ကျလာနေသည်၊ ၂၀၃၀ ပြည့်နှစ်တွင် ၁၅ ရာခိုင်နှုန်း အထိသာ ဆုံးရှုံးအောင် လျှော့ချရန် ရည်ရွယ်သည်။
ဆော်ဒီအာရေဗျတွင် သုံးစွဲသူတို့ထံ မရောက်လိုက်ဘဲ ရေပေးရေး စနစ်များအတွင်း လေလွင့် ဆုံးရှုံးသွားသော ရေပမာဏကို ခေတ်မီနည်းများဖြင့် လျှော့ချသကဲ့သို့ ကဏ္ဍတိုင်း နေရာတိုင်း၌ ရေသုံးစွဲမှု လျှော့ချရေး အစီအစဉ် (Qatrah program) ကို နိုင်ငံအဆင့်ဖြင့် ၂၀၁၉ ခုနှစ်က စတင်ခဲ့သည်။

Qatrah၏ အဓိပ္ပာယ်မှာ droplet ဖြစ်ရာ Qatrah program ကို “ရေကြည်တစ်ပေါက် အစီအစဉ်”ဟု ပြန်ဆိုလိုသည်။ ဆော်ဒီသည် တစ်ဦးချင်း ရေသုံးစွဲမှုတွင် အမေရိကန်နှင့် ကနေဒါတို့၏နောက် တတိယ အများဆုံး ဖြစ်သည်။ ရေသုံးစွဲမှုသည် ၂၀၁၉ ခုနှစ်က တစ်ဦး တစ်ရက် ၂၆၃ လီတာ ရှိခဲ့ရာမှ “ရေကြည်တစ်ပေါက် အစီအစဉ်”အရ ၂၀၂၀ ပြည့်နှစ်က လီတာ ၂၀၀ အထိ လျှော့ချနိုင်ခဲ့ပြီး ၂၀၃၀ ပြည့်နှစ်တွင် တစ်ဦးလျှင် လီတာ ၁၅၀ သာ သုံးရန် လုပ်ဆောင်နေသည်၊ ယင်းသို့ လုပ်ဆောင်ရာတွင် စမတ်မီတာ၊ ရေလေးလီတာ (တစ်ဂါလန်နီးပါး) မျှဖြင့် သန့်စင်စေသော အိမ်သာ ရေဆွဲအိုးများ၊ ရေအသုံးနည်းသော ရေပန်းခေါင်းများ စသည်တို့ အပါအဝင် အခြား အဆင့်မြင့်နည်းများဖြင့် လျှော့ချသည်၊ အများပြည်သူကို ရေထိန်းသိမ်းသုံးစွဲမှု၏ အရေးပါပုံကို အသိပေးသည်။
၂၀၁၆ ခုနှစ် စာရင်းအရ ဆော်ဒီ ရေအသုံး စုစုပေါင်း၏ ၈၂ ရာခိုင်နှုန်းသည် စိုက်ပျိုးရေးကဏ္ဍတွင် ဖြစ်ရာ စိုက်ပျိုးရေး လုပ်ငန်းသုံးရေကို တစ်နှစ် ၂၁ ဘီလျံ ကုဗမီတာသုံးနေရာမှ ၂၀၃၀ ပြည့်နှစ်တွင် ၁၂ ဘီလျံ ကုဗမီတာ အထိ လျှော့ချမည်။
စက်မှုလုပ်ငန်းတွင်လည်း အလားတူ ဖြစ်သည်၊ ဥပမာတစ်ခုအနေနှင့် ကမ္ဘာ့ အကြီးဆုံး စီးပွားရေး လုပ်ငန်းစုများထဲတွင် ပါသော Saudi Aramco ၏ အဓိကလုပ်ငန်းမှာ ရေနံနှင့် သဘာဝဓာတ်ငွေ့ ထုတ်လုပ်ရန် ဖြစ်သော်လည်း ယင်း၏ စက်မှုလုပ်ငန်း အဆင့်ဆင့်တွင် ရေလျှော့သုံးရေး နည်းပညာများကို သုံးစွဲနေသည် သာမက ကုမ္ပဏီ၏ ဝန်ထမ်း၊ ထိုမှတဆင့် ဝန်ထမ်း မိသားစုများကိုပါ ရေလျှော့သုံးရန် အားပေး တိုက်တွန်းနေသည်။
စွန့်ပစ်ရေ
ရနိုင်သမျှသော ရေအရင်းအမြစ်များကို ရယူနေသော ဆော်ဒီတို့သည် စွန့်ပစ်ရေများကိုလည်း ချန်မထားချေ၊ ဆော်ဒီ၌ ရေဆိုးသန့်စင်ရေး စက်ရုံ ၂၀၄ ခုက သန့်စင်ပေးလိုက်သော ရေများကို စိုက်ပျိုးရေး၊ စက်မှု လုပ်ငန်းများ၊ ရေဖြန်း ရေဆေးခြင်းတို့တွင် ပြန်သုံးခဲ့သည်၊ လက်ရှိတွင် စွန့်ပစ်ရေ တစ်ရက်လျှင် ကုဗမီတာသန်း ၂၄၀၀ ခန့်ကို ပြန်လည် သန့်စင်အသုံးချနေသည်။
၂၀၃၀ တွင် မြို့များမှ ထွက်သော မိလ္လာရည်များ၏ ၇၀ ရာခိုင်နှုန်း (တစ်ရက် ကုဗမီတာ လေးသန်း) ကို ပြန်လည် သန့်စင် အသုံးချမည်၊ ဆော်ဒီသည် ၂၀၄၀ ပြည့်နှစ်၌ လူ့မိလ္လာ အပါအဝင် ရေဆိုးအားလုံး၏ ၉၀ ရာခိုင်နှုန်းကို ပြန်လည်သန့်စင် အသုံးချရန်လည်း ရာထားသည်။
ယင်းရာထားချက်ကို ပြည့်မီရန် ကြိုးပမ်းချက်များ၌ King Abdullah University of Science and Technology (KAUST) တွင် တည်ထောင်ထားသော The Water Desalination and Reuse Center (WDRC) သီးခြားသုတေသနလည်း ပါဝင်သည်။
သုံးသပ်ချက်
ဆော်ဒီအာရေဗျတွင် ရေနံသိုက်များ၏ ကျေးဇူးကြောင့် လွန်ခဲ့သော နှစ်ပေါင်း ၅၀ ခန့်က စ၍ ငွေကို အကန့်အသတ်မရှိ သုံးနေနိုင်သည်ဟု ယူဆစရာ ဖြစ်အောင် နိုင်ငံ ဖွံ့ဖြိုးရေး လုပ်ငန်းများကို ဆောင်ရွက်ခဲ့သည်၊ ဆော်ဒီတစ်ဦးချင်း၏ အသုံးစရိတ်သည်လည်း အလွန်မြင့်မားခဲ့သည်။
ယင်းနိုင်ငံတွင် မြေအောက်ရေ ပေါများနေခဲ့သဖြင့် လည်းကောင်း၊ အလျှံပယ် ဖြစ်နေသော ရေနံနှင့် ဓနစွမ်းအင်ဖြင့် ရေငန်မှ ရေချိုချက် စက်ရုံ အများအပြား တည်နိုင်ခဲ့သောကြောင့် လည်းကောင်း ရေသည် သုံးမကုန်နိုင်သော အရင်းအမြစ် တစ်မျိုးဟု ယူဆခဲ့ကြသည်။
ယခုအခါ နိုင်ငံ၏ အနာဂတ်အတွက် ရေနံကို အဓိက မှီခို၍ မရနိုင်တော့ကြောင်း တွက်ဆမိလာသဖြင့် နိုင်ငံ၏ ရေရှည် မျှော်မှန်းချက် (Vision 2030) ကို ရေးဆွဲ ချမှတ်၍ ရေနံကို မှီခိုသော စီးပွားရေးစနစ်ကို လျှော့ချကာ အခြားနည်းများဖြင့် စီးပွားပိုရှာ၍ ဖွံ့ဖြိုးမှု အရှိန်မပျက်ရန် ပြင်ဆင် ပြောင်းလဲမှုများ ပြုလုပ်လာသည်၊
ရေနံနှင့် သဘာဝဓာတ်ငွေ့သိုက်များကို တစ်နည်းနည်းဖြင့် အသစ် ထပ်တွေ့ကောင်း တွေ့နိုင်သေးသော်လည်း နိုင်ငံ၏ ရေအရင်းအမြစ်များသည်မူ အသစ် ထွက်ပေါ်မလာနိုင်တော့သည်ကို ဆော်ဒီတို့ သိလာသည်၊ ငွေပေါများနေသေးသည့် တိုင်အောင်မှ ရေချိုချက်စက်ရုံများကို ထပ်တည်ရန် အကန့်အသတ် ရှိလာသည်၊ ထို့ကြောင့် စွန့်ပစ်ရေနှင့် မိလ္လာရေဆိုးများကိုပင် ပြန်သုံးရန် အစီအမံများ ချမှတ် လုပ်ဆောင်နေသည်။ နိုင်ငံ၏ ရေရှည် မျှော်မှန်းချက် (Vision 2030) နှင့် ကိုက်ညီသော “ရေကြည်တစ်ပေါက် အစီအစဉ်” (Qatrah program) ဖြင့် လူတစ်ဦးချင်း ရေအသုံးကို ထက်ဝက်နီးနီး လျှော့ချရန် အားထုတ်နေသည်။
ဆော်ဒီတို့သည် ဝင်ငွေရှာသည့် ပုံစံကိုသာ ပြောင်းခြင်း ဖြစ်သည်၊ ငွေအသုံးလျှော့ရန် ရည်ရွယ်သည်ကို မတွေ့ရချေ၊ သို့သော် ရေအသုံးကိုမူ ထိရောက်စွာ လျှော့ချရန် ရည်မှန်း လုပ်ဆောင်နေကြောင်း တွေ့ရပါသည်။
ကိုးကား –
https://eos.org/articles/arid-arabian-peninsula-is-tapping-into-vast-groundwater-reserves
https://earthobservatory.nasa.gov/images/145975/desert-crops-thrive-as-the-aquifer-shrinks
https://ussaudi.org/water-in-saudi-arabia-desalination-wastewater-and-privatization/
https://www.saudiembassy.net/water-resources
https://gulfstateanalytics.com/saudi-arabias-water-reclamation-strategy/
Keywords ဆော်ဒီအာရေဗျ မြေအောက်ရေလျော့နည်းခြင်း ရေငန်မှရေချိုချက်ခြင်း စွန့်ပစ်ရေပြန်လည်အသုံးပြုခြင်း