ကမ္ဘာ့ ရာသီဥတု မော်ဒယ်များကို အသုံးပြု၍ ဧရာဝတီမြစ်ဝှမ်း အထက်ပိုင်း ဒေသ၏ အနာဂတ် ရာသီဥတု ပြောင်းလဲမှုအား ခန့်မှန်းခြင်း (ဟန်သီဦး၊ ဝင်းဝင်းဇင်၊ ချိုချိုသင်းကြည်၊ မြို့ပြ အင်ဂျင်နီယာဌာန၊ ရန်ကုန် နည်းပညာ တက္ကသိုလ်)

(Civil Engineering Journal, Vol. 5, No. 10, October, 2019 ပါ Han Thi Oo , Win Win Zin , Cho Cho Thin Kyi, Department of Civil Engineering, Yangon Technological University တို့ ပြုစုသော Assessment of Future Climate Change Projections Using Multiple Global Climate Models စာတမ်းကို အများ နားလည်လွယ်အောင် အကျဉ်းချုံး ပြန်ဆို တင်ပြခြင်း ဖြစ်ပါသည်။)

မူရင်းစာတမ်းကို လေ့လာလိုလျှင် Click here

(နိဒါန်း)

နိုင်ငံ၏ သောက်သုံးရေ ဖူလုံရေးတွင် အရေးပါသည့် မြန်မာ့ မြစ်ဝှမ်းများကို လေ့လာရာတွင် ရာသီဥတု ပြောင်းလဲခြင်း ဖြစ်စဉ်၏ မြစ်ဝှမ်းများအပေါ် သက်ရောက်ပုံကိုလည်း လေ့လာရန် လိုအပ်ပါသည်၊ သို့သော် ယင်းစာတမ်းမျိုးမှာ အလွန်နည်းပါးလှပြီး ဧရာဝတီမြစ် ပဲခူးမြစ် မြစ်ငယ်မြစ် စသည်တို့ကို လေ့လာသော မြန်မာနှင့် ဂျပန်သုတေသီများ၏ စာတမ်း လေးငါးခုမျှသာ ရှိသည်ဟု ယူဆပါသည်။ ဤစာတမ်းသည် ဧရာဝတီမြစ်ဝှမ်း အထက်ပိုင်းအပေါ် ရာသီဥတု ပြောင်းလဲခြင်း၏ သက်ရောက်ပုံကို ခန့်မှန်းသော စာတမ်း ဖြစ်ပါသည်။ ယင်းဒေသ၏ အနာဂတ် မိုးရွာသွန်းမှုနှင့် အပူချိန်တို့ကို တွက်ချက် ခန့်မှန်းခြင်းဖြင့် သဘာဝဘေးအန္တရာယ်၏ သက်ရောက်မှုကို လျှော့ချရန်နှင့် ယင်းနှင့် လိုက်လျော ညီထွေသော ဆောင်ရွက်ချက်များကို အကောင်အထည်ဖော် အသင့်ပြင်ထားနိုင်ရန် ရည်ရွယ်ပါသည်။

နိုင်ငံတကာ၌ ရာသီဥတုပြောင်းလဲမှုကို လေ့လာရာတွင် ရာသီဥတုမော်ဒယ်များကို အသုံးပြုကြရာ ဤစာတမ်းကို ပြုစုရာတွင် General Circulation Model (GCM) ကို အသုံးပြုထားပါသည်။

ရာသီဥတုပြောင်းလဲခြင်းနှင့် ဧရာဝတီမြစ်ဝှမ်းအထက်ပိုင်း

ရာသီဥတု ပြောင်းလဲခြင်းသည် တစ်ကမ္ဘာလုံး၌ ပေါ်ပေါက်နေသော ဖြစ်စဉ်တစ်ခု ဖြစ်ပြီး ယင်း၌ ထင်ရှားသော လက္ခဏာ သုံးခု ရှိပါသည်။
၁ – ကမ္ဘာ့ ပျမ်းမျှအပူချိန် ဖြည်းဖြည်းချင်း မြင့်တက်နေခြင်း၊
၂ – ကမ္ဘာ့ မိုးရွာသွန်းမှု ပုံစံ ပြောင်းလဲလာခြင်း၊
၃ – ပင်လယ်ရေပြင် မြင့်တက်လာခြင်း၊

လေထုတွင်း ကာဘွန်ဒိုင်အောက်ဆိုက်နှင့် အခြား ဖန်လုံအိမ်ဓာတ်ငွေ့များ မြင့်တက်လာခြင်း၊ မြေအသုံးချမှု ပုံစံ ပြောင်းလဲလာခြင်း၊ စက်မှုလုပ်ငန်းမှ စွန့်ပစ်ပစ္စည်းများနှင့် လူမှု အဖွဲ့အစည်း ဖွံ့ဖြိုးမှုတို့အတွက် အခြား လုပ်ဆောင်ချက်များကြောင့် ဒေသတွင်းနှင့် ကမ္ဘာ့ရာသီဥတုတို့ ပြောင်းလဲလာခြင်း ဖြစ်သည်။

ရာသီဥတု ပြောင်းလဲမှုကြောင့် ၁၉၇၀ နှစ်များမှစ၍ ကမ္ဘာ့ ပျမ်းမျှ အပူချိန်သည် ဆယ်စုနှစ် တစ်ခုလျှင် ၀.၂ ဒီဂရီ စင်တီဂရိတ် မြင့်တက်လာသည်ဟု ဆိုကြပါသည်။ ကမ္ဘာ့ ပျမ်းမျှ မိုးရွာသွန်းမှုနှင့် ဆီးနှင်း ကျမှုသည် လွန်ခဲ့သော နှစ်တစ်ရာ အတွင်း နှစ်ရာခိုင်နှုန်း များပြားလာခဲ့သည်ဟု ဆိုကြပါသည်။ ကမ္ဘာ အနှံ့အပြားတွင် နှစ်စဉ် နှစ်တိုင်း အပူချိန်နှင့် မိုးရွာသွန်းမှု ပြောင်းလဲခြင်းကြောင့် မုန်တိုင်း တိုက်ခတ်ခြင်း၊ ရေကြီးခြင်း၊ မိုးခေါင်ခြင်း၊ အစရှိသည့် ဖြစ်စဉ်များ တစ်နှစ်ထက် တစ်နစ် ပို၍ ဆိုးရွား ပြင်းထန်လာပါသည်။

ရာသီဥတု ပြောင်းလဲမှု ဖြစ်စဉ်များကြောင့် မြို့ရွာ၊ နိုင်ငံ နှင့် ဒေသအဆင့်ဆင့်တွင် ရေအရင်းအမြစ်များသည် မသေချာ မရေရာသော အခြေအနေနှင့် ရင်ဆိုင် ကြုံတွေ့လာရပါသည်။ ရာသီဥတု ပြောင်းလဲခြင်းသည် ရေသံသရာ လည်ပတ်မှုအပေါ် အကျိုးသက်ရောက်ပြီး မြစ်ရေ စီးဆင်းမှု နှင့် ရေရရှိမှုကို ပြောင်းလဲစေသည်။ ထို့ကြောင့် မြစ်ဝှမ်းဒေသများ၏ ဇလဗေဒ အခြေအနေ အကြောင်း သိရှိရန် ရာသီဥတု ပြောင်းလဲခြင်းကို နားလည် သဘောပေါက်ရန် အရေးကြီးပါသည်။

မြန်မာနိုင်ငံသည် အပူချိန်နှင့် မိုးရွာသွန်းမှုပြောင်းလဲခြင်းကြောင့် အများဆုံး ထိခိုက်နိုင်သည့် နိုင်ငံများထဲတွင် ပါဝင်နေသည့်အတွက် မြန်မာ့ မြစ်ဝှမ်းများ အသီးသီးရှိ ရေအရင်းအမြစ်များ ဖူလုံရေးသည် စိုးရိမ်ဖွယ်ရာ ရင်ဆိုင်ရတော့မည် ဖြစ်ပါသည်။

မြန်မာနိုင်ငံ၏ အဓိကမြစ် ဖြစ်သော ဧရာဝတီမြစ်သည် ဇီဝမျိုးစုံ မျိုးကွဲ ကြွယ်ဝခြင်း၊ အနာဂတ် စိန်ခေါ်မှုများကြောင့် ထိခိုက်လွယ်ခြင်းတို့ကြောင့် ကမ္ဘာက ဦးစားပေး စောင့်ကြည့်ခြင်းခံရသော မြစ်ပေါင်း ၃၀ ထဲတွင် ပါဝင်သည်။ ထို့ကြောင့် ယင်းမြစ်ဝှမ်းအတွင်း ရာသီဥတု ပြောင်းလဲခြင်း၏ အကျိုးသက်ရောက်မှု ပမာဏနှင့် အနာဂတ်တွင် ဖြစ်ပေါ်လာနိုင်သည့် အကျိုးဆက်တို့ကို နားလည် သဘောပေါက်ရန် အရေးကြီးပါသည်။ မြန်မာနိုင်ငံ၏ စိုက်ပျိုးရေး၊ ရေအားလျှပ်စစ်၊ ရေကာတာများ တည်ဆောက်ခြင်း၊ ရေလွှမ်းမိုးမှု စီမံခန့်ခွဲရေးနှင့် ထိန်းသိမ်းစောင့်ရှောက်ခြင်း အစရှိသော စီမံချက်များ ရေးဆွဲရာတွင် ခန့်မှန်းရရှိသော အနာဂတ် ရာသီဥတု ဆိုင်ရာ အချက်အလက်များကို ထည့်သွင်း စဉ်းစားရန် အချိန်တန်ပြီ ဖြစ်ပါသည်။

ထို့ကြောင့် ဧရာဝတီမြစ်ဝှမ်း အထက်ပိုင်း ဒေသ၏ စဉ်ဆက်မပြတ် ဖွံ့ဖြိုး တိုးတက်ရေးနှင့် ရေစီမံခန့်ခွဲမှု အပေါ် အနာဂတ် ရာသီဥတု ပြောင်းလဲခြင်း ဖြစ်စဉ်များက မည်သို့ မည်ပုံ အကျိုး သက်ရောက်မည်ကို ဆန်းစစ် လေ့လာရန် အဓိက ရည်ရွယ်ချက်ဖြင့် ဤလေ့လာမှုကို လုပ်ဆောင်ပါသည်။

ဧရာဝတီ မြစ်ဝှမ်း အထက်ပိုင်းဒေသသည် မြောက်လတ္တီတွဒ် ၁၅ ဒီဂရီ ၃၀ မိနစ်နှင့် ၂၈ ဒီဂရီ ၅၀ မိနစ်ကြား၊ အရှေ့ လောင်ဂျီတွဒ် ၉၃ ဒီဂရီ ၁၆ မိနစ်နှင့် ၉၈ ဒီဂရီ ၄၂ မိနစ်ကြား၊ ကချင်ပြည်နယ် မန္တလေးတိုင်း ဒေသကြီး ရှမ်းပြည်နယ် အနောက်ပိုင်းနှင့် စစ်ကိုင်းတိုင်းဒေသကြီး အရှေ့တောင်ထောင့်တို့ ပါဝင်ပါသည်။ တစ်နည်းဆိုရလျှင် အလယ်ပိုင်း ခြောက်သွေ့ဒေသ တစ်စိတ် တစ်ပိုင်းနှင့် မြောက်ဘက်တောင်တန်းဒေသတို့ သည် ဧရာဝတီမြစ်ဝှမ်း အထက်ပိုင်းဒေသ ဖြစ်ပါသည်။ ရေဝေဒေသအကျယ်အဝန်းမှာ ၁၅၂၂၆၄ စတုရန်း ကီလိုမီတာ ရှိသည်။

ဤလေ့လာချက်၌ ယင်းဒေသရှိ မိုးဇလ တိုင်းတာရေးစခန်း ၁၄ ခု၏ ၁၉၈၁ မှ ၂၀၁၅ ခုနှစ်များအထိ မိုးလေဝသဆိုင်ရာ မှတ်တမ်းများကို အခြေခံ၍ ကမ္ဘာ့ ရာသီဥတု မော်ဒယ် ၁၃ ခုတို့တွင် ထည့်သွင်း တွက်ချက်ကာ ၂၀၂၀ ပြည့်နှစ်မှ ၂၁၀၀ ပြည့်နှစ်အတွင်း တွေ့ကြုံရနိုင်ဖွယ်ရှိသော မိုးရွာသွန်းမှုနှင့် အပူချိန်တို့ကို ခန့်မှန်း တင်ပြထားပါသည်။

ဤလေ့လာချက်တွင် ဖန်လုံအိမ်ဓာတ်ငွေ့ထုတ်လွှတ်ခြင်း၊ မြေယာအသုံးချပုံ ပြောင်းလဲလာခြင်း၊ လူဦးရေတိုးပွားလာခြင်း၊ နည်းပညာဆိုင်ရာ ဖွံ့ဖြိုးတိုးတက်လာခြင်း အစရှိသည်တို့ကို ထည့်သွင်းစဉ်းစားထားသည့် ခန့်မှန်းအနာဂတ် ဖြစ်နိုင်ခြေ ၄ မျိုးကို အခြေခံ၍ ဧရာဝတီမြစ်ဝှမ်း အထက်ပိုင်းဒေသတွင် ၂၁ ရာစုအတွင်း ပြောင်းလဲလာနိုင်သည့် မိုးရေချိန်၊ အမြင့်ဆုံးအပူချိန် နှင့် အနိမ့်ဆုံး အပူချိန်တို့ကို ခန့်မှန်းထားပါသည်။

မိုးရွာသွန်းမှု

မှတ်တမ်းများအရ ဒေသတွင်း မိုးရွာသွန်းမှုသည် ကွာဟချက်ကြီးမားလှကြောင်း တွေ့ရှိရပါသည်။ နှစ်စဉ် ပျမ်းမျှ မိုးရေချိန်သည် ၇၇၈ မီလီမီတာနှင့် ၄၁၄၀ မီလီမီတာ ကြားတွင် ရှိသည်။ ပူတာအိုတွင် မိုးအများဆုံး ရွာကာ မန္တလေး၊ မိတ္ထီလာ၊ စစ်ကိုင်း၊ ရွှေဘိုနှင့် ရမည်းသင်းတို့တွင် မိုးနည်းသည်။

အပူချိန်

မိုးရွာသွန်းမှု ကွာဟချက် ကြီးမားသကဲ့သို့ အမြင့်ဆုံး အပူချိန်နှင့် အနိမ့်ဆုံး အပူချိန်လည်း ကွာခြားပါသည်။ ဥပမာ ရမည်းသင်းမြို့၌ လစဉ် ပျမ်းမျှအမြင့်ဆုံး အပူချိန်သည် မေလတွင် ဖြစ်ပေါ်ပြီး ၄၀ .၆ ဒီဂရီ စင်တီဂရိတ်ဖြစ်ပါသည်၊ ပူတာအို၌ လစဉ် ပျမ်းမျှ အမြင့်ဆုံးအပူချိန်သည် ဇန်နဝါရီလတွင် ဖြစ်ပေါ်ပြီး ၂၀ . ၇၅ ဒီဂရီ စင်တီဂရိတ်ဖြစ်ပါသည်၊ ဒေသတွင်း အပူဆုံးလသည် ဧပြီလဖြစ်ပြီး ပျမ်းမျှအပူချိန်သည် ၃၅ . ၅ ဒီဂရီစင်တီဂရိတ်နှင့် အအေးဆုံးလသည် ဇန်နဝါရီဖြစ်ပြီး အပူချိန်မှာ ၁၀ ဒီဂရီ စင်တီဂရိတ် ဖြစ်သည်။ မန္တလေး၊ မိတ္ထီလာ၊ စစ်ကိုင်း၊ ရွှေဘို၊ ရမည်းသင်းနှင့် ရေဦးတို့၏ နှစ်စဉ် အမြင့်ဆုံးနှင့် နှစ်စဉ် အနိမ့်ဆုံး အပူချိန်များသည် ဒေသတွင်း၌ အမြင့်ဆုံး ဖြစ်ကြသည်။

အနာဂတ်ဖြစ်နိုင်ခြေ

ခန့်မှန်း အနာဂတ် ဖြစ်နိုင်ခြေ အားလုံးတွင် မိုးရာသီနှင့် ဆောင်းရာသီများတွင် မိုးရွာသွန်းမှု ပမာဏ ပိုမိုလာနိုင်ပြီး နွေရာသီတွင် မိုးရွာသွန်းမှု ပမာဏ လျော့နည်းသွားမည် ဖြစ်ကြောင်း ခန့်မှန်း ရပါသည်။ ဒေသတစ်ခုလုံး၏ လစဉ် ပျမ်းမျှ မိုးရွာသွန်းမှုသည်လည်း အထက်ပါ ပုံစံအတိုင်း ပြောင်းလဲပါမည်။

အနာဂတ်တွင် နွေမိုးဆောင်း ရာသီ သုံးပါးစလုံးတွင် အပူချိန် မြင့်တက်လာမည်ဖြစ်ပြီး မိုးနှင့် ဆောင်းရာသီ ကာလများထက် နွေရာသီ ကာလတွင် အမြင့်ဆုံးနှင့် အနိမ့်ဆုံး အပူချိန်တို့၏ အပူချိန်တက်နှုန်း အမြင့်မားဆုံးနှုန်းဖြင့် တက်လာပါမည် ဖြစ်ပါသည်။ ထို့အပြင် နွေမိုးဆောင်း ရာသီ သုံးပါးစလုံးတွင် လစဉ် အနိမ့်ဆုံး အပူချိန်တက်မှုသည် အမြင့်ဆုံး အပူချိန်တက်မှုထက် ပိုမိုလာမည်ဟု ကောက်ချက်ချပါသည်။

အလယ်ပိုင်း ခြောက်သွေ့ဒေသတွင် အပူလွန် ဖြစ်စဉ်များကို မကြာခဏ ကြုံရသကဲ့သို့ မြောက်ဘက် တောင်တန်း ဒေသတွင်လည်း မိုးခေါင်မှုများနှင့် ရေကြီးခြင်းများ ဖြစ်ပေါ်တတ်ပါသည်။

အချုပ်ဆိုရလျှင် ဧရာဝတီအထက်ပိုင်းဒေသသည် အနာဂတ်၌ မိုးရာသီတွင် မိုးသိသာစွာ များလာပြီး နွေအခါ လွန်ကဲသောအပူချိန်ကို ကြုံတွေ့ရန် ရှိပါသည်။

Key words: Climate Change; Ayarwaddy ရာသီဥတုပြောင်းလဲမှု ဧရာဝတီမြစ်

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s