သက်မဲ့ဇုန်များနှင့် ရာသီဥတု ပြောင်းလဲမှု

လူတို့သည် အောက်ဆီဂျင် အဓိကပါသောလေဖြင့် ရှင်သန်ကြသည့်နည်းအတိုင်း ရေနေသတ္တဝါ အများစုသည်လည်း ရေတွင် ပျော်ဝင်နေသော အောက်ဆီဂျင်ဖြင့် ရှင်သန်ကြသည်။ ရေတွင် ပျော်ဝင်နေသည့် အောက်ဆီဂျင်တို့ တစ်နည်းနည်းဖြင့် လျော့နည်းလာသောအခါ ရေသတ္တဝါတို့ မရှင်သန် မရပ်တည်နိုင်ကြ တော့သဖြင့် ငါး ပုစွန်စသည့် သွားလာရလွယ်သော သတ္တဝါတို့သည် အောက်ဆီဂျင် ရနိုင်သော အခြားနေရာများသို့ ကူးလူး ရွှေ့ပြောင်းကြသည်။ သွားလာ ရွှေ့ပြောင်းရန် မလွယ်သည့် ကမာကောင် စသည်တို့မှာမူ သေဆုံးကြသည်။ ကြာသော် ယင်းနေရာတွင် ရေနေသက်ရှိတို့ ကင်းမဲ့သွားသဖြင့် သက်မဲ့ဇုန် (Dead Zone)ဟု ခေါ်သည်။

ကုန်းမြေနှင့် ဝေးသည့် ရေထုအတွင်းပိုင်း နေရာများတွင် သက်ရှိရေသတ္တဝါများ သဘာဝအလျောက် မနေထိုင်ကြသည့် နေရာများ ရှိသော်လည်း ယင်းနေရာတို့ကို သက်မဲ့ဇုန်ဟု မခေါ်ချေ။ သဘာဝအားဖြင့် ရေနေသတ္တဝါတို့သည် ကမ်းရိုးတန်းအနီး ရေထုထဲတွင် အများအားဖြင့် နေထိုင် ကျက်စားကြရာ အကြောင်းအမျိုးမျိုးကြောင့် ယင်းနေရာများတွင် သတ္တဝါတို့ ရှင်သန်ရန် လိုအပ်သည့် အောက်ဆီဂျင်ဓာတ် လျော့နည်းနေ ကင်းမဲ့နေမှ အဆိုပါ နေရာများကို သက်မဲ့ဇုန်ဟု ခေါ်ကြသည်။

သက်မဲ့ဇုန်များ ပေါ်လာရခြင်းမှာ ဓာတ်မြေသြဇာနှင့် အခြားစိုက်ပျိုးရေးလုပ်ငန်းထွက် အညစ်အကြေးများ၊ စက်မှု လုပ်ငန်းမှ ထွက်သည့် အညစ်အကြေးများ၊ လူ့မိလ္လာများ ရေထုထဲ ရောက်လာခြင်းကြောင့် ဖြစ်သည်။

ပုံမှန်အခြေအနေတွင် ဓာတ်မြေသြဇာနှင့် အညစ်အကြေးများထဲတွင် ပါသည့် နိုက်ထရိုဂျင်၊ ဖော့စဖောရပ် စသည်တို့ကို ကုန်းပေါ်တွင်ကတည်းက အပင်တို့က စုပ်ယူလိုက်သဖြင့် ရေထုထဲထိ မရောက်ကြချေ။ ထို့အတူ စက်မှုလုပ်ငန်း အညစ်အကြေးများ၊ လူ့အညစ်အကြေးများကို မြစ်ရေ ချောင်းရေတို့က သဘာ၀ အလျောက် အတိုင်းအတာတစ်ခုအထိ သန့်စင်ပေးနိုင်သည်။

သို့သော် စိုက်ပျိုးရေးနှင့် စက်မှုလုပ်ငန်းများ အလွန်အကျွံ တိုးတက် များပြားလာသောအခါ ယင်းတို့မှ ထွက်သည့် နိုက်ထရို ဂျင် စသည့် ဓာတ်များကို အပင်များက နိုင်အောင် မစုပ်နိုင်တော့၊ မြစ်ရေတို့က မသန့်စင်နိုင်တော့ဘဲ သမုဒ္ဒရာရေထုထဲသို့ ရောက်လာသည်။ အညစ်အကြေးတို့တွင်ပါသည့် နိုက်ထရိုဂျင်တို့သည် ရေမျက်နှာပြင်တွင် ပေါက်ပွားသော ဖိုင်တိုပလန်တွန် ခေါ် အပင်ငယ်များ၏ သည်းခြေကြိုက်အစာ ဖြစ်သည်။

သက်မဲ့ဇုန်များပေါ်ပေါက်လာပုံ

နိုက်ထရိုဂျင်ကြောင့် ရေမျက်နှာပြင်တွင် အဆမတန် များပြားလာသည့် ဖိုင်တိုပလန်တွန် အပင်များက ထုတ်လုပ်သော အော်ဂဲနစ်ဓာတ်ပေါင်းများ အနည်ထိုင်လျှင် သော်လည်း ကောင်း၊ ဖိုင်တိုပလန်တွန်များ သေဆုံး၍ ရေအောက်ရောက်လျှင် သော်လည်းကောင်း ရေအောက်ကြမ်းပြင်ရှိ ဘက်တီးရီးယားတို့က ယင်းတို့၏ အစာအဖြစ် စားသုံးသည်။ ဘက်တီရီးယားတို့သည် အစာချက်လုပ်ရာတွင် ရေထဲတွင် ပျော်ဝင်နေသည့် အောက်ဆီဂျင်ကို စုပ်ယူသည်။ ရေပြင်ပေါ်တွင် ဖိုင်တို ပလန်တွန် များလာခြင်းသည် နောက်ဆုံးတွင် ဘက်တီးရီးယားတို့ ရေထဲရှိ အောက်ဆီဂျင်ကို ပိုမို စုပ်ယူခြင်းဟူသော အကျိုးဆက်ကို ဖြစ်ပေါ်စေသည်။ ယင်းအကျိုးဆက်ကြောင့် ရေတွင် ပျော်ဝင်နေသော အောက်ဆီဂျင် လျော့နည်း ကုန်ခမ်း သွားကာ သက်မဲ့ဇုန်များ ပိုမိုပေါ်ပေါက်လာသည်။ ရေထုထည် အပုံ ၁ သန်းတွင် အောက်ဆီဂျင်ပမာဏ ၂ ပုံထက် နည်းနေပါ က ယင်းရေတွင် သတ္တဝါတို့ မရှင်သန်နိုင်ကြသဖြစ့် သက်မဲ့ဇုန်ဟု သတ်မှတ်သည်။

သက်မဲ့ဇုန်များ

မြစ်များသည် ကုန်းတွင်းမှ စိုက်ပျိုးရေး စက်မှုလုပ်ငန်းနှင့် လူ့အညစ်အကြေးများကို သယ်ဆောင်ကာ သမုဒ္ဒရာများထဲသို့ သွန်ချကြ၍ သက်မဲ့ဇုန်များကို မြစ်ဝများအနီးတွင် တွေ့ရသည်။ ကမ္ဘာ့သမုဒ္ဒရာများရှိ သက်မဲ့ဇုန် အရေအတွက်သည် ယခုအခါ ၄၀၀ ခန့်ရှိပြီး စုစုပေါင်းဧရိယာမှာ စတုရန်းမိုင် ၁၆၀၀၀၀၀ ကျော်မျှ ဖြစ်သည်။ ဆက်လက်များပြားလာရန် ရှိနေသည်။

သက်မဲ့ဇုန်များ ပေါ်ပေါက်တိုးပွားလာခြင်း လျော့နည်းသွားခြင်းတို့သည် ရာသီဥတုအခြေအနေပေါ်တွင်လည်း တည်မှီသည်။ ရေမျက်နှာပြင်သည် လေထုနှင့်ထိတွေ့နေသဖြင့် လေထဲမှအောက်ဆီဂျင်များ ရေမျက်နှာပြင်မှ တစ်ဆင့် ရေနက်ပိုင်းအထိ တဖြည်းဖြည်း ပျော်ဝင်ရောက်ရှိသည်။ သို့သော် ရာသီဥတု အခြေအနေအရ ရေများ အလွှာလိုက် ကန့်လန့်ဖြတ် တည်နေကြပြီး အပေါ်ရေနှင့် အောက်ရေ ရောနှောရန် မလွယ်သော အခါမျိုးတွင် အပေါ်မှ အောက်ဆီဂျင်များ အောက်အထိ မရောက်နိုင်ကြသဖြင့် သက်မဲ့ဇုန်များ ဖြစ်ပေါ် ကြီးထွားလာနိုင်သည်။ ရေစီးကြောင်း၊ မုန်တိုင်း တိုက်ခတ်မှု စသည်တို့ကြောင့် ရေများ ရောနှောမိကြသောအခါတွင်မူ အောက်ဆီဂျင်များ အနက်ပိုင်းသို့တိုင် ရောက်၍ သက်မဲ့ဇုန် အကျယ်အဝန်း သည် သေးငယ်လာတတ်သည်။

ပြောင်းလဲလာသော ရာသီဥတုသည် သက်မဲ့ဇုန် များပြား ကြီးထွားလာရန် အားပေးသကဲ့သို့ ရှိနေသည်။ ပူနွေးသော ရေထုသည် အောက်ဆီဂျင်ကို ထိန်းထားနိုင်စွမ်း နည်းပါးသည်၊ ထို့ပြင် ပူနွေးသော ရေထုတွင် အပေါ်ရေနှင့် အောက်ရေ ရေနှောရန် ပုံမှန်ထက် ပို၍ ခက်ခဲ့သည်။ မိုးပိုရွာလာသောဒေသများတွင် မြေပေါ်ရေစီး ပိုများလာသဖြင့် ယင်းတို့နှင့်အတူ မျောပါလာသော နိုက်ထရိုဂျင်၊ ဖော့စဖောရပ်များကြောင့် သက်မဲ့ဇုန် ပိုများလာနိုင်သည်။

Key words: Dead Zone; Water pollution
သက်မဲ့ဇုန် ရေညစ်ညမ်းမှု

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s