မိုးရွာခြင်း လေတိုက်ခြင်း စသည့် မိုးလေဝသ ဖြစ်စဉ်များ၊ နွေ မိုး ဆောင်း ရာသီဥတုများသည် လေထုကြောင့် အဓိက ပေါ်ပေါက်သည့် သဘာဝ အခြင်းအရာများ ဖြစ်သော်လည်း ယင်းတို့ ဖြစ်ပေါ် ပြောင်းလဲရာတွင် ရေထုသည်လည်း လေထုကဲ့သို့ပင် အရေးပါသည်။
မိုးလေဝသနှင့် ရာသီဥတု ဖြစ်စဉ်များကို မောင်းနှင်နေသည့် စွမ်းအင်မှာ နေရောင်ခြည် အပူဓာတ် ဖြစ်သည်။ ရေမျက်နှာပြင်သည် ကမ္ဘာ့မျက်နှာပြင် စုစုပေါင်း၏ ၇၀ ရာခိုင်နှုန်းမျှ ရှိသည့်အတွက် နေရောင်ကို စုပ်ယူနိုင်သည့် ဧရိယာသည် ကုန်းမြေထက် ပိုသည်။ ထို့အပြင် ရေမျက်နှာပြင်၏ အရောင်သည် ကုန်းမြေ၏ အရောင်ထက် ပိုရင့်သဖြင့် နေရောင်ကို စုပ်ယူနိုင်မှု စွမ်းအားသည် ကုန်းမြေထက် ပိုသည်။ သဘာဝအားဖြင့်လည်း ရေထုသည် လေထုထက် အပူဓာတ်ကို ပိုမို စုပ်ယူ သိုမှီးထားနိုင်စွမ်း ရှိသည်။ ဤနည်းဖြင့် များမြောင်လှသော အပူဓာတ်ကို စုပ်ယူထားသော သမုဒ္ဒရာ ရေထုသည် ကမ္ဘာ့ ရာသီဥတုကို ကောင်းစွာ ခြယ်လှယ်လျက် ရှိသည်။
သမုဒ္ဒရာများက စုပ်ယူထားသော အပူဓာတ်သည် အငွေ့ပျံတက်လာသော ရေငွေ့များထဲတွင် ပါလာသည်။ ရေငွေ့များသည် လေတိုက်မှုကြောင့် အမြင့်ပိုင်းသို့ ရောက်သောအခါ အေးလာလျက် အငွေ့အဖြစ်မှ အရည်ဘဝသို့ ပြောင်းကာ မိုးအဖြစ် ရွာကျသည်။ ထိုအခါ အပူဓာတ် လွတ်ထွက်လာပြီး လေထုကို ပူပြင်းစေသည်။ ပူလာသော လေထုသည် စွမ်းအင်မြင့်လာကာ လေပြင်းများ တိုက်ခတ်သည်။ ထိုမှတစ်ဆင့် မုန်တိုင်းများကိုလည်း ဖြစ်ပေါ်စေတတ်သည်။
ရေထုသည် မိုးရွာခြင်း မုန်တိုင်းတိုက်ခြင်းတို့ကို ဖန်တီးသည့် နည်းတူ ကမ္ဘာ့တစ်နေရာရှိ အပူတို့ကို သမုဒ္ဒရာ ရေစီးကြောင်းများက အခြားတစ်နေရာသို့ သယ်ဆောင်ခြင်းဖြင့် ဆိုင်ရာဒေသများ၏ ရာသီဥတုကို ကြိုးကိုင် ဖန်တီးသည်။ ကုန်းမြေပေါ်တွင် စီးဆင်းနေသော မြစ်များကို မြင်သာသော်လည်း သမုဒ္ဒရာထဲတွင် စီးနေသည့် ရေစီးကြောင်းတို့ကို မမြင်သာချေ။ သို့သော် ရေမျက်နှာပြင်တွင်ရော၊ ရေအောက် အနက်ပိုင်းတွင်ပါ စီးနေသည့် ယင်းရေစီးကြောင်းများသည် ကုန်းမြေပေါ်ရှိ မြစ်များထက်ပင် ထုထည်ကြီးမားသည်။
ရေစီးကြောင်းများ လှုပ်ရှား လည်ပတ်နေခြင်းမှာ လေတိုက်ခြင်း၊ ကမ္ဘာလည်ပတ်ခြင်း၊ အပူချိန် မညီမျှခြင်း၊ အငန်ဓာတ် မညီမျှခြင်းတို့ကြောင့် ဖြစ်သည်။ သမုဒ္ဒရာ ရေစီးကြောင်းများအနက် အကြီးဆုံးမှာ ကမ္ဘာ့ ရွေ့လျားခါးပတ် (Global Conveyor Belt ) ဟု တင်စား ခေါ်ဝေါ်ကြသည့် ကမ္ဘာပတ် ရေစီးကြောင်း ဖြစ်သည်။
တောင်အမေရိကတိုက် အယ်မဇုန်မြစ်ထက် အဆ ၁၀၀ ခန့်ကြီးသည့် ကမ္ဘာပတ်ရေစီးကြောင်းသည် ကမ္ဘာ့ အရှေ့ခြမ်း ပစိဖိတ် သမုဒ္ဒရာမှ နေရောင်အပူကို သယ်ဆောင်၍ စီးဆင်းလာပြီး သြစတေးလျတိုက်၊ အင်ဒိုနီးရှား ကျွန်းစု၊ အာဖရိကတိုက် တောင်ဘက်တို့ကို ဖြတ်၍ ကမ္ဘာ့အနောက်ခြမ်း အတ္တလန်တိတ် သမုဒ္ဒရာသို့ ရောက်လာသည်။
ရေစီးကြောင်းတွင် ပါလာသော အပူ၏ သက်ရောက်မှုကြောင့် ဥရောပတိုက်၏ အတ္တလန်တိတ် သမုဒ္ဒရာ ကမ်းခြေဝန်းကျင် အရပ်များသည် ဆောင်းအခါတွင် အနွေးဓာတ် ရသည်။ အနောက်ဥရောပ နိုင်ငံများက ယင်းနည်းဖြင့် ရသည့် အနွေးဓာတ် ပမာဏသည် နေရောင်မှ ရသည့် အနွေးဓာတ် ပမာဏ၏ ၃ ပုံ ၁ ပုံမျှ ရှိမည်ဟု ခန့်မှန်းကြသည်။
ယင်းသို့ ရေစီးကြောင်းမှ အနွေးဓာတ် ရသော ဥရောပ တိုင်းပြည်များနှင့် လတ္တီတွဒ် တစ်တန်းတည်း ဖြစ်သော အတ္တလန်တိတ် သမုဒ္ဒရာ၏ ဟိုမှာဘက်ကမ်းရှိ အရပ်များသည် အနွေးဓာတ် မရသဖြင့် ဥရောပ တိုင်းပြည်များထက် များစွာ အအေးပိုသည်။ ကမ္ဘာ့ ရွေ့လျားခါးပတ် ရေစီးကြောင်းက အချို့ ဥရောပ တိုင်းပြည်များကို အနွေးဓာတ်ပေးသကဲ့သို့ အမေရိကန်ပြည် အောက်ပိုင်းမှ စီးဆင်းလာသည့် ပင်လယ်ကွေ့ ရေစီးကြောင်းက သယ်လာသော အပူဓာတ်သည်လည်း ဥရောပမြောက်ပိုင်း နော်ဝေ စသည့် တိုင်းပြည်များကို အနွေးဓာတ်ပေးသည်။
ကမ္ဘာ့ ရွေ့လျားခါးပတ် ရေစီးကြောင်းသည် မိမိ၏ အပူဓာတ်ကို စွန့်ထုတ်ခဲ့ရသဖြင့် ဥရောပတိုက်ကို လွန်သော် ရေအပူချိန် ကျဆင်းလာသည်။ စီးလာရာ လမ်းတစ်လျှောက်တွင် အပူဓာတ်ကြောင့် ရေအချို့ အငွေ့ပျံသွားကြသဖြင့် အငန်ဓာတ် ပိုများလာသည်။ ပို၍ သိပ်သည်းလာသည်။ အတ္တလန်တိတ် သမုဒ္ဒရာ မြောက်ပိုင်း အိုက်စလန်ကျွန်းအနီးသို့ ရောက်သော် အောက်ခြေမှ ရေများထက် ပိုလေးလာသဖြင့် အောက်ပိုင်းသို့ မြုပ်ဆင်းကာ ရေအောက် ရေအေးစီးကြောင်း အဖြစ်နှင့် သမုဒ္ဒရာကြမ်းပြင်ကို ရှပ်၍ စီးရင်း အာဖရိကတောင်ပိုင်းနှင့် သြစတေးလျအောက်ပိုင်းတို့ကို ဖြတ်၍ ပစိဖိတ်သမုဒ္ဒရာသို့ ပြန်ရောက်သည်။

မူရင်းနေရာသို့ ရောက်သောအခါ ရေတို့သည် ပြန်လည် ပူနွေးလာလျက် အပေါ်ပိုင်းသို့ ပြန်တက်ကြသည်။ ဤနည်းဖြင့် ရေတို့သည် ပစိဖိတ်နှင့် အတ္တလန်တိတ် သမုဒ္ဒရာအကြား ရွေ့လျားခါးပတ်ကြီးတစ်ခုသဖွယ် စီးဆင်း၍ သံသရာ လည်နေသည်။ ယင်းရေစီးကြောင်းသည် ထုထည်ကြီးမားသော်လည်း ရွေ့လျားမှုမှာ နှေးကွေးလှသည်။ ရေစီးကြောင်း တစ်ပတ်ပတ်မိရန် နှစ် ၁၅၀၀ ခန့် ကြာသည်။
ကမ္ဘာ့ရွေ့လျားခါးပတ်ရေစီးကြောင်းသည် လွန်ခဲ့သော နှစ်ပေါင်း ၁၂၀၀၀ ခန့် ရေခဲခေတ်ကုန်ဆုံးချိန်မှ စ၍ အပြောင်းအလဲ မရှိသလောက်ဖြင့် ပုံမှန်လည်ပတ်နေခဲ့သည်။ အနောက်ဥရောပနိုင်ငံများ အနွေးဓာတ် ရနေခြင်းအပါအဝင် ရေစီးကြောင်း၏ သဘာ၀၀န်ဆောင်မှုများသည်လည်း ပုံမှန်ဖြစ်ပေါ်နေခဲ့သည်။
ကမ္ဘာ့ရွေ့လျားခါးပတ်ရေစီးကြောင်းသရုပ်ပြဗီဒီယိုရှုစားရန် Click here
သို့သော် လွန်ခဲ့သော နှစ်ပေါင်း ၁၅၀ ကျော် စက်မှု တော်လှန်ရေးခေတ်မှ စ၍ ကာဘွန်ဒိုင်အောက်ဆိုက် ဓာတ်ငွေ့များ လေထုထဲ ရောက်လာကာ ကမ္ဘာ့အပူချိန် တက်လာသည်တွင် ရေစီးကြောင်း စီးဆင်းမှုတွင် အပြောင်းအလဲများ ပေါ်လာတော့မည်လောဟု ပညာရှင်တို့က စိုးရိမ်ခဲ့သည်။
စိုးရိမ်ခဲ့သည့်အတိုင်း အပူချိန် တက်၍ မြောက်ဝင်ရိုးစွန်း အာတိတ်ရေခဲပြင်များ အရည်ပျော်ကာ ပင်လယ် သမုဒ္ဒရာများထဲ ပိုမို စီးဝင်လာခဲ့သဖြင့် မြောက်အတ္တလန်တိတ် သမုဒ္ဒရာရေ၏ အငန်ဓာတ်သည် လျော့နည်းစ ပြုလာသည်၊ ယခုအခါ ရေစီးကြောင်းကြီး၏ ရွေ့လျားနှုန်း နှေးကွေးလာလျက် ရှိသည်၊ ဥရောပတိုက် အနောက်ပိုင်းကို နွေးစေနေသည့် ရေစီးကြောင်း နှေးလာသည့်အတွက် ယင်းဒေသများသည် ဆောင်းရာသီ၌ အအေးပိုလာနိုင်စရာ ရှိသည်။
ကမ္ဘာ့ ရွေ့လျားခါးပတ် ရေစီးကြောင်းဟု ခေါင်းတပ်၍ ပြောသော်လည်း ကမ္ဘာတွင် ယင်းရေစီးကြောင်း အပါအဝင် တစ်ခုနှင့်တစ်ခု ဆက်နွယ်နေသည့် ရေပေါ်ရေအောက် အခြား ရေစီးကြောင်းများလည်း ရှိသေးသည်။ ယင်းတို့သည်လည်း ဆိုင်ရာ ကုန်းမြေများ၏ မိုးလေဝသနှင့် ရာသီဥတု အခြေအနေ ဖြစ်ပေါ်မှုတွင် အကျိုးသက်ရောက်မှု ရှိကြသည်။ ရေစီးကြောင်းများ နှေးကွေးလာခြင်းသည် ဥရောပတိုက် သာမက မြောက်အမေရိက အရှေ့ပိုင်း၊ အနောက် အာဖရိကတိုက်အပြင် အာရှ မုတ်သုန်ဒေသများ၏ ရာသီဥတုကိုပါ သက်ရောက် ထိခိုက်လာနိုင်စရာ ရှိသည်။
One thought on “သမုဒ္ဒရာ ရေစီးကြောင်းနှင့် ရာသီဥတု ပြောင်းလဲမှု”