မှန်အလုံပိတ်ထားသော ကားများထဲတွင် လူနှင့် အခြားပစ္စည်းများမှ ထွက်သော အပူဓာတ် သို့မဟုတ် အနီအောက်ရောင်ခြည်ကို ကားမှန်က တားဆီးထား၍ ကားတွင်း၌ ပူနွေးလာသကဲ့သို့ လေထုတွင်းရှိ သဘာဝ ဖန်လုံအိမ် ဓာတ်ငွေ့များသည်လည်း မြေပြင်ကို ရိုက်ခတ်ပြီး ပြန်ကန်ထွက်လာသော နေရောင် အပူဓာတ်ကို အာကာသထဲ ပြန်ထွက်ခွင့် မပေးဘဲ ထိန်းအုပ်ထားခြင်းဖြင့် ကမ္ဘာကို အလောတော် အခြေအနေ၌ နွေးထွေးစေသည်။ သို့သော် လူတို့က ရေနံ၊ ကျောက်မီးသွေးစသည့် ရုပ်ကြွင်းလောင်စာများကို အလွန်အကျွံ သုံးစွဲမှုကြောင့် ဖန်လုံအိမ်ဓာတ်ငွေ့ပမာဏ ရှိသင့်သည်ထက် များလာပြီး ကမ္ဘာ့အပူချိန်သည် တစ်ချိန်ထက် တစ်ချိန် တိုးတက်လာလျက် ရှိသည်။
ယင်းပြဿနာကို ကုစားဖို့ ကာဘွန်ဒိုင်အောက်ဆိုက် စသည့် ဖန်လုံအိမ်ဓာတ်ငွေ့များ ထုတ်လွှတ်မှုကို လျှော့ချရန် ကြိုးစားနေကြသော်လည်း ယင်းကြိုးပမ်းမှု အောင်မြင်ရန် အလားအလာမှာ အသင့်အတင့်သာ ရှိသေးသည်။ ထို့ကြောင့် ဖန်လုံအိမ်ဓာတ်ငွေ့ ပမာဏနှင့် ကမ္ဘာ့အပူချိန်သည် ဆက်လက် တက်နေဦးမည့် လက္ခဏာကို မြင်နေရသည်။
ရုပ်ကြွင်းလောင်စာ သုံးစွဲမှုကို လျှော့ချရန် သို့မဟုတ် အခြားစွမ်းအင်အရင်းအမြစ်များနှင့် အစားထိုးရန် ကြိုးစားနေကြချိန်တွင် အချို့ပညာရှင်များက ကမ္ဘာပူနွေးနေမှုကို တန်ပြန်နိုင်သည့် ဂျီအိုအင်ဂျင်နီယာ ပညာ (Geoengineering) ဖြင့် ရင်ဆိုင် အံတုနိုင်သည့်နည်းကိုလည်း ကြိုးစားနေကြသည်။
ဂျီအိုအင်ဂျင်နီယာပညာ ဆိုသည်မှာ တစ်ကမ္ဘာလုံး ပါဝင်ခြုံငုံမိအောင် ကြီးမားကျယ်ပြန့်သော စီမံကိန်းများဖြင့် ကမ္ဘာ့ရာသီဥတုကို အေးမြစေမည့် နည်းပညာကို ခေါ်သည်။ ဂျီအိုအင်ဂျင်နီယာပညာ၏ အခြေခံသဘောမှာ လေထုတွင်းရောက် ကာဘွန်ဒိုင်အောက်ဆိုက်များကို စုပ်ယူ ဖယ်ရှားရန်နှင့် ကမ္ဘာပေါ် ကျရောက်လာသည့် နေရောင်ခြည်များကို ကာဆီးပေးရန်တို့ ဖြစ်ကြသည်။
ဂျီအိုအင်ဂျင်နီယာပညာ အတွေးအခေါ်သည် ယခုမှ ပေါ်လာသည့် အသစ်အဆန်းတော့ မဟုတ်ပေ။ လွန်ခဲ့သည့် နှစ်ပေါင်း ၃၀ နီးပါးခန့်က အမေရိကန် ပညာရှင် ဂျွန်မာတင်က သမုဒ္ဒရာရေထဲသို့ သံဓာတ် တန်ချိန်ပေါင်းများစွာ သွန်ချထည့်သွင်း၍ ပလန်တွန်ခေါ် အပင်ငယ်များကို ပေါက်ပွားစေကာ ကာဘွန်ဒိုင်အောက်ဆိုက်တို့ကို စုပ်ယူဖယ်ရှားနိုင်ကြောင်း အဆို ပြုခဲ့သည်။

ကာဘွန်ဒိုင်အောက်ဆိုက်ကို ဖယ်ရှားရေး ကြိုးပမ်းချက်များအနက် တစ်ခုမှာ အိုက်စလန်နိုင်ငံတွင် ဆွစ်ကုမ္ပဏီတစ်ခုက စမ်းသပ် လည်ပတ်နေသော ကာဘွန်ဒိုင်အောက်ဆိုက်စုပ်စက် ဖြစ်သည်၊ မြေအောက် ရေနွေးငွေ့အပူဓာတ်ဖြင့် လည်ပတ်သော ယင်းစက်တွင် ပန်ကာများဖြင့် လေကို စုပ်သွင်းကာ ဓာတ်ငွေ့စစ် ကိရိယာကို ဖြတ်သန်းစေခြင်းဖြင့် စစ်ယူသည်၊ ရရှိသော ကာဘွန်ဒိုင်အောက်ဆိုက်များကို ရေနှင့် ရောကာ မြေအောက်အနက်ပိုင်းသို့ မှုတ်သွင်းသည်၊ ယင်းကာဘွန်ဒိုင်အောက်ဆိုက်အရည်များသည် နှစ်နှစ်ခန့် ကြာသောအခါ ခဲမာသွားမည်ဟု ဆိုသည်၊ တစ်နှစ်လျှင် ကာဘွန်ဒိုင်အောက်ဆိုက် တန်ချိန် ၄၀၀၀ ခန့် စုပ်ယူ ဖယ်ရှားနိုင်သည်။ ယင်းစက်သည် စမ်းသပ်ဆဲအဆင့်တွင်သာ ရှိသေးသည်၊ လက်တွေ့ စီးပွားတွက်ခြေ ကိုက်မကိုက် အဖြေပေါ်ရန် အချိန်ယူရဦးမည်။
ကာဘွန်ဒိုင်အောက်ဆိုက် အပါအဝင် ဖန်လုံအိမ် ဓာတ်ငွေ့များအပြင် ကမ္ဘာပူနွေးရခြင်း အကြောင်းရင်းများ အနက် အခြား အဓိက လက်သည်မှာ နေရောင်ခြည် ဖြစ်သည်။ ထို့ကြောင့် ကာဘွန်ဒိုင်အောက်ဆိုက် ပမာဏကို မလျှော့ချနိုင်သေးလျှင် ပူနွေးနေသော ကမ္ဘာပေါ် ကျနေသည့် နေရောင်ခြည် ပမာဏကို လျှော့ချရမည်။ ဂျီအိုအင်ဂျင်နီယာပညာကို အသုံးချရန် အားသန်သူတို့က နေရောင်ပမာဏကို ယင်းနည်းပညာကို သုံး၍ လျှော့ချနိုင်သည်ဟု ဆိုသည်။
ဂျီအိုအင်ဂျင်နီယာနည်းပညာများ အနက် တစ်ခုမှာ မီးတောင်ပေါက်မှု၏သဘောကို အသုံးချ၍ ကမ္ဘာ့အပူချိန် လျော့ကျအောင် လုပ်ခြင်း ဖြစ်သည်။ မီးတောင်ပေါက်ရာမှ ထွက်လာသည့် ဆာလ်ဖာအမှုန်များသည် လေထုအမြင့်ပိုင်း ဒေသများတွင် အချိန်အတန်ကြာ တည်ရှိကာ နေရောင်ကို ကာဆီးပေးထားခြင်းဖြင့် ကမ္ဘာ့အပူချိန်ကို အချိန် အကန့် အသတ်ဖြင့် ကျဆင်းစေသည်။ ဥပမာ ၁၉၉၁ ခုနှစ်က ဖိလစ်ပိုင် နိုင်ငံ ပင်နာဘူတို မီးတောင် ပေါက်ကွဲပြီးနောက် ကမ္ဘာ့ အပူချိန်သည် ၀ ဒသမ ၅ ဒီဂရီ စင်တီဂရိတ်မျှ ၃ နှစ်ခန့် ကျဆင်းသွားခဲ့သည်။ ယင်းဖြစ်ရပ်ကို နမူနာယူလျက် နေရောင်ကာ အမှုန်များကို လေထုတွင်း ကြဲပက်ထားခြင်း၊ ပင်လယ် ရေမှုန်များကို လေထုတွင်းသို့ မှုတ်သွင်းထားခြင်း စသည်တို့ဖြင့် ကမ္ဘာ့အပူချိန်ကို ကျဆင်းစေနိုင်သည်။
အချို့ကမူ ကမ္ဘာပတ်လမ်းထဲတွင် ဧရာမမှန်ချပ်ကြီးများ ထားရှိကာ ကမ္ဘာပေါ် ကျလာမည့် နေရောင်အချို့ကို လမ်းလွှဲရန်လည်း စိတ်ကူးကြသည်။
အထက်ပါ နည်းလမ်းများကို အသုံးချရန် အားသန်သူတို့ထဲတွင် အမေရိကန် အမျိုးသားသိပ္ပံ အကယ်ဒမီ၊ အမေရိကန် အာကာသ အဖွဲ့အစည်း (နာဆာ)၊ အမေရိကန် စွမ်းအင်ဝန်ကြီးဌာနတို့မှ ပညာရှင်များပင် ပါသည်။ ယင်းတို့က ဂျီအို အင်ဂျင် နီယာ နည်းပညာဖြင့် ကမ္ဘာကို အေးအောင် လုပ်ခြင်းသည် နည်းပညာ အရရော၊ ဘဏ္ဍာရေးအရပါ ဖြစ်နိုင်ချေ ရှိသည်ဟု ပြောကြသည်။
ယခုအထိတော့ အမေရိကန်အပါအဝင် အစိုးရများသည် ယင်းနည်းပညာကို လက်တွေ့အကောင်အထည် ဖော်ရန် လက်နှေးနေဆဲရှိသည်။ ပညာရှင်အချို့က ဂျီအိုအင်ဂျင်နီယာပညာကို အကောင်အထည်ဖော်လျှင် ရည်ရွယ်မထား၊ မလိုလားအပ်သည့် ဘေးထွက်ဆိုးကျိုးများ ပေါ်ပေါက်လာမည်ကို စိုးရိမ် သည်။ ဥပမာ ဆာလ်ဖာ အမှုန်များသည် လေထုတွင်းရှိ အိုဇုန်းအလွှာများနှင့် ဓာတ်ပြုကာ အိုဇုန်းအလွှာ ပျက်စီးနိုင်မည့် အရေးကို တွေးပူသည်။ အချို့ပညာရှင်တို့ကမူ ဆာလ်ဖာအမှုန်များကြောင့် အာရှမုတ်သုန်ကဲ့သို့သော ဒေသတွင်း မိုးလေဝသ ဖြစ်စဉ်များကို ထိခိုက်နိုင်သည်ဟု ဆိုကြသည်။ ပညာရှင် အချို့က ယင်းကဲ့သို့သော ဖြစ်ရပ်များ ပေါ်ပေါက်နိုင်ချေ နည်းသော်လည်း သေချာအောင် သုတေသနပြုရန် လိုသည်ဟု မှတ်ချက် ပေးသည်။
ဂျီအိုအင်ဂျင်နီယာပညာ၏ အားနည်းချက်များကို ကြည့်၍ အသုံးချရန် ချင့်ချင့်ချိန်ချိန် လုပ်နေသူများ ရှိသကဲ့သို့ အချို့ကမူ ဂျီအိုအင်ဂျင်နီယာ နည်းပညာများ လက်တွေ့ အသုံးချ အောင်မြင်မှုရသွားမည်ကို စိုးရိမ်ကြသည်။ အဘယ့်ကြောင့် ဆိုသော် ဂျီအိုအင်ဂျင်နီယာပညာဖြင့် ကမ္ဘာကို အေးအောင် လုပ်နိုင်လျှင် ဖန်လုံအိမ်ဓာတ်ငွေ့ ထုတ်လွှတ်မှုကို လျော့နည်း အောင် မလုပ်တော့ဘဲ အတိုင်းအဆ မရှိ ထုတ်နေမည်ကို တွေးပူကြ၍ ဖြစ်သည်။ ယင်းသို့ ဖြစ်လာပါက ဂျီအိုအင်ဂျင် နီယာပညာကို အကြောင်းတစ်ခုခုကြောင့် အသုံးမချနိုင်တော့သော တစ်နေ့တွင် စုပုံနေသော ဖန်လုံအိမ်ဓာတ်ငွေ့များကြောင့် ကမ္ဘာသည် မနေနိုင်လောက်အောင် ပူပြင်းသွားမည့် အန္တရာယ် ရှိသည်ဟု ထောက်ပြကြသည်။
ထို့ကြောင့် ဂျီအိုအင်ဂျင်နီယာနည်းပညာသည် သီဝရီအရ ဖြစ်နိုင်ချေရှိသော်လည်း လက်တွေ့အသုံးချရန် အချိန်များစွာ ယူရဦးမည်။