သံကန့်လန့်ကာမှ အစိမ်းရောင်ခါးပတ်သို့

အာတီလာဖာ့ရှ်သည် လင်းရိုဗာကားကို ဟန်ဂေရီနှင့် သြစတြီးယား နယ်စပ်အနီး ဟန်ဂေရီဘက်ခြမ်းရှိ လူသူ ကင်းမဲ့နေသော လမ်းတစ်လမ်းပေါ်တွင် မောင်းလာသည်။ နယ်စပ်အနီး ပေ ၁၀၀ ခန့်အကွာတွင် ကားကို ရပ်၍ ပတ်ဝန်းကျင်ကို လေ့လာ အကဲခတ်သည်။ သူ့ကို မည်သူမျှ အရေးတယူ မရှိချေ။ လွန်ခဲ့သော အနှစ် ၄၀ ခန့်ကသာ အာတီလာဖာ့ရှ်သည် နယ်စပ်ကို ယခုကဲ့သို့ ချဉ်းကပ်လာပါက သေနတ်ဖြင့် အပစ်ခံရကောင်း ခံရမည် ဖြစ်သည်။ အနည်းဆုံး သေနတ်ဖြင့် ရွယ်ကာ အစစ်အဆေး ခံရဖို့ ရှိသည်။ အဘယ်ကြောင့်ဆိုသော် သူရောက်နေသော နေရာကို တစ်ချိန်က အရှေ့ဥရောပနှင့် အနောက် ဥရောပကို ခွဲခြားထားသော သံကန့်လန့်ကာ(iron curtain) နယ်မြေဟု သတ်မှတ်ထားခဲ့သောကြောင့် ဖြစ်သည်။

ဒုတိယကမ္ဘာစစ်ကြီးအပြီး နိုင်ငံရေးနှင့် ဝါဒအတွေးအခေါ် ကွဲပြားမှုတို့ကြောင့် ဆိုဗီယက် ဦးစီးသော ကွန်မြူနစ် အရှေ့ဥရောပ နိုင်ငံများနှင့် အရင်းရှင်စနစ် ကျင့်သုံးသည့် အနောက် ဥရောပနိုင်ငံများဟု ကွဲပြားသွားခဲ့ရာ ယင်း အရှေ့နှင့် အနောက် ဥရောပနိုင်ငံများကြားရှိ စုစုပေါင်း မိုင် ၄၀၀၀ ရှည်သည့် နယ်စပ်မျဉ်းများကို သံကန့်လန့်ကာဟု ခေါ်ကြသည်။

သံကန့်လန့်ကာ ဟူသော ဝေါဟာရသည် ၁၉၄၆ ခုနှစ် မတ်လတွင် ဗြိတိသျှဝန်ကြီးချုပ် ချာချီက သူ၏ မိန့်ခွန်း တွင် ထည့်သွင်း သုံးစွဲခဲ့ချိန်မှ စ၍ လူသိများလာခဲ့သည်။ စနစ်မတူသည့် အရှေ့နှင့် အနောက် ဥရောပနိုင်ငံများ အုပ်စုနှစ်စု ကွဲသွားသည်ကို ရည်ညွှန်း၍ ချာချီက “မြောက်ပိုင်း ဘောလ်တစ်ပင်လယ်မှ တောင်ပိုင်း အက်ဒရီယာတစ်ပင်လယ်အထိ ဥရောပတိုက်ကို ခွဲခြား ကာဆီးလိုက်သော သံကန့်လန့်ကာကြီး ကျလာပြီ” ဟု ပြောကြားခဲ့သည်။

သံကန့်လန့်ကာ တစ်လျှောက်တွင် လူသူ ဖြတ်မကူးနိုင်ရန် သံဆူးကြိုးများ၊ တံတိုင်းများ၊ မြေမြှုပ်မိုင်းများဖြင့် ပေ ၁၀၀ မှ ပေ ၁၀၀၀၀ ခန့်အကျယ် စည်းခြားထားခဲ့သည်။ အထူးသဖြင့် ကွန်မြူနစ် အရှေ့ဥရောပ နိုင်ငံသားများ အနောက်နိုင်ငံများသို့ ထွက်မပြေးနိုင်ရန် အဓိက ရည်ရွယ်သည်။ အကာအရံများကို ဖြတ်ကျော်ဖို့ မဆိုထားဘိ၊ ထိလိုက်သည်နှင့်ပင် လျှပ်စစ် မီးပန်းများ ထွက်လာကာ စစ်သားတို့ အလျင်အမြန် ရောက်လာ၍ ဖမ်းဆီးစစ်ဆေးခံရမည်။ အခန့်မသင့်လျှင် အပစ်ခံရမည်။

ယခုတော့ ယင်းလူမဖြတ်ရ သံကန့်လန့်ကာနယ်မြေတစ်လျှောက်တွင် သစ်တောများ၊ အမျိုးသား ဥယျာဉ်များ အစီအရီ ပေါ်ထွန်းလာခဲ့ပြီ ဖြစ်သည်။ သစ်ပင်များ၊ မြက်ခင်းများဖြင့် စိမ်းစိုလှပနေ၍ သံကန့်လန့်ကာ အမည်ပျောက်ကာ ဥရောပ အစိမ်းရောင်ခါးပတ် (European Green Belt) ဟု ခေါ်ကြသည်။ သံကန့်လန့်ကာသည် လူမဖြတ်ရ နယ်မြေ ဖြစ်ခဲ့သည့် အတိုင်း ထိုအချိန်ကတည်းက ရှိနေခဲ့သော သဘာ၀ တောရိုင်းတိရစ္ဆာန်များ၊ အဖိုးတန် ရှားပါး သစ်ပင်များကို အစိမ်းရောင်ခါးပတ် တလျှောက် ယနေ့တိုင် မပျက်မစီး တွေ့နိုင်သည့်အပြင် ထပ်မံ ပျိုးထောင် ထိန်းသိမ်းထားသော တိရစ္ဆာန်များနှင့် သစ်ပင်များသည်လည်း ရှင်သန် ဖွံ့ဖြိုးနေကြသည်။

အာတီလာဖာ့ရှ်၏ကား ရပ်လိုက်သော နေရာသည် ဟန်ဂေရီ ဖာတိုဟန်ဆတ် အမျိုးသားဥယျာဉ်၏ တစ်နေရာ ဖြစ်သည်။ သူသည် ယင်းဥယျာဉ်ကို ထိန်းသိမ်း စောင့်ရှောက်ရန် တာဝန်ယူထားသည်။

နာမည်ဆိုးဖြင့် ကျော်ကြားသော သံကန့်လန့်ကာကို အစိမ်းရောင်ခါးပတ် အဖြစ် အသွင်ပြောင်းရန် ဦးစွာ လှုပ်ရှားသူမှာ ဂျာမနီနိုင်ငံ ဖြစ်၏။ ဂျာမန်အစိုးရသည် သံကန့်လန့်ကာ ဖြစ်ခဲ့ဖူးသည့် နယ်စပ် တစ်လျှောက်တွင် ဥယျာဉ်များကို ၁၉၈၉ ခုနှစ်က ဦးဆောင် ထူထောင်ခဲ့ရာ နောက်ပိုင်းတွင် အခြားနိုင်ငံများကပါ ပါဝင်လှုပ်ရှားခဲ့သည်။ ယခုအခါ ဂျာမနီ နယ်စပ်မျဉ်း တစ်ဝက်ကျော်ကျော်သည် သစ်တောကြီးများဖြင့် စိုပြည်လျက် ရှိသည်။

ဂျာမနီပိုင်နက်အတွင်းရှိ အစိမ်းရောင်ခါးပတ်နယ်မြေ ဗီဒီယို ရှုစားရန် Click here

ဖာတိုဟန်ဆတ်အမျိုးသားဥယျာဉ် အနီးရှိ ဖာတို ရေကန် ကမ်းစပ်တွင် ဟန်ဂေရီအရာရှိများ၊ သြစတြီးယား နယူစိဒလား အမျိုးသားဥယျာဉ် အရာရှိများ ပူးပေါင်း၍ ငါး၊ တောရိုင်းတိရစ္ဆာန်၊ လယ်ယာမြေနှင့် သစ်တော ထိန်းသိမ်းရေး၊ အပန်းဖြေ ခရီးထွက်သူများ၊ အပျော်စက်ဘီးစီးသူများကို အကူအညီပေးခြင်းများကို ဆောင်ရွက်လျက် ရှိကြသည်။

ဟန်ဂေရီရှိ ဖာတိုရာကော့အရပ်သည် သံကန့်လန့်ကာခေတ် ၁၉၈၉ ခုနှစ် သြဂုတ်လက အရှေ့ ဂျာမန် ရာပေါင်းများစွာတို့ကို သြစတြီးယားကို ဖြတ်ကာ အနောက် ဂျာမနီသို့ သွားခွင့်ပေးခဲ့သော နာမည်ကျော် နေရာ ဖြစ်သည်။ ထိုသို့ ဖွင့်ပေးပြီး မကြာမီ ဥရောပ ကွန်မြူနစ်စနစ် ကျဆုံးခဲ့ရသည်။ ယခုမူ ရှေးဟောင်း အဆောက်အအုံ ပေါများသော ဤ နေရာသည် ထောင်ပေါင်းများစွာသော အလည်အပတ် လာရောက်သူများနှင့် စည်ကားလျက် ရှိသည်။

ယခုအခါ ဥရောပ အစိမ်းရောင် ခါးပတ်သည် မူလ သံကန့်လန့်ကာနေရာများသာ မကတော့ဘဲ ဥရောပမြောက်ပိုင်း နော်ဝေနှင့် ရုရှားနယ်စပ်မှ စကာ ဥရောပ အလယ်ပိုင်းကို ဖြတ်၍ တောင်ပိုင်း ဂရိနှင့် တူရကီနိုင်ငံတို့အထိ၊ စုစုပေါင်း ၂၄ နိုင်ငံကို ဖြတ်သန်းကာ စုစုပေါင်း မိုင် ၇၇၀၀ ခန့်ရှိနေပြီ ဖြစ်သည်။

ဥရောပ အစိမ်းရောင် ခါးပတ်သည် တစ်ဆက်တစ်စပ်တည်း ဖြစ်သော်လည်း အောက်ပါအတိုင်း အပိုင်းလေးပိုင်း ခွဲ၍ တာဝန်ယူ လုပ်ဆောင်ကြသည်။

၁ – Fennoscandia Green Belt

ဤဒေသ၏ မြောက်ဘက်ပိုင်းကို ရေညှိများနှင့် အပင်ငယ်များက လွှမ်းမိုးထားသည်။ အလယ်ပိုင်းနှင့် တောင်ဘက်ပိုင်းကို ကျယ်ပြန့်သော သစ်တောများဖြင့် ဖွဲ့စည်းထားပြီး ဝက်ဝံညိုနှင့် ဆတ်ကဲ့သို့သော နို့တိုက်သတ္တဝါကြီးများ ခိုလှုံရာနေရာ ဖြစ်သည်။ မရေမတွက်နိုင်အောင် များပြားသော ရေဝပ်ဒေသများ၊ ရေကန်များ ရှိသည်။

၂ – Baltic Green Belt – The Coastal Belt

မတူကွဲပြားသော အဏ္ဏဝါနေရင်းဒေသများနှင့် သဲပြင်ကြီးများ၊ ရှည်လျားသော ကမ်းခြေများ၊ စွဲမက်ဖွယ်ကောင်းသော ချောက်ကမ်းပါးများနှင့် ဆိတ်ငြိမ်သော ရေကန်များရှိသည်။ သန်းပေါင်းများစွာသော ငှက်များ၊ မီးခိုးရောင်နှင့် ကွင်းပတ်ဖျံကဲ့သို့သော ရေနေသတ္တဝါများစွာအတွက် သီးသန့်နေရာ ဖြစ်သည်။

၃ – Central Europe Green Belt

ယဉ်ကျေးမှုနယ်မြေ အမျိုးမျိုးရှိပြီး အချို့ကို စိုက်ပျိုးရေးအတွက် အသုံးပြုထားသည်။ အမျိုးသားဥယျာဉ်များ၊ ရေလွှမ်းလွင်ပြင်များ ရှိသည်။

၄ – Balkan Green Belt

ဇီဝမျိုးစုံမျိုးကွဲ ကြွယ်ဝသောနေရာတစ်ခု ဖြစ်သည်။ အယ်လ်ပိုင်းဂေဟစနစ်များ၊ သစ်တောများနှင့် လွင်ပြင်များ၊ ရေကန်များနှင့် ကမ်းရိုးတန်းဇုန်များ အပါအဝင် ကွဲပြားသော သဘာဝရှုခင်းများကို ပိုင်ဆိုင်သည်။
အခြိမ်းခြောက်ခံနေရသော အပင်နှင့် တိရစ္ဆာန်မျိုးစိတ်များ အများအပြားနေထိုင်သည်။

နယ်နိမိတ်မျဉ်းများက ခွဲခြားထားသော်လည်း သဘာဝက ပေါင်းစည်းပေးသည်

ဥရောပ အစိမ်းရောင် ခါးပတ်၌ ပါဝင်သော ၂၄ နိုင်ငံတို့သည် Borders separate. Nature unites! (နယ်နိမိတ်မျဉ်းများက ခွဲခြားထားသော်လည်း သဘာဝက ပေါင်းစည်းပေးသည်) ဟူသော ဆောင်ပုဒ်ကို လိုက်နာ၍ ပျိုးထောင် ထိန်းသိမ်းကြသဖြင့် ခါးပတ်လမ်းတလျှောက် အောင်မြင် ရှင်သန် စိမ်းစိုနေကာ သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရာတွင် သာမက ရာသီဥတု ပြောင်းလဲခြင်းကို တန်ပြန်ရာတွင်လည်း တစ်တပ်တစ်အား ပါဝင်ကူညီပေးနေသည်။

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s