အမေရိကန်နိုင်ငံ ကယ်လီဖိုးနီးယား ပြည်နယ်နေ လူသန်း ၄၀ ခန့်၊ စိုက်ခင်း ဟက်တာ ၂၃၀၀၀၀၀ အတွက် သာမက အမေရိကန် တစ်နိုင်ငံလုံး၏ ၁၅ ရာခိုင်နှုန်းခန့်ရှိသည့် ကယ်လီဖိုးနီးယား ဂျီဒီပီကို ရှင်သန် တိုးပွားနေစေရန် အဓိက လိုအပ်ချက်များထဲမှ တစ်ခုဖြစ်သော ရေပေးဝေရေး၌ စိုစွတ်ရာသီအပြင် ခြောက်သွေ့ရာသီ၌ပါ လုံလောက်စွာနှင့် စဉ်ဆက်မပြတ် ပေးနိုင်ရန် ရနိုင်သမျှ ရေအရင်းအမြစ်များကို စီမံ အသုံးချခဲ့ကြသည်။ ထိုသို့အားထုတ်ခဲ့သော်လည်း ရာသီဥတု ပြောင်းလဲခြင်းကြောင့် မိုးခေါင်နှစ် များလာသောအခါ အချို့နေရာများသို့ ပုံမှန်မပေးနိုင်တော့ဘဲ လျှော့ချပေးဝေခြင်းများ ရှိလာခဲ့သည်။
ထို့ကြောင့် တစ်ချိန်က မြေပေါ်ရေလှောင်ကန်များကို အဓိက တည်ဆောက်ခဲ့သော ကယ်လီဖိုးနီးယား ပြည်နယ်၌် မြေပေါ်ရေ သက်သက်ကိုသာ အားကိုးနေ၍ မရတော့ခြင်း၊ မြေပေါ်ကန်များ၏ ကုန်ကျစရိတ် ကြီးမြင့်ခြင်း၊ သဘာဝပတ်ဝန်းကျင် ထိခိုက်ခြင်း စသည်တို့ကြောင့် မြေအောက်ရေ သိုလှောင်ခြင်း သို့မဟုတ် ရေစုဘဏ် (water bank) များကို အာရုံစိုက်လာခဲ့သည်။
ရေစုဘဏ်ဆိုသည်မှာ ရွာကျလာသောမိုးရေများ မြစ်ချောင်းများမှတဆင့် နောက်ဆုံးပင်လယ်ထဲ စီးဝင်သွားစေမည့်အစား မြေအောက်၌ သိုလှောင်ထားကာ ခြောက်သွေ့ရာသီ ရောက်မှ ပြန်လည် ထုတ်ယူသော စနစ်ကို ခေါ်သည်။ ငွေပိုငွေလျှံများကို ငွေစုဘဏ်တွင် ထည့်ထားပြီး လိုသည့်အချိန်မှ ထုတ်သုံးသကဲ့သို့ ရေပိုရေလျှံများကို စုထားပြီး လိုသည့်အချိန်မှ ထုတ်သုံးသဖြင့် ရေစုဘဏ်များဟု အမည်ပေးသည်။

ရေစုဘဏ်စနစ်တစ်ခုတွင် ပိုက်လိုင်းနှင့် ရေသယ်မြောင်းများ၊ ရေစိမ့်ကန်များ၊ မြေအောက်ရေကြော၊ စက်ရေတွင်းများ စသည်တို့ ပါဝင်သည်။ ပိုလျှံသော မိုးရေများကို ပိုက်လိုင်းနှင့် မြောင်းများဖြင့် သယ်လာကာ ရေစိမ့်ကန်များထဲ ထည့်သည်၊ ရေစိမ့်ကန်ထဲရောက် မိုးရေများသည် မြေအောက်ရေကြောထဲသို့ ဖြည်းဖြည်းချင်း စိမ့်ဝင်သည်၊ ယင်းမြေအောက်ရေများကို ခြောက်သွေ့ရာသီတွင် စက်ရေတွင်းများဖြင့် ထုတ်ယူသည်။

ကယ်လီဖိုးနီးယားရေစုဘဏ်များထဲက တစ်ခုဖြစ်သည့် ကား(န်)ကောင်တီ(Kern County)ရှိ ရေစုဘဏ်ကို ရေစိမ့်ကန် စုစုပေါင်း အကျယ် ဧက ၇၀၀၀၊ စက်ရေတွင်း ၈၅ တွင်း၊ ပိုက်လိုင်းအရှည် ၃၆ မိုင်နှင့် တူးမြောင်း အရှည် ၆ မိုင်တို့ဖြင့် ဖွဲ့စည်းထားသည်။ ကား(န်)ကောင်တီ ရေစုဘဏ်သည် သက်တမ်းနှစ်ပေါင်း ၂၀ ကျော်အတွင်း မိုးရေ ၂ . ၆ သန်းဧကပေကို မြေအောက်သို့ စိမ့်ဝင်စေခဲ့ပြီး ၁ . ၅ ဧကပေ ထုတ်ယူခဲ့ပြီး ဖြစ်သည်။ (၁ ဧကပေသည် တစ်ဧကကျယ် မျက်နှာပြင်ပေါ်တွင် တစ်ပေထုရှိ ရေပမာဏကို ဆိုလိုသည်၊ တစ်ဧကပေသည် ဂါလန် ၃၂၅၀၀ နှင့် ညီမျှသည်)
ကယ်လီဖိုးနီးယား ပြည်နယ်၏ အဓိက မြေအောက်ရေကြော ၅၁၅ ခုတွင် ရေထုထည် ဧကပေပေါင်း ၁ . ၃ ဘီလျံအထိ သိုလှောင်နိုင်သည်ဟု ခန့်မှန်းရသည်။ ယင်းပမာဏသည် ပြည်နယ်ရှိ မြေပေါ်ရေကန်များ၏ သိုလှောင်ပမာဏထက် အဆ ၂၀ ကျော် ပိုများသည်။
ရေစုဘဏ်များကြောင့် ရေပိုမိုရရှိခြင်းအပြင် မြေပေါ်ရေလျှံမှု လျော့နည်းသွားခြင်း၊ မြေအောက်ရေ တိုးမြင့်လာသဖြင့် ဂေဟစနစ် ရှင်သန်မှုကို အထောက်အကူပြုခြင်း၊ ရေကို မြေအောက်တွင် သိုလှောင်ခြင်းဖြင့် အငွေ့ပျံ ဆုံးရှုံးမှု မရှိခြင်းစသော အကျိုးများကို ရသည်။
ကယ်လီဖိုးနီးယားပြည်နယ်၏ တစ်နှစ်ပျမ်းမျှမိုးရေချိန် ၂၁ လက်မသည် နည်းသည်ဟု ဆိုနိုင်သော်လည်း လက်တွေ့တွင် ယင်းမိုးရေပမာဏ၏ အများစုကိုပင် အသုံးမချနိုင်၍ အလဟသ ဖြစ်နေမှုကို ရေစုဘဏ်များဖြင့် အကျိုးရှိအောင် စီမံခြင်းလည်း ဖြစ်သည်။
ရေစုဘဏ်စနစ်ကို သြစတေးလျနှင့် စပိန်နိုင်ငံတို့တွင်လည်း ကျယ်ပြန့်စွာ လုပ်ဆောင်နေကြသည်။