💙 RO System
Reverse Osmosis (RO) ရေသန့်စင်စနစ်ဆိုတာ ကျွန်တော်တို့ မြန်မာလူမျိုးတွေနဲ့ ရင်းနှီးပြီးသား ရေသန့်စင်စနစ် တစ်မျိုးဆိုလဲ မမှားပါဘူး။ လူအများ နားလည်အောင် ရှင်းပြရမယ်ဆိုရင် RO ရေစစ်တဲ့ဇကာလေးတွေက အလွန် အနုစိတ်ပါတယ်။ မျက်လုံးထဲ မြင်အောင် ပြောရမယ်ဆို RO membrane ရဲ့ဇကာပေါက်လေးတွေက 0.001 micron (1 mm ရဲ့ အပုံ 1 သိန်းပုံ 1ပုံ) အရွယ်အစားကနေ 0.0001 micron လောက်ထိ ရှိပါတယ်။ ကျွန်တော်တို့ကို ဘေးဥပါဒ် ဖြစ်စေတဲ့ Bacteria များရဲ့ အရွယ်အစားကတော့ 0.2 micron size လောက်ရှိပြီး ရေထဲမှာ ပျော်ဝင်နေတဲ့ ဆားတွေ သတ္တုဓာတ်တွေကတော့ 0.035-0.5 micron လောက်ရှိပါတယ်။ ဆိုလိုချင်တာကတော့ RO membrane နဲ့ ရေကို စစ်ထုတ် သန့်စင်လိုက်တဲ့အခါ ထွက်လာတဲ့ရေက bacteriaတွေ ပိုးတွေ မပါရုံသာမက ရေထဲက လူကို အကျိုးပြုတဲ့ သတ္တုဓာတ် တော်တော်များများပါ မပါဝင်တော့ပါဘူး ခင်ဗျာ။
Reverse Osmosis (RO) စနစ် အလုပ်လုပ်ပုံ သရုပ်ပြဗီဒီယို ရှုစားရန် Click here (ကြာချိန် ၁ မိနစ် ၄၃ စက္ကန့်)
RO ရေ (သို့) Mineral မပါဝင်သော/ အလွန်လျော့နည်းသောရေသည် လူ့ကျန်းမာရေးအတွက် ရေရှည် သောက်သုံးရန် မသင့်တော်ပါဟုလည်း ကုလသမဂ္ဂ ကမ္ဘာ့ကျန်းမာရေး အဖွဲ့က စာတမ်း ထုတ်ပြန်ထားပြီး ဖြစ်ပါတယ်။ ထိုစာတမ်းအရ Mineral မပါဝင်/ အလွန်နည်းပါးသော ရေကို ရေရှည်သောက်ခြင်းဖြင့် ခန္ဓာကိုယ်တွင်းရှိ အစာအိမ် အူလမ်းကြောင်း နံရံများကို တိုက်ရိုက် ထိခိုက်နိုင်ခြင်း၊ ခန္ဓာကိုယ်အတွင်းရှိ ဇီဝကမ္မဖြစ်စဉ်များ၊ pH level များ ထိန်းညှိရာတွင် ခက်ခဲစေခြင်း၊ ပင်ပန်း နွမ်းနယ်လွယ်ခြင်း၊ ကြွက်တက်ခြင်း၊ နှလုံးခုန်မမှန်ခြင်း စသည်တို့အထိ ဖြစ်ပေါ်စေနိုင်ပါတယ်။ ထို့အပြင် Mineral မပါ/ အလွန်နည်းပါးသောရေကို သောက်သုံးခြင်းဖြင့် ခန္ဓာကိုယ်အတွက် အရိုးတည်ဆောက်ခြင်း၊ အာရုံကြော တည်ဆောက်ခြင်း၊ ကိုယ်ခန္ဓာတွင်းရှိ ဆဲလ်များ တစ်ခုနှင့် တစ်ခုကြား ချိတ်ဆက်ခြင်း လုပ်ငန်းများ၊ သွေးခဲစေခြင်း လုပ်ငန်းများ စသည့် စသည့် လုပ်ငန်းများစွာ လုပ်ဆောင်ရာတွင် အလွန် အရေးပါသည့် Calcium နှင့် Magnesium ဓာတ်များ ကိုယ်ခန္ဓာအတွင်း လျော့နည်းခြင်းတို့ကို ဖြစ်စေနိုင်ပါတယ်။ ထို့အတူ ထိုရေမျိုးနှင့် ပြုလုပ်ထားသော အစားအသောက် အဖျော်ယမကာတို့မှာလဲ Calcium နှင့် Magnesium တို့ လိုအပ်သည့်ပမာဏထက် လျော့နည်းနေသည့် အစားအသောက်များအဖြစ် အရသာမမှန်ခြင်း/ အရသာပေါ့ခြင်း/ ကျန်းမာရေး အကျိုးကျေးဇူးမပေးခြင်း စသည်ဖြင့် လေ့လာတွေ့ရှိရပါတယ်။
RO ရေသည် Mineral ပါဝင်မှု အလွန်နည်းသောကြောင့် RO ရေ ဖြတ်သန်း စီးဆင်းသွားရာ လမ်းတစ်လျှောက်ရှိ ပိုက်လိုင်းများ Metal tubing များကို ပွန်းစား ပျက်စီးစေပါတယ်။ ထိုသို့ ပွန်းစားရာမှ မလိုလားအပ်တဲ့ toxic metal များလဲ ရေထဲတွင် ပါဝင်လာတတ်တာကို သတိပြုရပါမယ်။
RO system တစ်ခုတွင် ရေကောင်း (Permeate Water) နှင့် ရေဆိုး/ စွန့်ပစ်ရေ (Rejected Water) ဟူ၍ နှစ်မျိုးရှိပြီး ပုံမှန် RO membrane တစ်ချောင်းသည် ပုံမှန်အားဖြင့် Recovery rate 15-20% လောက်သာ ရှိတတ်ပါတယ်။ ဆိုလိုတာက ရေလီတာ ၁၀၀ သန့်စင်လျှင် ရေကောင်း ၂၀ လီတာသာ ရပြီး ရေဆိုး ၈၀ လီတာလောက် ထွက်ပါတယ်။ ပုံမှန် conventional treatment များဖြင့် သန့်စင်လို့ ရသော ရေကို RO system အသုံးပြု၍ သန့်စင်ခြင်းဟာ တန်ဖိုးရှိသော ရေချိုများကို ဖြုန်းတီးရာ အလွန်ရောက်သည်ဟု မြင်မိပါတယ်။
သို့သော် RO သည် ရေ၏ ဆားပျော်ဝင်မှုများ၊ ထုံးဓာတ်၊ သတ္တုဓာတ်များ၊ မကောင်းသော အရောင်များ၊ အနံ့များ၊ အရသာများကို ထိရောက်စွာ ဖယ်ရှားနိုင်သော အလွန်ကောင်းမွန်သည့် ရေသန့်စင်စနစ် တစ်ခု ဖြစ်ပါတယ်။ ထွက်သော ရေဆိုးကို ထပ်မံ သန့်စင်သော နည်းစနစ်များဖြင့် total recovery percent ကို မြှင့်တင်နိုင်ခြင်း၊ ရွေးချယ်စရာ မရှိသော ဆားငန်ရေ၊ ပင်လယ်ရေတို့ကို သန့်စင်ရာတွင် အလွန်အသုံးဝင်ခြင်း စသည်တို့ကြောင့် RO စနစ်ကို ယနေ့ တွင်ကျယ်စွာ အသုံးပြုနေကြတာပါ။
ခေတ်မီတဲ့ဒေသများမှာတော့ RO စနစ်ကို Remineralisation technology ဖြင့် လိုအပ်သည့် ကိုယ်ခန္ဓာကို အကျိုးပြုသော သတ္တုဓာတ်များကို ပြန်လည် ဖြည့်တင်းပြီးမှ သောက်သုံးသူများထံ ရေသန့်ဘူး၊ ရေသန့်စက်အဖြစ် ပို့ဆောင် ရောင်းချကြပါတယ်။ WHO ရဲ့ Health Risk from Drinking Demineralised Water ကို အသေးစိတ် လေ့လာချင်ရင်တော့ အောက်က link မှာ ဝင်ရောက် လေ့လာနိုင်ပါတယ် ခင်ဗျာ။
http://www.who.int/water…/dwq/nutrientschap12.pdf
ပုံမှန် conventional treatment များဖြင့် သန့်စင်လို့ ရသော ရေကို RO system အသုံးပြု၍ သန့်စင်ခြင်းဟာ တန်ဖိုးရှိသော ရေချိုများကို ဖြုန်းတီးရာ အလွန်ရောက်သည်ဟု မြင်မိပါတယ်။
💙Micron Filtration System
Micron filtration system များမှာတော့ micron rating 30-10-5 micron များ မှ 0.1 micron ထိရှိတဲ့ ရေစစ် filter များကို အသုံးပြုပြီး ရေသန့်စင်တဲ့ စနစ်ဖြစ်ပါတယ်။ 0.1 micron size သုံးသည့်တိုင်အောင် bacteria ပိုး မပါဝင်ရန် အတွက်တော့ safe guard အနေဖြင့် Ultraviolet/ Ozone စသည့် disinfection system များဖြင့် တွဲ၍ အသုံးပြုကြပါတယ်။
RO စနစ်များထက် အားသာတဲ့ အချက်က ရေဆိုး (Rejected water) မရှိခြင်း၊ (100% recovery rate), လိုအပ်သည့် သတ္တုဓာတ်များကို ရေထဲတွင် ကျန်ရှိစေနိုင်ခြင်း၊ သတ္တုဓာတ် လိုအပ်မှုကို လိုအပ်သလို စိတ်ကြိုက် ချိန်ညှိနိုင်ခြင်း၊ machine downtime နည်းခြင်း၊ Flow rate များစွာ ပိုထွက်ခြင်း၊ Large Scale အသုံးပြုနိုင်ခြင်း စသည်ဖြင့် အားသာချက် များစွာ ရှိသည့်အတွက် အစားအသောက်နှင့် အဖျော်ယမကာလုပ်ငန်းများ၊ ဆေးဝါးလုပ်ငန်းများ၊ ရေဆိုးသန့်စင်ခြင်း လုပ်ငန်းများ၊ ရေနံလုပ်ငန်းများ၊ ဆီလုပ်ငန်းများ စသည့် စသည့် များစွာသော လုပ်ငန်းများတွင် Micronfiltration and disinfection system ကို တွင်ကျယ်စွာ အသုံးပြုကြပါတယ်။
Micron filter များကို Carbon block technology, KDF technology, etc စသည့် technology များစွာဖြင့် တွဲ၍လည်း တီထွင် အသုံးပြုလာကြပါတယ်။ RO membrane များ အရှေ့တွင်လဲ Micron filter များကို prefilter များ အဖြစ် အသုံးပြုကြပါတယ်။
မိမိအသုံးပြုသော raw water ရေ quality သည် အလွန်ဆိုးရွားနေသော (ဆားပျော်ဝင်မှု များနေသော) ရေမျိုး မဟုတ်ခဲ့ဘူး ဆိုပါလျှင် လိုအပ်သည့် Conventional treatment (သံဖယ်၊ ထုံးလျှော့ခြင်း) များ ပြုလုပ်ပြီးပါက Micronfiltration များဖြင့် ခံ၍ disinfection system သုံးခြင်းသည် အဖိုးတန်သော ရေချိုများကို ချွေတာနိုင်သော နည်းလမ်းတစ်ခုပင် ဖြစ်ပါတယ်။
Mineral ပါဝင်သောရေသည် ရေအရသာ အနည်းငယ်လေးခြင်း၊ ထမင်းချက်လျှင် ထမင်းအရောင် အနည်းငယ် ဝါခြင်း၊ ရေနွေးကြမ်း ခပ်ရာတွင် ရေနွေးကြမ်း အရောင်ရင့်ခြင်း စသည်တို့ကြောင့် ကျွန်တော်တို့ မြန်မာနိုင်ငံမှ လူအများစုက ထိုရေများကို RO ရေလောက် မသန့်ရှင်းဟု ထင်မြင်နေကြသည်မှာ နှစ်ပေါင်း မနည်းတော့ပါ။ အလွန်မှားသော အယူအဆ တစ်ခု ဖြစ်ပါတယ်လို့ သုံးသပ်ချင်ပါတယ် ခင်ဗျာ။
နိဂုံးချုပ်ရလျှင် ကျွန်တော်တို့ နေ့စဉ် လှုပ်ရှားမှုများအတွက် အဓိကလိုအပ်သော ရေကို ရွေးချယ် သောက်သုံးရာတွင် လူကို အကျိုးပြုသည့် သတ္တုဓာတ်များ ပါဝင်တဲ့ mineral water များကို ရွေးချယ် သောက်သုံးသင့်ပါတယ်။ အစားအသောက်၊အဖျော်ယမကာများကိုလဲ mineral ပါဝင်သော ရေဖြင့် ပြင်ဆင် ပြုလုပ်သင့်ပါတယ်။ သို့သော် တိုင်းပြည်၏ အခြေအနေ၊ ချမ်းသာကြွယ်ဝမှု၊ လူများရဲ့ ကျန်းမာရေး အသိပညာ၊ ရေနှင့်ပတ်သက်တဲ့ အထွေထွေ ဗဟုသုတ၊ မြန်မာနိုင်ငံ၏ သောက်ရေသန့် စီးပွားရေး၊ RO ရေသန့်စက် စီးပွားရေး အခြေအနေ စသည် စသည်တို့ များစွာတို့ကြောင့်………………………..။
sources of photos – Mark Two Seven Co., Ltd.’s facebook page, from internet and Dow’s webpage.
Dr.SATZ (Mark Two Seven Water Treatment)
Source: https://www.facebook.com/saiaung.thantzin/posts/10220116395797713
ဆက်စပ်လေ့လာရန် ရေငန်မှရေချိုချက်ခြင်း