ပဲခူး-စစ်တောင်းတူးမြောင်း အဆင့်မြှင့်တင် ပြုပြင် တူးဖော်ခြင်း

စပါးအပါအဝင် သီးနှံစုံ စိုက်ပျိုးထုတ်လုပ်နိုင်ရေး၊ မွေးမြူရေး၊ စီးပွားရေး၊ လူမှုရေးနှင့် လမ်းပန်းဆက်သွယ်မှု လျင်မြန်ချောမွေ့စေရေးစသည်တို့အတွက် ရေဘေးကာကွယ်ရေးတာတမံများ၊ ရေတံခါးများ၊ မြစ်ကြောင်း ထိန်းသိမ်းရေးလုပ်ငန်းများနှင့် ရေနုတ်မြောင်းများ တူးဖော်ခြင်း လုပ်ငန်းများကို အကောင်အထည်ဖော် ဆောင်ရွက်လျက် ရှိရာတွင် ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်အတွင်းရှိ ပဲခူး-စစ်တောင်းတူးမြောင်း အဆင့်မြှင့်တင် ပြုပြင်တူးဖော်ခြင်းလုပ်ငန်းမှာလည်း တစ်ခုအပါအဝင်ဖြစ်ပါသည်။

နောက်ခံသမိုင်းအကျဉ်း

ပဲခူးတိုင်းဒေသကြီးအရှေ့ပိုင်းရှိ ပျဉ်းမနား၊ တောင်ငူ၊ ရွှေကျင်နှင့် မြောက်ပိုင်းရှိသစ်တောများမှ ကျွန်းသစ်များကို ရန်ကုန်မြို့သို့သယ်ယူရာတွင် ပဲခူးမြစ်နှင့် စစ်တောင်းမြစ်တို့ကို ဆက်သွယ် ဖောက်လုပ်လျှင် အသင့်လျော်ဆုံး ဖြစ်သဖြင့် ပဲခူး-စစ်တောင်း တူးမြောင်းကို ၁၈၇၃ ခုနှစ်တွင် စတင်ဖောက်လုပ်ခဲ့ရာ ၁၈၇၈ ခုနှစ်တွင် ပြီးစီးခဲ့ပါသည်။

ပဲခူး-စစ်တောင်းတူးမြောင်းသည် သနပ်ပင်မြို့နယ် တာဝကျေးရွာအနီးရှိ ပဲခူးမြစ်မှ ဝေါမြို့နယ် မြစ်ကျိုး ကျေးရွာအနီးရှိ စစ်တောင်းမြစ်သို့ ဆက်သွယ်ထားပြီး အရှည် ၃၇ မိုင် ၇ ဖာလုံ ပျမ်းမျှထိပ်ဝအကျယ် ပေ ၁၅၀ နှင့် ရေအနက် ၁၀ ပေ ရှိပါသည်။

ပဲခူး-စစ်တောင်းတူးမြောင်း တလျှောက် တာဝကျေးရွာတူးမြောင်း မိုင်တိုင်(ဝ/၀)မှ သနပ်ပင်မြို့နယ်(၈/၄)မိုင် အကြားရှိ တာတမံကို ရေဘေးကာကွယ်ရေးတမံအဖြစ် သတ်မှတ်ခဲ့ပါသည်။ တူးမြောင်း ထိပ်နှစ်ဘက်တွင် ရေယာဉ်ဝင်ထွက်နိုင်ရေးအတွက် ပေ ၃၀ ကျယ်သည့် လှေဝင်လှေထွက်ရေတံခါး၊ ရေပြင်ညှိ အဆောက်အအုံ(Navigation Lock)နှစ်လုံး တည်ဆောက်ထားပါသည်။ ပဲခူးမြစ်ဘက်တွင် တာဝရေတံခါး (Tarwa Lock)နှင့် စစ်တောင်းမြစ်ဘက်တွင် မြစ်ကျိုးရေတံခါး (Myitkyo Lock)တို့ဖြစ်ကြပါသည်။

မိုးရာသီတူးမြောင်းအတွင်း သတ်မှတ်ချက်ထက် ရေများလာသည့်အခါ ရေပိုရေလျှံများကို စွန့်ထုတ်ပစ်ရန် ရေလွှဲပေါက် (Escape)  လေးခုကိုလည်း ထည့်သွင်း တည်ဆောက်ထားပါသည်။ ကျိုက်ပဒိုင်ရေလွှဲပေါက်၊ ပုဂံ-ညောင်ပင် ရေလွှဲပေါက်၊ မင်းရွာရေလွှဲပေါက် နှင့်အဗျား-ရှမ်းကိုင်း ရေလွှဲပေါက်တို့ ဖြစ်ကြပါသည်။

နွေရာသီ တူးမြောင်းအတွင်း ရေနည်းချိန်တွင် ရေယာဉ်များ ကောင်းစွာ သွားလာနိုင်ရန် မြစ်ကျိုး ရေသွင်းပေါက် (Myitkyo Feeder) တစ်ခုကိုလည်း ထည့်သွင်း တည်ဆောက်ထားပါသည်။

ပဲခူး-စစ်တောင်းတူးမြောင်း၏ လက်ရှိအခြေအနေ

ပဲခူး-စစ်တောင်းတူးမြောင်း၏ အလယ်အူကြောင်းတလျှောက် ပေ ၂၀ ခန့်သာလျှင် ကြမ်းပြင်အနေအထား ပုံမှန်ရှိပြီး ဘေးနှစ်ဘက်တွင် နုန်းထိုင်ကောနေခြင်းကြောင့် ရေသိုလှောင်နိုင်စွမ်း လျော့နည်း၍ မိုးရာသီတွင် ရေပြည့်ရေလျှံမှု ကြုံတွေ့နေရပါသည်။ တူးမြောင်း တာပေါင်များ နိမ့်ကျ ယိုယွင်းနေသဖြင့် မိုးရာသီတွင် တူးမြောင်းရေကျော်၍ မိုးစပါးစိုက်ဧကများ ရေကြီးနစ်မြုပ်မှု ကြုံတွေ့ရပါသည်။ ပဲခူး-စစ်တောင်း တူးမြောင်း သဲနုန်းတူးဖော်ခြင်းလုပ်ငန်း၊ ပဲခူး-စစ်တောင်းတူးမြောင်း ရေဘေးကာကွယ်ရေး တာပြုပြင် တည်ဆောက်ခြင်းများ အပြင် တူးမြောင်းတလျှောက်ရှိ ရေလွှဲပေါက်၊ ရေပေးဝေရေး ရေတံခါး၊ ရေထိန်းတံခါးများလည်း အဆင့်မြှင့်ပြုပြင်ရန် လိုအပ်လျက်ရှိပါသည်။ ပဲခူး-စစ်တောင်းတူးမြောင်း တလျှောက် သဲနုန်း တူးဖော်ခြင်းလုပ်ငန်းနှင့် ပဲခူး-စစ်တောင်းတူးမြောင်း ရေဘေးကာကွယ်ရေးတာအား ထိပ်ဝအကျယ် ၂၄ ပေရှိသော ဆက်သွယ်ရေးလမ်းဖြစ်တာဖြစ်ပြုပြင်တည်ဆောက်ခြင်း၊ ရေတံခါးများနှင့် ဆက်စပ် အဆောက်အဦများ အဆင့်မြှင့်တင်ပြုပြင်ရန် ဖြစ်ပါသည်။

လုပ်ငန်းဖြစ်ပေါ်လာပုံ

 ပဲခူး-စစ်တောင်းတူးမြောင်း ပြန်လည်တူးဖော်ခြင်းလုပ်ငန်းအတွက် လျာထား ခွင့်ပြုငွေ ကျပ်သန်း ၂၅၀၀၀ အနက် ကျပ်သန်း ၁၁၂၅၀ ကို ၂၀၁၃-၂၀၁၄ ခု၊ ဘဏ္ဍာရေးနှစ် သီးသန့်ရန်ပုံငွေမှ ကျခံ ဆောင်ရွက်ခဲ့ပြီး ကျန်ရှိရန်ပုံငွေကျပ်သန်း ၁၃၇၅၀ ဖြင့် ၂၀၁၄-၂၀၁၅ ခုနှစ် အတွင်း ဘဏ္ဍာရေး လုပ်ထုံးလုပ်နည်းနှင့်အညီ ဆောင်ရွက်ခဲ့ပါသည်။

ရည်ရွယ်ချက်

သက်တမ်း ၁၃၆ နှစ်ရှိပြီ ဖြစ်သော ပဲခူး-စစ်တောင်းတူးမြောင်းကို အဆင့်မြှင့်ပြုပြင်ခြင်းအားဖြင့် ရေကြီးကွင်း၊ ရေနက်ကွင်းများမှ ရေတော် မိုးတော်ကွင်းများ ဖြစ်ပေါ်လာပြီး နွေစပါး၊ မိုးစပါးနှင့် သီးနှံမျိုးစုံ ပိုမိုစိုက်ပျိုးနိုင်ရန် နွေရာသီတွင် စိုက်ပျိုးမြေများသို့ ရေငန်နှင့် ဆားငန်နုန်းများ ဝင်ရောက်မှုမှ ကာကွယ်ပေးရန်၊ လှေသမ္ဗာန်နှင့် စက်တပ် ရေယာဉ်များ ကူးသန်းသွားလာရာတွင် လွယ်ကူပြီး ကုန်စည်စီးဆင်းမှု လျင်မြန်စေရန်၊ သားငါး ကဏ္ဍနှင့် မွေးမြူရေးကဏ္ဍတို့ ဖွံ့ဖြိုးတိုးတက်စေရန်၊ တစ်နှစ်ပတ်လုံး စိမ်းလန်း စိုပြည်စေရန်၊ ပဲခူး-စစ်တောင်း တူးမြောင်းပေါင်ကို ရာသီမရွေးသွားလာနိုင်သည့် ၁၈ ပေအကျယ် ဂဝံလမ်းခင်းခြင်းလုပ်ငန်းကိုပါ ဆောင်ရွက်ခဲ့သဖြင့် ဒေသနေပြည်သူများဖွံ့ဖြိုးတိုးတက်ရေး၊ လူနေမှုဘ၀ မြင့်မားရေးတို့ကို များစွာ အထောက်အကူ ပြုသည့်အပြင် မိုးယွန်းကြီးအင်းနှင့် ဆက်စပ်၍ သဘာဝအခြေခံ ခရီးသွားလုပ်ငန်း (Eco-Tourism) များကိုလည်း ဖော်ဆောင်လာနိုင်စေရန် စသည့်ရည်ရွယ်ချက်များဖြင့်  ဆောင်ရွက်ခြင်းဖြစ်ပါသည်။

လုပ်ငန်းဆိုင်ရာအချက်အလက်များ

(၁) တည်နေရာ သနပ်ပင်မြို့နယ်နှင့်ဝေါမြို့နယ်အတွင်း

(၂) တူးမြောင်းအမျိုးအစား မြေသားတူးမြောင်း

(၃) တူးမြောင်းအလျား ၃၇ မိုင် ၇ ဖာလုံ

(၄) တူးမြောင်းအကျယ်ထိပ်၀  ပျမ်းမျှ  ၁၅၀ ပေ၊ အောက်ခြေအကျယ်  ပျမ်းမျှ ၆၀ ပေ

(၅) တူးမြောင်းအနက်  ပျမ်းမျှ ၁၀ ပေ

(၆) တာထိပ်အကျယ်  ၂၄ ပေ

(၇) တူးဖော်ပေးရမည့်ဆက်စပ်ရေနုတ်မြောင်း ၃ မြောင်း

(၈) ဆက်စပ်ရေလျှံထိန်းတာ  ၁ ခု

(၉) ပြုပြင်ရမည့်ရေထိန်းအဆောက်အအုံ ၂၂ ခု(တူးမြောင်းပေါ်ရှိ မူလအဓိကရေတံခါး ၇ ခု၊ အခြား ၁၅ ခု)

(၁၀) အကျိုးပြုဧရိယာ ၄၄၉၉၈ ဧက

(၁၁) ခန့်မှန်းကုန်ကျငွေ ၂၅၀၀၀ ကျပ်သန်း

(၁၂) လုပ်ငန်းကာလ (က) စတင်   ၂/ ၂၀၁၄  (ခ) ပြီးစီး     ၅/ ၂၀၁၄

အဓိကလုပ်ငန်းကဏ္ဍများ

(က) ကြိုတင်ပြင်ဆင်ခြင်း

(ခ) တူးမြောင်းတူးဖော်ခြင်းနှင့်တာပေါင်လမ်းပြုလုပ်ခြင်း

(ဂ) ဆက်စပ်ရေနုတ်မြောင်းများတူးဖော်ခြင်း

(ဃ) လက်ရှိရေထိန်းအဆောက်အအုံများအဆင့်မြှင့်တင်ခြင်း

(င) လိုအပ်သောနေရာများတွင်အတွင်းဘက်နံရံ ကာကွယ်ခြင်းလုပ်ငန်းစသည်တို့ ဖြစ်ကြပါသည်။

လက်ရှိ ဆောင်ရွက်နေသည့် ဆောင်ရွက်ပြီးစီးသည့် အခြေအနေ

၁၁။ ၁၅ .၂ .၂၀၁၄ မှ စတင်၍ မိုင်တိုင်အမှတ် (၃၀/ ၇) တမာတကေ၊ကျေးရွာနှင့် မိုင်တိုင်အမှတ်(၃၇/ ၇) မြစ်ကျိုးကျေးရွာတို့တွင် ယာယီရေတားတမံနှစ်ခုအား စတင်ဆောင်ရွက်ခဲ့ပါသည်။ ၁၉ .၅ .၂၀၁၄ အထိ မြေတူးခြင်း လုပ်ငန်း ၇၆၆၁၃၆ ကျင်း၊ တာပုံစံကျ ဖို့ခြင်း ၃၅၇၂၀၅ ကျင်း၊ ဂဝံလမ်းခင်းခြင်း ၂၅ .၉၇ မိုင် ကျောက်ကြီးစီခြင်းလုပ်ငန်း ၃၂၄၀၀ ပေ ဆောင်ရွက်ပြီး ဖြစ်ပါသည်။  

ပဲခူး-စစ်တောင်းတူးမြောင်းတွင် ဆက်စပ်နေသော ရေနုတ်မြောင်းများ တာတမံများ တူးဖော်ပြုပြင်ခြင်း များလည်း ဆောင်ရွက်ခဲ့ရာ ရေနုတ်မြောင်းတူးဖော်ခြင်းလုပ်ငန်းများအားလုံး ၂၉၂၄၁၆ ကျင်း ဆောင်ရွက်ပြီး ဖြစ်ပါသည်။ ရေအားအဆောက်အအုံများအဆင့်မြှင့် ပြုပြင်ရာတွင် လုပ်ငန်းအားလုံး ၁၀၀ ရာခိုင်နှုန်း ဆောင်ရွက်ပြီး ဖြစ်ပါသည်။

နိဂုံး

၁၂။  ပဲခူး-စစ်တောင်းတူးမြောင်းအဆင့်မြှင့်တင်ပြုပြင် တူးဖော်ခြင်း လုပ်ငန်းများကို ၂/ ၂၀၁၄ လမှ ၅/ ၂၀၁၄ လအထိ လေးလဖြင့်အပြီး အကောင်အထည်ဖော်ဆောင်ရွက်ခဲ့ပါသည်။

တူးမြောင်းနှင့် ဆက်စပ်နေသော ဒေသခံ ပြည်သူများနှင့် တောင်သူ လယ်သမားများ၏ ကျန်းမာရေး၊ ပညာရေး၊ စိုက်ပျိုးရေး၊ လမ်းပန်းဆက်သွယ်ရေး၊ လူမှုရေး၊ စီးပွားရေး၊ သားငါးကဏ္ဍနှင့် မွေးမြူရေး ကဏ္ဍတို့ ဖွံ့ဖြိုးတိုးတက်ရေး စသည့် အရေးအားလုံး ဖွံ့ဖြိုးတိုးတက်လာပြီး တောင်သူ လယ်သမား၏ ဝင်ငွေ နှစ်ဆ တိုးလာမည်ဖြစ်ပါသည်။ တူးမြောင်းတာပေါင် တိုးချဲ့ဖောက်လုပ်မည် ဖြစ်သဖြင့် သဘာဝအခြေခံ ခရီးသွားလုပ်ငန်း(Eco-Tourism)များ တွင်ကျယ်လာမည်ဖြစ်ပြီး ခေတ်မီစိုက်ပျိုးရေး အထူးဇုံကြီးများနှင့် ခေတ်မီ စက်မှုအထူးဇုံကြီးများလည်းပေါ်ထွန်းလာမည် ဖြစ်ပါသည်။

အသင့်တူးဖော် ဖောက်လုပ်ထားရှိပြီး ဖြစ်သည့် ရန်ကုန် မိုင် ၃၀ ဝန်းကျင် စိမ်းလန်းစိုပြည်ရေး မြောင်းမကြီးသို့ ရေချို ဖြည့်တင်းပေးနိုင်မည်ဖြစ်ပါ၍ ရန်ကုန်မြို့တော်အရှေ့ခြမ်း မိုင် ၃၀ ဝန်းကျင် စိမ်းလန်းစိုပြည်ရေးကိုလည်း အထောက် အကူပြုစေမည် ဖြစ်ပါသည်။

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s