၁၉၈၈-၉၀ ခုနှစ် နောက်ပိုင်းမှစ၍ စက်ရေတွင်းအရေအတွက် အရှိန်အဟုန်ဖြင့် တိုးတက်လာခဲ့သည်မှာ ယခုဆိုလျှင် ရန်ကုန်မြို့နယ် အားလုံးလိုလိုတွင် စက်ရေတွင်းများ ရှိနေပါပြီ။ ရန်ကုန် လူဦးရေ ၆၀ ရာခိုင်နှုန်းခန့်သည် စက်ရေတွင်းပေါင်း နှစ်သိန်းကျော် သုံးသိန်းခန့်မှ သောက်သုံးရေ ရယူနေကြသည်ဟု စာရေးသူ ခန့်မှန်းပါသည်။ ဌာနဆိုင်ရာနှင့် အဖွဲ့အစည်းအချို့သည်သာ တွင်းအရေအတွက်ကို မှတ်တမ်း ပြုစုထားကြသည်၊ ပုဂ္ဂလိကတွင်း မည်မျှရှိသည်ဆိုသည်ကို မည်သူမျှ မသိနိုင်ပါ။
ယခင် အိုးအိမ်ဦးစီးဌာနက တာဝန်ယူကြီးကြပ်ခဲ့သော မြေအောက်ရေဥပဒေသည် ၁၉၈၈-၉၀ ခုနှစ်၊ နဝတအစိုးရ လက်ထက်မှစ၍ အသက်မရှိတော့၊ အိုးအိမ်ဦးစီးဌာနသည်လည်း အမည်ပြောင်းသွားခဲ့သည်။ ၂၀၂၀ ခုနှစ်က စနစ်တကျ ပြန်လည်ရေးဆွဲထားသည့် မြေအောက်ရေဥပဒေသည်လည်း ၂၀၂၁ ခုနှစ် အစောပိုင်းကာလ အစိုးရ အပြောင်းအလဲကြောင့် ခြေရာလည်းပျောက် ရေလည်းနောက်ဖြစ်သွားပြီ။
သို့သော်လည်း မိုးခေါင်ရေရှား အပူချိန်မြင့်မား၊ ရေကြီးရေလျှံ မုန်တိုင်း ငလျင်စသည့် သဘာ၀ ဘေးအန္တရာယ်များသည် တစ်နှစ်ထက်တစ်နှစ် ပိုမိုဆိုးရွားလာနေပြီး မြေအောက်ရေအပေါ် ဆိုးကျိုးများ သက်ရောက်လာနေသည်၊ ယင်းဆိုးကျိုးများသည် နှစ်ရှည်လများ ကြာမြင့်ပြီး မြေအောက်ရေ သုံးစွဲသူနှင့် နေထိုင်ရာ အဆောက်အဦး၊ လူမှုပတ်ဝန်းကျင်ကိုပါ ထိခိုက်စေနိုင်ပါသည်။
ထိုသို့ထိခိုက်လာနေကြောင်း ယခုလဆန်းက သိရှိလေ့လာ သိရှိခဲ့ရသည့် ဖြစ်စဉ်တစ်ခုကို အများသို့ မျှဝေရန် ရည်ရွယ်၍ သက်ဆိုင်သူများ၏ ခွင့်ပြုချက်ဖြင့် ဤဆောင်းပါးကို ရေးသားပါသည်။
ဖြစ်စဉ်မှာ ရန်ကုန်မြို့ မရမ်းကုန်းမြို့နယ် သမိုင်းရပ်ကွက်တွင် နေထိုင်သူတစ်ဦး၏ သမီးက ဖေ့စ်ဘုတ် မက်ဆင်ဂျာဖြင့် စာရေးသူ၏ မြေအောက်ရေဆိုင်ရာ ဆောင်းပါးစာအုပ်ပါ အကြောင်းအရာများကို ဆွေးနွေးလာပါသည်။ ထိုသို့ဆွေးနွေးရင်း သူမ၏ အဖေနေအိမ်ရှိ စက်ရေတွင်း(သူတို့အခေါ်-အဝီစိတွင်း) အကြောင်း ပြောပါသည်။ ဆက်လက်၍ သူမအဖေနှင့် ဖေ့စ်ဘုတ်မက်ဆင်ဂျာဖြင့် စကားပြောဖြစ်ပါသည်။
သူမအဖေ၏အိမ်သည် မရမ်းကုန်းမြို့နယ် အမှတ် ၁ ရပ်ကွက်၌ ရှိသည်၊ မရမ်းကုန်းမြို့နယ်သည် အရှေ့အနောက် ၄ မိုင်၊ တောင်မြောက် ၅ မိုင်၊ ဧရိယာ စတုရန်းမိုင် ၉ .၈ မိုင်ကျယ်ပြီး ရပ်ကွက်ပေါင်း ၁၀ ရပ်ကွက်ဖြင့် ဖွဲ့စည်းထားသည်၊ လူဦးရေဆယ်သိန်းကျော်၊ တိုက်တာအိမ်ခြေ ၂၄၄၀၀ ရှိပါသည်၊ စက်ရေတွင်း ၂၀၀၀၀ ခန့်အနည်းဆုံး ရှိနိုင်သည်ဟု စာရေးသူ ခန့်မှန်းပါသည်။
သူမအဖေက သူတို့ရပ်ကွက်တွင် အိမ်တိုင်း စက်ရေတွင်းရှိကြောင်း၊ အချို့အိမ်များ၌ ၄ လက်မ စက်ရေတွင်းများပင် ရှိကြောင်း၊ ၂၀၀၀ ပြည့်နှစ် မတိုင်မီ တူးထားသည့် တွင်းများသည် အနက်ပေ ၁၀၀ ဝန်းကျင်သာ ရှိသော်လည်း ယင်းနောက်ပိုင်းတွင် ပေ ၂၅၀-၃၀၀ အထိ တူးရသည်ဟု ဆိုပါသည်။

သူ့အိမ်ရှိ ၂ လက်မ စက်ရေတွင်းကို ၁၉၉၅ ခုနှစ်က တူးခဲ့သည်။ အနက်ပေ ၁၀၀၊ ရေထိပ် ၁၀ ပေ၊ တစ်နာရီ ၄၅၀၀ ဂါလန် ထွက်သည်၊ နောက်ပိုင်း ရေထွက်နှုန်း ကျမသွားသော်လည်း ၂၀၁၀ ခုနှစ်မှစ၍ ရေအရည်အသွေး အနည်းငယ် ယိုယွင်းလာသည်၊ တံခါးဘောင် အနည်းငယ် နိမ့်ကျလာသည်၊ တံခါး မသိမသာ ပိတ်ရခက်လာသည်၊ ၂၀၂၁ ခုနှစ် ဒီဇင်ဘာလ၌ လက်မဝက်နိမ့်ကျနေသည်၊ လွန်ခဲ့သော တစ်နှစ်ခန့်တွင် စက်ရေတွင်းနှင့် ၁၀ ပေခန့်ဝေးသော ရေချိုးခန်းနံရံမှ ကြွေပြားများ ကွာကျပြီး အလျားလိုက် အက်ကြောင်း ပေါ်လာသည်ဟု ပြောပြပါသည်။

ဤဖြစ်စဉ်ကို ပညာရပ်ဆိုင်ရာ ရှုထောင့်မှ လေ့လာသုံးသပ်လျှင် မြေအောက်ရေကို တစ်နှစ်ထက်တစ်နှစ် များလာသော တွင်းများဖြင့် နှစ်ရှည်လများ အထိန်းအသိမ်းမရှိ ထုတ်ယူနေသည်၊ ယင်းသို့ ထုတ်ယူသည်နှင့် တစ်ချိန်တည်းတွင် မြေအောက်သို့ မိုးရေစိမ့်ဝင်မှု နည်းလာသည်၊ မြေအောက်ရေ ပြန်လည်ဖြည့်တင်းသည့် ပမာဏနှင့် ထုတ်ယူနေသည့်ပမာဏ မျှခြေမရှိတော့ဘဲ မြေအောက်ရေမျက်နှာပြင် နိမ့်ကျလာသည်၊ ဆက်၍ မြေမျက်နှာပြင် နိမ့်လာသည်၊ ထိုမှဆက်၍ အဆောက်အဦး ကျွံဝင်စပြုကာ အိမ်ရှိ တံခါးဘောင် နိမ့်ကျလာအထိ ဖြစ်လာသည် (building settlement and surface settlement)။ သည်အတိုင်း ဆက်သွားလျှင် မြေထဲသို့ ပို၍ ကျွံဝင်သွားပြီး အဆောက်အဦး ပျက်စီးသည်(building damage and sinking)အထိ ဖြစ်လာနိုင်ပါသည်။
ထို့အပြင် မြေအောက်ရေမျက်နှာပြင် နိမ့်ကျသောအခါ ရေငန်မြစ်နှင့်နီးသောဒေသများတွင် ရေငန်များ ဝင်ရောက်လာသည်။ (စက်ရေတွင်းများထဲသို့ ရေငန်ဝင်ရောက်ခြင်း ဆောင်းပါးကို ဖတ်ရှုရန် ဤနေရာကိုနှိပ်ပါ)
ထိုအခြေအနေ၌ ငလျင်လှုပ်ခတ်ခဲ့ပါက ထပ်ဆင့်ဆိုးကျိုးများနှင့် ရင်ဆိုင်ရဖို့ ရှိသည်။
(ငလျင်နှင့်မြေအောက်ရေ ဆောင်းပါးကို ဖတ်ရှုရန် ဤနေရာကိုနှိပ်ပါ)
ဖော်ပြပါအဆောက်အဦးကဲ့သို့ မြေကျွံသည့်အဖြစ်မျိုးသည် အထပ်မြင့်အဆောက်အဦး များပြားပြီး မြေအောက်ရေ အထုတ်လွန်သောနေရာတိုင်း၌ ပေါ်ပေါက်နိုင်ခြေရှိနေပါသည်။ အောက်ခံမြေသား အားနည်းပြီး အဆောက်အဦး ဖောင်ဒေးရှင်း စံမမီသောနေရာများတွင် အထူးသဖြင့် အန္တရာယ်ရှိပါသည်။
ယင်းကို ရှောင်လွှဲရန် စက်ရေတွင်းများကို ဆက်မသုံးဘဲ ပိတ်ပစ်ဖို့ လောလောဆယ် မဖြစ်နိုင်ပါ၊ ထို့ကြောင့် စက်ရေတွင်းများ သုံးမရသည့် အခြေအနေမှ နောက်ဆုံး အဆောက်အဦးပါ ပျက်စီးရမည့်အဖြစ်ကို ရှောင်လွှဲဖို့ အောက်ပါ နည်းလမ်းများဖြင့် ကြိုတင်ပြင်ဆင်ကာကွယ်ကြရန် အကြံပြုပါသည်။
၁ – အိမ်ယာစခန်းများတွင် တစ်တိုက်တစ်တွင်း တူးသည့်စနစ်အစား (ယခင်ခေတ်များကကဲ့သို့) စက်ရေတွင်းများကို တစ်နေရာတွင် သီးသန့်နေရာပေး တူးဖော်၍ ရေဖြန့်ဝေရန်
၂ – မြေအောက်ရေ အထုတ်လွန်ခြင်းကြောင့် ဖြစ်ပေါ်သော ဆိုးကျိုးများကို အသိပေးရန်
၃ – ရပ်ကွက်များ၌ စက်ရေတွင်းမှတ်တမ်းများ ကောက်ယူကာ အလှည့်ကျ ရေထုတ်ယူသည့်စနစ်ကို ကျင့်သုံးရန်
၄ – မြေအောက်ရေဥပဒေကို ပြဋ္ဌာန်း၍ မြေအောက်ရေထုတ်ယူမှုကို စနစ်တကျ ကြီးကြပ်ရန်
လိုအပ်ပါက စာရေးသူထံ ဖေ့ဘုတ်မက်ဆင်ဂျာကတဆင့် ဆွေးနွေးနိုင်ပါသည်။
https://www.facebook.com/myint.thein.503
မောင်ကျေးရေ (ဦးမြင့်သိန်း) ၂၀၂၁ ခုနှစ်၊ ဒီဇင်ဘာလ ၂၇ ရက်