မြေအောက်ရေ စက်ရေတွင်းများတွင် ပျော်ဝင်နေသည့် ပီအိပ်(ချ်)အကြောင်း (ဦးမြင့်သိန်း (မောင်ကျေးရေ))

ရေ(သို့မဟုတ် အရည်တစ်မျိုးမျိုး)နှင့် အစားအသောက်အပါအဝင် ပစ္စည်းများ၏ ဓာတုအရည်အသွေးကို စမ်းသပ်သော ညွှန်းကိန်းများထဲက တစ်ခု ဖြစ်သည့် ပီအိပ်(ချ်)(pH)သည် potential of hydrogen ကို အဖျားဆွတ်ခေါ်ဝေါ်သော အတိုကောက်ဝေါဟာရ ဖြစ်သည်။ “ဟိုက်ဒရိုဂျင် အိုင်းယွန်းပါဝင်နိုင်ခြေ”ဟု ပြန်ဆိုနိုင်သည်။ ဟိုက်ဒရိုဂျင် အိုင်းယွန်းသည် ရေ၏ ဓာတ်ဂုဏ်သတ္တိများကို ပြောင်းလဲစေနိုင်သည့် အဓိကအိုင်းယွန်းဖြစ်သည်။

ပီအိပ်(ချ်)ကို ၀ မှ ၁၄ အထိရှိသော စကေးဖြင့် တိုင်းတာသည်၊ အက်စစ်ပါဝင်မှု များလျှင် ပီအိပ်ချ်စကေး နိမ့်ပြီး အယ်လ်ကာလီပါဝင်မှု များလျှင် ပီအိပ်(ချ်)စကေး မြင့်သည်၊ ပီအိပ်(ချ်) ၇ သည် အက်စစ်နှင့် အယ်ကာလီပါဝင်မှု မျှခြေ(neutral)သို့ ရောက်နေခြင်းကို ညွှန်းသည်။

ဘက်ထရီအက်စစ်၏ ပီအိပ်(ချ်)တန်ဖိုးသည် ဝ မှ ၁ . ဝ၊ သံပုရာရည်၏ ပီအိပ်(ချ်)တန်ဖိုးသည် ၂ . ၄၊ ကော်ဖီသည် ၅ . ဝ၊ ပကတိသန့်စင်သောရေသည် ၇ . ဝ၊ လူ့သွေး၏ ပီအိပ်(ချ်)တန်ဖိုးသည် ၇ . ၃၅ မှ ၇ . ၄၅ အတွင်း၊ ဆပ်ပြာသည် ၉ . ၀ မှ ၁၀ . ၀ အတွင်း စသဖြင့် အသီးသီးရှိကြသည်။

ပကတိသန့်စင်သောရေသည် ပီအိပ်(ချ်) ၇ . ၀ ဖြစ်သော်လည်း ယင်းရေမျိုးကို ဓာတ်ခွဲခန်းများတွင်သာ ထုတ်ယူနိုင်ပါသည်၊ သောက်သုံးရန်သင့်သောရေ၏ ပီအိပ်(ချ်)တန်ဖိုးသည် ၇ . ၀ ရှိဖို့ မလိုအပ်ပါ၊ အမေရိကန် ပတ်ဝန်းကျင် ကာကွယ်ရေး အေဂျင်စီက ပီအိပ်(ချ်)ကို Secondary Maximum Contaminant Level / SMCL ဟု ဆိုထားပြီး ကမ္ဘာ့ကျန်းမာရေးအဖွဲ့ ကမူ ရေ၏ ပီအိပ်(ချ်)သည် ၆.၅ နှင့် ၈.၅ အတွင်း၌ ရှိလျှင် သောက်သုံးသင့်သည်ဟု သတ်မှတ်ထားပါသည်။

စက်ရေတွင်းမှ ထွက်လာသော ရေသည် လေထဲရှိ ကာဘွန်ဒိုင်အောက်ဆိုက်နှင့် တွေ့ထိပြီး ပီအိပ်(ချ်)အဆင့် ကျသွားသည်။ ပီအိပ်(ချ်) ၆.၅ အဆင့်ထက် နိမ့်ကျသော ရေတွင် မလိုလားအပ်သော သံဓာတ်၊ ခဲဓာတ်၊ သွပ်ဓာတ်များ ရှိကောင်း ရှိနိုင်ပါသည်။ ရေပိုက်နှင့် ပိုက်ဆက်ပစ္စည်းများကို သံချေးတက်စေပါသည်။ ချဉ်သောအရသာရှိပြီး အဝတ်အထည်များကို စွန်းထေးစေပါသည်။ ရေဆေးကန်များ၊ အဝတ်လျှော်စက်များတွင်လည်း အစွန်းအထေးများ ဖြစ်ပေါ်စေပါသည်။

ပီအိပ်(ခ်ျ)သည် ၈.၅ ထက် များနေပါက ရေစေး (hardwater) ဖြစ်ပြီး ရေပိုက်များကို ချိုးကပ်ပြီး ရေစီးအား ကျဆင်းစေပါသည်။ မြန်မာပြည် ပီဗီစီပိုက်ကို သုံးကြသဖြင့် ထိုသို့ ဖြစ်နိုင်ခြေ နည်း၏။ ရေစေးကို သောက်သုံးရာတွင် စေးထေးထေးနေပါသည်။ ထိုအခြေအနေမှ လျှော့ချလိုပါက တတ်ကျွမ်း နားလည်သော ရေပညာရှင်များနှင့်သာ ဆောင်ရွက်သင့်ပါသည်။

ပီအိပ်(ခ်ျ)ကို အတိုးအလျှော့လုပ်လိုပါက ရေစမ်းသပ်စစ်ဆေးချက် (chemical test result) အဖြေရယူ၍ ထို ရေစေးမှတ်တမ်း (hardness test record) အရ ၁၀၀ မှ ၂၀၀ အတွင်း ရှိနေပါက မျှခြေပြန်ရနိုင်ရန် နျူတရယ်လိုက်ဇာ (neutralizer) ဆိုဒါအက်ရှ် (soda ash) အသုံးပြုပြီး ဆောင်ရွက်နိုင်ပါသည်။ ပီအိပ်(ချ်) အနည်းအများကို ပြုပြင်လိုပါက ရေတွင် ကာဘွန်ဒိုင်အောက်ဆိုက်နှင့် တီဒီအက် (TDS) မည်ရွေ့မည်မျှ ရှိနေသည် ကို ကနဦး လေ့လာသင့်ပါသည်။ ကာဘွန် (စပါးခွံမီးသွေး)၊ အုန်းဆံမျှင်တို့နှင့်လည်း ပြုပြင်၍ ရပါသည်။ (စာရေးသူ၏ ကိုယ်တွေ့အနေဖြင့် သံဓာတ်ဖယ်ရှားသည့် ကာဘွန်ဖင်လ်တာဖြင့် သံဓာတ်ချ (iron removal by using carbon filter) သည့်အခါ ပီအိပ်(ချ်) ၁၅ – ၂၀ ရာခိုင်နှုန်း ပြောင်းလဲမှု ရှိသည်ကို တွေ့ရပါသည်။

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s