ယခုအသက် ၃၅ နှစ်အရွယ်ရောက်နေသူ အရွန်ခရစ်ရှနာမူရ်သီး(Arun Krishnamurthy)သည် သူဆယ်ကျော်သက် အရွယ်တုန်းက သူ့အိမ်အနီးရှိ ရေကန်ကို ကြည့်ရင်း စိတ်မချမ်းမသာဖြစ်ခဲ့ရပုံကို ပြန်သတိရနေသည်။ အိန္ဒိယနိုင်ငံ ချင်းနိုင်မြို့သား အရွန်ခရစ်ရှနာမူရ်သီး နေခဲ့သောအိမ်ဘေးရှိ ကန်သည် ရေကန်ဟုဆိုသော်လည်း အမှိုက်များဖြင့် ပြည့်နေသဖြင့် သူ၏ငယ်စဉ်ဘဝသည် ပျော်စရာ မကောင်းခဲ့ပေ။ သို့သော် ယင်းကန်ကြီးကြောင့်ပင် ခရစ်ရှနာမူရ်သီး၏ ဘဝ၌ အချိုးအကွေ့တစ်ခု ဖြစ်ခဲ့ရသည်။
အမှိုက်ကန်ကြီးကို နိစ္စဓူဝမြင်ရင်း ကြီးပြင်းလာသူ ခရစ်ရှနာမူရ်သီး အရွယ်ရောက်လာသောအခါ ၂၀၀၇ ခုနှစ်၌ အိန္ဒိယနိုင်ငံ ဟိုက်ဒရာဘတ်ရှိ ဂူးဂဲလ်(Google)ကုမ္ပဏီတွင် စာရင်းကိုင်အဖြစ်အမှုထမ်းသည်။ ဝန်ထမ်းဖြစ်လာသော်လည်း ငယ်စဉ်ကမြင်ခဲ့ရသော အမှိုက်များဖြင့် ပြည့်နေသော ကန်ကြီးကို မေ့၍မရချေ။ လုပ်ဖော်ကိုင်ဖက်များ၊ အထက်အရာရှိများနှင့် ကြုံတိုင်း ယင်းရေကန်အကြောင်း၊ အလားတူ အမှိုက်နှင့်အခြားအညစ်အကြေးများ ဝင်ရောက် ရောနှောနေသော ကန်များအကြောင်း၊ အဆိုပါကန်များကို ဆယ်ထုတ် ရှင်းလင်းပေးလိုကြောင်း မကြာခဏပြောဖြစ်သည်။
ခရစ်ရှနာမူရ်သီး ကံကောင်းသည်မှာ သူ၏အထက်အရာရှိသည်လည်း သူလိုပင် စိတ်ထားရှိနေခြင်း ဖြစ်သည်။ ခရစ်ရှနာကဲ့သို့ပင် ရေကန်များကို သန့်ရှင်းနေအောင် ထိန်းသိမ်းရေးတွင် စိတ်ဝင်စားသည်၊ ဆရာတပည့် နှစ်ယောက် ပေါင်းမိကြသည်၊ အရာရှိက ခရစ်ရှနာမူရ်သီးအား ကန်များကို သန့်ရှင်းရေးလုပ်ရန် စိတ်တူကိုယ်တူများအား စည်းရုံးရန် တိုက်တွန်းသည်၊ ဂူးဂဲလ်အလုပ်ကို တာဝန်ကျေလျှင် ပြီးရော၊ ရေကန်သန့်ရှင်းရေးအတွက် အလုပ်ချိန်အတွင်း၌ပင် စည်းရုံးရေးဆင်းရန် ခွင့်ပြုသည်။
သို့နှင့် ခရစ်ရှနာမူရ်သီးသည် ကျောင်းများသို့သွား၍ ရေကန်သန့်ရှင်းရေးကို သူနှင့်အတူ ဝိုင်းလုပ်ကြရန် နှိုးဆော်စည်းရုံးသည်။

ကူမည့်သူ လုံလောက်စွာ ရသောအခါ ၂၀၀၈ ခုနှစ် မေလတွင် Gurunadham Cheruvu ကန်ကို စေတနာ့ ဝန်ထမ်း ၆၀ ကျော်ဖြင့် ရှင်းလင်းသည်၊ ခရစ်ရှနာမူရ်သီး၏ မေတ္တာရပ်ခံချက်အရ မြို့စည်ပင်ကလည်း အမှိုက်သယ်ကားများ ပေးပို့ကူညီသည်၊ ရက်သတ္တရှစ်ပတ်ခန့် ရှင်းပြီးနောက် Gurunadham Cheruvu ကန်သည် အမှိုက် ကင်းစင်သော ရေကန်ကြီး ဖြစ်သွားသည်။ ခရစ်ရှနာမူရ်သီးတို့အဖွဲ့ ကုန်ကျသောငွေမှာ ရူပီး ၁၆၀၀ မျှသာ ဖြစ်သည်။ ထိုအချိန်က ခရစ်ရှနာမူရ်သီးသည် ၂၂ နှစ်အရွယ်သာ ရှိသေးသည်။

ပွဲဦးထွက်လုပ်ငန်းအောင်မြင်သဖြင့် အားတက်လာပြီး ဆက်လက်စည်းရုံးရာ အစကနဦးက စိတ်ဝင်စားသူ နည်းသော်လည်း နောက်ပိုင်းတွင် လာရောက် ပူးပေါင်းကြသည်၊ ၁၅ နှစ် ၁၆ နှစ်အရွယ် ကျောင်းသား ကျောင်းသူများလည်း ပါဝင်လာသည်၊ ထောက်ပံ့ကူညီသူများ ပေါ်လာသည်၊ ညစ်ညမ်းနေသောကန်များကို လျှောက်ဆယ်ကြသည်။
ကန်ဆယ်သည့်လုပ်ငန်းကို အချိန်ပြည့်လုပ်ကိုင်ရန် ခရစ်ရှနာမူရ်သီးသည် ၂၀၁၁ ခုနှစ်တွင် ဂူးဂဲလ်မှ နှုတ်ထွက်ကာ အိန္ဒိယ သဘာဝပတ်ဝန်းကျင် ဖောင်ဒေးရှင်း (Environmentalist Foundation of India (EFI))ကို တည်ထောင်သည်။ ဒေလီ၊ လပ်(က်)နောင်း၊ အာမက်ဒဘတ်၊ ကိုးလ်ကတ္တား၊ ပွန်ဒီချယ်ရီအပါအဝင် မြို့ကြီးများရှိ ပိတ်ဆို့ ညစ်ညမ်းနေသော ကန်များအား ရှင်းလင်းပေးသည်။ အချို့ရေကန်များသည် ကျယ်ဝန်းသည့်အပြင် အမှိုက် များလွန်း၍ ခြောက်လခန့်ပင် အချိန်ယူရှင်းလင်းရသည်။ လိုအပ်သောနေရာများတွင် ယန္တယားကြီးများ ငှားရမ်း အသုံးပြုရသည်။

ကန်ဆယ်ခြင်းအပြင် ကန်ပတ်လည်သစ်ပင်စိုက်ပေးခြင်း၊ ကန်ဝန်းကျင်၌ ငှက်နှင့် နေရင်းအပင်များ ကျက်စား ရှင်သန်စေခြင်း၊ လူငယ်နှင့်ပြည်သူများသို့ ပညာပေးခြင်းတို့ကိုပါ ဆောင်ရွက်သည်။ ရေအရင်းအမြစ် လေလွင့်ဆုံးရှုံးနေမှု၏ ဆိုးကျိုးများကို အများသို့ သိစေသည်။
သူတို့ ရှင်းလင်း ဆယ်ယူပေးခဲ့သော ကန်များထဲတွင် အိန္ဒိယနိုင်ငံ ချင်းနိုင်မြို့ရှိ ၁၇ ဟက်တာ(ဧက ၄၀ ကျော်) ကျယ်သော Kilkattalai ကန်ကြီးလည်း ပါသည်။ ကန်ရေသည် တစ်ချိန်က အရည်အသွေးကောင်းခဲ့သဖြင့် သောက်သုံးရေအတွက် မှီခိုအားထားနိုင်ခဲ့သော်လည်း နောက်ပိုင်း၌ မြို့ပြဖွံ့ဖြိုးမှု၏ သားကောင်ဖြစ်ခဲ့သည်။ တိုးချဲ့လာသောမြို့ပြအတွက် ၂၀၀၀ ပြည့်နှစ်က ကန်ကို ဖြတ်၍ လမ်းဖောက်သည်၊ ကန်ပတ်လည်တွင် အဆောက်အအုံနှင့် စက်ရုံများ တည်ဆောက်သည်၊ ၂၀၁၄ ခုနှစ်တွင် ကန်ပတ်လည်၌ အိမ်အလုံး ၂၀၀၀ ကျော် ပေါ်လာသည်၊ အဆောက်အအုံ ဆောက်ရုံမျှ မဟုတ်၊ ဆောက်လုပ်ရေးလုပ်ငန်းခွင်မှ စွန့်ပစ်ပစ္စည်းများရော၊ ဆောက်လုပ်ပြီး အိမ်များမှ အမှိုက်များပါ ကန်ထဲသို့ လာရောက်သွန်ချသည်။ လုံလောက်စွာ မသန့်စင်ရသေးသော အညစ်အကြေးများကို ပိုက်လိုင်းဖြင့် ကန်ထဲထည့်သည်။
ကန်ပတ်လည်ဒေသများပေါ် ရွာချသောမိုးရေများသည် စီးထွက်စရာ မရှိတော့၍ လည်းကောင်း၊ ကန်ထဲတွင် အမှိုက်မျိုးစုံရောက်နေသဖြင့် လည်းကောင်း မိုးရွာတိုင်း ရေလျှံ့၍ ပတ်ဝန်းကျင်ကို ဖုံးလွှမ်းသည်။
အခြေအနေ အတော်ဆိုးနေသည့် ကန်ကို ခရစ်ရှနာမူရ်သီး ဦးဆောင်သော စေတနာ့ဝန်ထမ်းများသည် ကန်ထဲမှ အမှိုက်များကို ပြန်ဆယ်ကြသည်။ သူတို့ဦးဆောင်နေသည်ကို မြင်၍ ဌာနများကလည်း ဝိုင်းဝန်းကူညီသည်။ ကန်ဆယ်ပြီးနောက်တွင် အခြေအနေကောင်းကို အတတ်နိုင်ဆုံး ထိန်းသိမ်းထားခြင်းကြောင့် ၂၀၂၁ ခုနှစ် မတ်လအတွင်း ဓာတ်ခွဲစစ်ဆေးချက်အရ ကန်ရေတွင် ဘက်တီးရီးယားနှင့် ဓာတ်ဆားပျော်ဝင်မှုသည် သတ်မှတ်အဆင့်အတွင်း၌ ရှိနေကြောင်း တွေ့ရသည်။

ခရစ်ရှနာမူရ်သီးဦးဆောင်သော အိန္ဒိယ သဘာ၀ ပတ်ဝန်းကျင် ဖောင်ဒေးရှင်းသည် ယခုအခါ ရေကန်ပေါင်း ၁၄၀ ကျော်ကို ရှင်းလင်းပေးပြီး ဖြစ်သည်။
ရေကန်များကို ရှင်းလင်းသန့်စင်ပေးကာ အိန္ဒိယနိုင်ငံ၏ ရေအရင်းအမြစ်ကို တစ်တပ်တစ်အား ထိန်းသိမ်းပေးသော လုပ်ဆောင်ချက်များကြောင့် ခရစ်ရှနာမူရ်သီးအား ရိုးလက်စ်နာရီကုမ္ပဏီမှ Rolex Award ဖြင့် ချီးမြှင့်သည်။