မြစ်တို့ရဲ့အခွင့်အရေး (အေးမြင့်-ညောင်တုန်း)

တစ်ခေတ်တစ်ခါက ရေကြီးမှုတွေကာကွယ်ဖို့ဆိုရင် မြေသားတာတမံတွေ အခိုင်အမာ တည်ဆောက် မြှင့်တင်ပြီး ကာကွယ်ခဲ့ကြပါတယ်။ Structural Measure လို့ဆိုတဲ့ အင်ဂျင်နီယာ အဆောက်အအုံနဲ့ ဖြေရှင်းတဲ့နည်းပေါ့။ ရေဘေးကာကွယ်ရေးတွေ အဓိကလုပ်နေတဲ့ ကျွန်တော်တို့ရဲ့မိခင်ဌာန ဆည်မြောင်းမှာလည်း ဒီနေ့အထိ ဒီနည်းပဲ အဓိကထားလုပ်နေတာပါ။

ဒီအကြောင်းအရာနဲ့ ဆက်နွှယ်ပြီး “ဧရာဝတီရေကြီးမှု ပြဿနာကို ဆည်မဆောက်ဘဲ တာဆင့် တာမြှင့်နည်းတွေနဲ့ လုပ်လို့မရနိုင်ဘူးလား”လို့ ကမ္ဘာ့ဘဏ်မှာ ဒီနေ့အထိ အတိုင်ပင်ခံအင်ဂျင်နီယာလုပ်နေတဲ့ ဝါရင့်ဆရာသမားတစ်ဦးကို ကျွန်တော် မေးမြန်းခဲ့ဖူးပါတယ်။ “နှစ်တိုင်း အနည်နဲ့နုန်းပို့ချလို့ မြင့်တက်လာတဲ့ ဧရာဝတီမြစ်ကြမ်းပြင်အတိုင်း တာတွေ လိုက်မြှင့်နေမှာလား”လို့ ဆရာက ကျွန်တော့ကို ပြန်မေးပါတယ်။

သုတေသနလေ့လာမှု အလွန်တရာအားနည်းတဲ့ ကျွန်တော်တို့နိုင်ငံနဲ့ ကျွန်တော်တို့ အင်ဂျင်နီယာတွေဟာ ဧရာဝတီအကြောင်း၊ ပြီးတော့ ရေကြီးမှုကာကွယ်ရေး အကြောင်း အများကြီး ဆက်လက် လေ့လာဖို့ လိုနေသေးတယ် ဆိုတာကို ဆရာရဲ့စကားကို ထောက်ပြီး သိသာပါတယ်။ အချိန်တွေပြောင်း ခေတ်တွေ ပြောင်းလာတော့ အတွေးအခေါ် အယူအဆတွေလည်း ပြောင်းလဲရမယ်ဆိုတာကို သိဖို့လိုပါတယ်။

ကျွန်တော်တို့ မြစ်ဝကျွန်းပေါ်ဒေသ ရေစီမံခန့်ခွဲမှုပညာတွေ သင်ယူခဲ့ရာ နယ်သာလင်နိုင်ငံက ဒတ်ချ်ပညာရှင်တွေကတော့ ရာသီဥတုကမောက်ကမ ပြောင်းလဲနေတတ်တဲ့ ခေတ်နဲ့အညီ ရေဘေးကာကွယ်ရေးနည်းစနစ် အယူအဆအသစ်တွေကို တီထွင်ကြံဆပြီး လက်တွေ့ အသုံးချနေကြပါပြီ။

သူတို့ရဲ့ အခြေခံအယူအဆကတော့ ရိုးရိုးစင်းစင်းလေးပဲ။ လူသားတွေမှာ လူ့အခွင့်အရေးနဲ့ ရပိုင်ခွင့်တွေ ရှိကြသလို မြစ်ချောင်းတွေမှာလည်း မြစ်အခွင့်အရေးရှိရမယ်လို့ ဒတ်ချ်ရေပညာရှင်တွေက တွေးပါတယ်။

မြစ်အခွင့်အရေးက ဘာများပါလိမ့်။

မြစ်တွေ ချေုာင်းတွေမှာ ပုံမှန်ရေစီးအပြင် ပိုလျှံများပြားလာတဲ့ ရေတွေပါ ကောင်းကောင်းစီးနိုင်အောင် လုံလောက်တဲ့နေရာ ရှိဖို့လိုအပ်တယ်ဆိုတာပါပဲ။

တကယ်တော့ ပုံမှန်မြစ်ရေစီးအတွက်သာမက ရေများချိန် ရေကြီးချိန်တွေမှာ လွတ်လွတ်လပ်လပ် စီးနိုင်အောင် နေရာတွေ လမ်းကြောင်းတွေကို သဘာဝက ဖန်တီးပေးထားပြီးသားပါ၊ အဲဒီလို နေရာတွေ လမ်းကြောင်းတွေကို ရေလွှမ်းလွင်ပြင် Flood Plain လို့ ခေါ်ပါတယ်။ ဧရာဝတီနဲ့ပဲ ဥပမာပေးရရင် နွေအခါမှာ ရေစီးလမ်းကြောင်းက ပျမ်းမျှတစ်မိုင်လောက်ပဲ ကျယ်ပေမယ့် မိုးရာသီမှာတော့ ရေသွားလမ်းကြောင်း သို့မဟုတ် ဧရာဝတီရေလွှမ်းလွင်ပြင်ဟာ လေးမိုင်ကနေ ငါးမိုင်အထိ ရှိနေတတ်ပါတယ် ။

ရေကြည်ရာ မြက်နုရာဆိုတဲ့အတိုင်း လူတွေဟာ လူမှုစီးပွားဘဝအတွက် မြစ်ကမ်းနားဖူးပေါ်မှာ၊ မြစ်ကြီးတွေ အနီးအနား ရေလွှမ်းလွင်ပြင်ပေါ်မှာ ကျူးကျော်အခြေချနေထိုင်လာကြတော့ ရေလွှမ်းလွင်ပြင်တွေဟာ တစ်နှစ်ထက်တစ်နှစ် ကျုံ့ဝင်လျော့နည်းလာတော့တယ်။

ရေလွှမ်းလွင်ပြင်တွေ ကျုံ့ဝင်သွားပေမယ့် မြစ်ရေက နည်းမသွားဘဲ ရာသီဥတုပြောင်းလဲမှုကြောင့် အချို့နေရာတွေမှာ မိုးပိုရွာ ရေပိုစီးလာတယ်၊ မြစ်ရေတွေဟာ ကမ်းပါးကိုကျော်ပြီး ရေကြီးရေလျှံတာတွေ ဖြစ်တော့တာပေါ့။ အဲဒီအချက်ဟာ ဧရာဝတီမြစ်ရိုးတစ်လျှောက် ရေကြီးရခြင်းအကြောင်းအချက်တွေ များစွာထဲက တစ်ခု ဖြစ်ပါတယ်။

ကျွန်တော်တို့က အလေးအနက်မတွေးပေမယ့် ဒတ်ချ်အင်ဂျင်နီယာတွေက ဒီအချက်ကို အလေးထားကြတယ်။ သူတို့နိုင်ငံရဲ့ မြစ်ဝကျွန်းပေါ်မှာ တာတွေဆောက်ပြီး ရေဘေးကာကွယ်ခဲ့သော်လည်း မြစ်ရေကြီးမှုတွေ ဆက်ဖြစ်နေတော့ သမားရိုးကျ အတွေးအခေါ်ကို မြေလှန်လိုက်ပြီး ရေကြီးတတ်တဲ့ တချို့နေရာတွေမှာ မြစ်အတွက် ရေလမ်းကြောင်းပေးနိုင်ဖို့ လုံလောက်တဲ့ အကွာအဝေးရောက်တဲ့အထိ တာတွေကို နောက်ဆုတ်ပေးကြတယ်။ ရေလွှမ်းလွင်ပြင်တွေကို ချဲ့ကြတယ်၊ ပြန်ဖော်ကြတယ်။ တစ်နည်းပြောရရင် မြစ်အခွင့်အရေးဖြစ်တဲ့ မြစ်ရေစီးဖို့နေရာ(Room for the River)ပေးတယ်ပေါ့။

နယ်သာလန်မှာ ရေလွှမ်းလွင်ပြင်တွေ ချဲ့နေ ပြုပြင်နေကြတဲ့ နေရာတွေကို အောက်ပုံမှာ တွေ့နိုင်ပါတယ်။

ရေလွှမ်းလွင်ပြင်ကို ဘယ်လိုချဲ့ပြီး ဘယ်လိုပြုပြင်သလဲဆိုတာ အောက်မှာ လေ့လာနိုင်ပါတယ်။

ဒတ်ချ်အင်ဂျင်နီယာတွေဟာ ရေဘေးကာကွယ်ရေးအတွက် ဒီနည်းအပြင် နှစ်တိုနှစ်ရှည် စီမံကိန်း ကြီးငယ်တွေနဲ့ အားထုတ်နေကြတယ်၊ အားမထုတ်လို့လည်း မဖြစ်ဘူးလေ၊ သူတို့ တိုင်းပြည်ဧရိယာရဲ့ သုံးပုံတစ်ပုံလောက်က နဂိုကတည်းက ပျမ်းမျှပင်လယ်ရေပြင်ထက် နိမ့်နေတာ၊ သူတို့ဘိုးစဉ်ဘောင်ဆက်က အားထုတ်ခဲ့လို့ သူတို့အခုလိုနေနိုင်တာ၊ “God created the earth, but the Dutch created the Netherlands” ဘုရားသခင်က ကမ္ဘာကြီးကို ဖန်ဆင်းတယ်၊ ဒတ်ချ်လူမျိုးတွေက နယ်သာလန်ကို ဖန်ဆင်းတယ်ဆိုတဲ့ စကားတောင် ရှိတယ်မဟုတ်လား။

ဆက်စပ်လေ့လာရန် မြစ်ရေကိုနေရာပေးခြင်း

One thought on “မြစ်တို့ရဲ့အခွင့်အရေး (အေးမြင့်-ညောင်တုန်း)

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s