ရာသီဥတုပြောင်းလဲခြင်း အမေးများသော မေးခွန်းနှင့် အဖြေများ

၁-ရာသီဥတုပြောင်းလဲနေကြောင်း မည်သည့်အချိန်က စသိခဲ့သနည်း။

၁၈၉၀ ပြည့်နှစ်လွန်အချိန်တွင် ဆွီဒင်ပညာရှင် အာရင်းနီးယပ်စ်နှင့် အမေရိကန်ပညာရှင် ချိန်ဘာလိန်တို့က ရုပ်ကြွင်းလောင်စာများမှ ထွက်သော ကာဘွန်ဒိုင်အောက်ဆိုက်ကြောင့် ကမ္ဘာကြီးပိုပူလာနိုင်ကြောင်း သီးခြားစီ ပြောဆိုခဲ့သည်။ ကမ္ဘာ့လေထု၏ အချို့နေရာများတွင် ပုံမှန်ထက်ပူနွေးနေကြောင်း ၁၉၃၀ ပြည့်နှစ် နောက်ပိုင်းတွင် သိရှိခဲ့ကာ လေထုထဲတွင် ကာဘွန်ဒိုင်အောက်ဆိုက်ပမာဏ မြင့်တက်နေသည်ကို ၁၉၆၀ ပြည့်နှစ် နောက်ပိုင်းတွင် တွေ့ရှိခဲ့သည်။ ထိုအချိန်မှစ၍ ပညာရှင်တို့၏လေ့လာချက်က လေထုအပူချိန်တက်၍ ရာသီဥတုပြောင်းလဲနေကြောင်း၊ ယင်းဖြစ်စဉ်သည် ကာဘွန်ဒိုင်အောက်ဆိုက်ပမာဏ မြင့်တက်မှုနှင့် ဆက်စပ်နေကြောင်း သိခဲ့သည်။

၂-ရာသီဥတုပြောင်းလဲခြင်းသည် လူများကြောင့်ဟု မည်သည့်အကြောင်းကြောင့် ပြောနိုင်သနည်း။

ကမ္ဘာကိုပူနွေးစေသည့် အဓိကဓာတ်ငွေ့ဖြစ်သော ကာဘွန်ဒိုင်အောက်ဆိုက် ပမာဏသည် လွန်ခဲ့သော နှစ်ပေါင်း ၁၀၀၀၀ ခန့်အတွင်း ၂၆၀ ပီပီအမ်မှ ၂၉၀ ပီပီအမ်ကြားတွင် ရှိခဲ့သည်။ လွန်ခဲ့သော နှစ်ပေါင်း ၂၀၀ ကျော် စက်မှုတော်လှန်ရေးခေတ်က စတင်ကာ ရုပ်ကြွင်းလောင်စာ အမြောက်အများကို အသုံးပြု လာခဲ့ချိန်မှ စ၍ ကာဘွန်ဒိုင်အောက်ဆိုက်အပါအဝင် ဖန်လုံအိမ်ဓာတ်ငွေ့များ၏ ပမာဏ မြင့်တက်လာခဲ့သည်။ လူနေမြို့ရွာများနှင့် စိုက်ခင်းများတိုးချဲ့ရန် သစ်တောခုတ်လှဲမှုကြောင့်လည်း ဓာတ်ငွေ့၏ပမာဏ တက်လာသည်။ အကျိုးဆက်အဖြစ် ကမ္ဘာ့လေထုအပူချိန်လည်း တက်လာသည်။

ပညာရှင်တို့သည် ကမ္ဘာက နေကိုပတ်ရာတွင် ရှိသည့် တည်နေရာ အနေအထား၊ အာကာသ ဓာတ်ရောင်ခြည်နှင့် နေမှ ဓာတ်မှုန်များ ကမ္ဘာသို့ ရောက်ရှိမှု၊ နေ၏ လှုပ်ရှားမှု၊ မီးတောင်ပေါက်မှုစသည့် သဘာဝအကြောင်းများကြောင့် ရာသီပြောင်းနိုင်ချေများကို ကွန်ပျူတာမိုဒယ်များတွင် ထည့်သွင်းတွက်ချက် လေ့လာခဲ့သည်။ ရရှိသော အဖြေသည် ကမ္ဘာတွင် လက်တွေ့ ကြုံနေရသော အပူချိန်တက်နေမှုနှင့် ကွားခြားနေခဲ့သည်။ လူတို့ကြောင့် ဖြစ်သော ရုပ်ကြွင်းလောင်စာ လောင်မြိုက်မှုနှင့် သစ်တောခုတ်လှဲမှုမှ ထွက်သည့် ဓာတ်ငွေ့ကြောင့် ဖြစ်နိုင်သည့်အကျိုးဆက်ကို ကွန်ပျူတာထဲ ထည့်၍တွက်မှ ကွန်ပျူတာ ရလဒ်သည် တကယ့်ဖြစ်ရပ်နှင့် ကိုက်ညီနေကြောင်း တွေ့ရသည်။ ထို့ကြောင့် ယနေ့ကမ္ဘာပူနွေးလာမှုသည် လူ့ပယောဂကြောင့်ဟု ကောက်ချက်ချကြသည်။

၃-အပူချိန်ဒီဂရီ အနည်းငယ်သာတက်မည်ဟု ပြောကြသည်။ အနည်းငယ်သာတက်ခြင်းသည် စိုးရိမ်စရာလား။

လက်ရှိအပူချိန်သည် ၁၈၅၀-၁၉၀၀ နှစ်များကထက် ၁ . ၁ ဒီဂရီ စင်တီဂရိတ်ခန့်တက်ပြီးဖြစ်ကာ ၁ . ၅ ဒီဂရီပိုမြင့်သည့်အခြေအနေသို့ ဦးတည်နေသည်။ ၁ . ၅ ဒီဂရီထက်ပိုမတက်အောင် ထိန်းမထားနိုင်လျှင် တွေ့ကြုံရမည့် သဘာဝဘေးများသည် အလွန့်အလွန်ဆိုးရွားမည်ဟု အားလုံးက သဘောတူကြသည်။ ၂ ဒီဂရီပိုတက်သွားလျှင်မူ မတွေးဝံ့လောက်အောင် ဆိုးရွားမည်။ အဆိုပါမြင့်တက်မှုပမာဏသည် နေ့စဉ်အပူချိန် ပြောင်းလဲမှုနှင့် ချိန်ထိုး နှိုင်းယှဉ်လျှင် အရေးမကြီးလှဟု ထင်စရာ ဖြစ်သည်။

သို့သော် နေ့စဉ်တွေ့ရသော အပူချိန် အတက်အကျမှာ နာရီပိုင်း ရက်ပိုင်းခန့်မျှသာ ကြာသဖြင့် ကမ္ဘာ့လေထုနှင့် အခြားသက်ရှိသက်မဲ့ပတ်ဝန်းကျင်ကို များစွာ ထိခိုက်ပြောင်းလဲခြင်း မရှိပေ။ အပူချိန် တက်ခြင်း ကျခြင်းသည် နှစ်ပေါင်းများစွာ တစ်သမတ်တည်း ဖြစ်နေလျှင်မူ ပတ်ဝန်းကျင်ကို သိသာစွာ သက်ရောက်ပြောင်းလဲစေသည်။

လွန်ခဲ့သည့် နှစ်ပေါင်း ၁၂၀၀၀၀ ခန့်မှ စတင်ခဲ့ကာ လွန်ခဲ့သည့် ၈၀၀၀၀ နှစ်ပေါင်း အချိန်တွင် အထွတ်အထိပ် ရောက်ခဲ့သော ရေခဲခေတ်က ကမ္ဘာ့ပျမ်းမျှအပူချိန်သည် ယခုထက် ၅ ဒီဂရီ စင်တီဂရိတ်မျှသာ လျော့နည်းခဲ့သည်။ သို့စင်လျက် ကမ္ဘာ့ကုန်းမြေဧရိယာ၏ သုံးပုံတစ်ပုံမျှ ရေခဲပြင်များ ဖုံးအုပ်နေခဲ့သည်။ ယခုဖြစ်ပေါ်နေသော အပူချိန်တက်မှုသည်လည်း နှစ်ပေါင်းများစွာကတည်းက ဖြစ်ပေါ်ခဲ့ ယခုလည်း ဖြစ်ပေါ်ဆဲ နောင်လည်း ဆက်၍ တက်နေဦးမည် ဖြစ်၍ တက်သော ပမာဏ နည်းစေကာမူ လူသားများအပါအဝင် သက်ရှိများအတွက် အလွန်စိုးရိမ်ဖွယ်ရာ အခြေအနေပင် ဖြစ်သည်။

၄-အတိတ်က လေထုတွင်း ကာဘွန်ဒိုင်အောက်ဆိုက်ပမာဏ၊ အပူချိန်စသည့် ကမ္ဘာ့ရာသီဥတုမှတ်တမ်းများကို ပညာရှင်တို့ မည်သို့သိကြသနည်း။

အတိတ်က ကမ္ဘာ့လေထုတွင်း ပါဝင်တည်ရှိခဲ့သည့် ဓာတ်ငွေ့စသည်တို့သည် ထိုစဉ်က ရှင်သန်နေခဲ့သည့် သစ်ပင်များထဲတွင် ဓာတ်ပြုခိုအောင်းနေခဲ့ကြသည်။ ရှေးသစ်ပင်တို့၏ ရုပ်ကြွင်းများကို လေ့လာမှုမှ အတိတ်ရာသီဥတု အကြောင်းကို သိနိုင်သည်။ ထိုနည်းတူ ရှေးနှစ်ပေါင်းများစွာက လေထုထဲမှ ကျလာသော ဆီးနှင်းများတွင် လေပူဖောင်းများ ပါလာကာ ရေခဲပြင်များအောက်တွင် ယနေ့အထိ မပျက်မစီး တည်နေကြသေးသည်။ ယင်းလေပူဖောင်းများကို တူးဖော်လေ့လာချက်များမှ အတိတ်ရာသီဥတု အကြောင်းကို သိနိုင်သည်။ အလားတူပင် ရှေးကျောက်တုံးများ၊ သန္တာကျောက်တန်းများကလည်း ရှေးခေတ်ရာသီဥတုအကြောင်းကို တစ်စွန်းတစ်စ ဖော်ထုတ်ပေးသည်။

၅-ဖန်လုံအိမ်ဓာတ်ငွေ့ထွက်မှုကို ယခုထက် ပိုမတက်အောင် ထိန်းနိုင်လျှင်သော်မှ ကမ္ဘာ့အပူချိန် ဆက်တက်နေဦးမည် ဆိုခြင်းကို ရှင်းပြပါ

တက်လာနေသော အပူဓာတ်များ၏ အများစုသည် သမုဒ္ဒရာရေပြင်၏ အပေါ်လွှာများကို ပူနွေးစေသည်။ ရေပြင်အပေါ်လွှာရှိ အပူဓာတ်သည် သမုဒ္ဒရာရေစီးကြောင်းများ၏ မွှေနှောက်မှုကြောင့် အနက်ပိုင်းသို့တိုင် ရောက်ရှိခိုအောင်းနေသည်။ အနက်ပိုင်းတွင် အပူတို့ ရောက်ရှိနေပြီးဖြစ်၍ လေထုအပူချိန် ကျလာသည့်တိုင်အောင်မှ အနက်ပိုင်းရေတို့၏ အပူကြောင့် အပေါ်ပိုင်းမှ ရေတို့သည် နွေးနေမည်။ ယင်းအနွေးဓာတ်သည် လေထုကိုပါ လိုက်နွေးစသေဖြင့် ကမ္ဘာ့အပူချိန် တက်နေမြဲ တက်နေဦးမည်။

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s