(ဖြစ်စဉ်-၁)
ဘင်္ဂလားဒက်ရှ်ရှိ ဂေါ်ပိုဒိုမန်ဒို၏ မိသားစုများသည် ရွှံ့ဗွက်ပေါသည့်ရွာမှ တစ်ဦးပြီးတစ်ဦး ထွက်ခွာနေကြသည်။ ဦးစွာစွန့်ခွာသွားသူများကတော့ တံငါအလုပ်ဖြင့် အသက်မွေးသော ဦးလေးနှစ်ယောက် ဖြစ်သည်။ တစ်နှစ်ထက်တစ်နှစ် ငါးအရနည်းလာ၍ အိန္ဒိယနိုင်ငံဘက်ကူးကာ ဆောက်လုပ်ရေးလုပ်သား သွားလုပ်ကြသည်။ ဂေါ်ပိုဒိုမန်ဒို၏ အစ်ကိုများသည်လည်း တံငါအလုပ်ဖြင့် ထမင်းမဝသည့်အခါ တောထဲတွင် ကျားသောင်းကျန်းနေမှန်း သိလျက်နှင့် သစ်ခုတ်၊ ပျားဖွတ်သည့်အလုပ်ကို ပြောင်းလုပ်ကြသည်။ နောက်ဆုံးတွင် အစ်ကိုများလည်း အဖေကိုခေါ်၍ တစ်ရပ်တစ်ကျေးသို့ ပြောင်းသွားပြန်သည်။
ဂေါ်ပိုဒိုမန်ဒို၏ရွာတွင် ကျန်ရစ်သူ ဆွေမျိုးတစ်ယောက်မှ မရှိတော့ချေ။ သူ့အစ်ကိုများ ထွက်သွားပြီးနောက် ရွာအနီးရှီ ရေကာတာကျိုး၍ ရွာထဲ ရေများဝင်လာကာ လူ့အသက်နှင့် ပစ္စည်းဥစ္စာများ ဆုံးပါးခဲ့ရပြန်သည်။ ငါးအရနည်းလာခြင်း၊ ဆားငန်ရေများဝင်၍ လယ်များပျက်စီးခြင်း၊ မုန်တိုင်းအန္တရာယ် ပိုလာနေခြင်းတို့ကို ဂေါ်ပိုဒိုမန်ဒိုအပါအဝင် ရွာသားများ လက်တွေ့ခံစားနေကြရသည်။ ရွာတွင် ဆက်နေ၍ မကောင်းတော့ပြီ ဆိုသည်ကိုလည်း နားလည်ကြသည်။ မည်သို့ပင်ဖြစ်စေ ဂေါ်ပိုဒိုမန်ဒိုတစ်ယောက် ရွာကမခွာသေးပါ။
တဲစုတ်တွင်နေ၍ ငါးပုစွန်တို့ကို ဖမ်းရင်း ဇနီး၊ ကလေးနှစ်ယောက်ကို လုပ်ကျွေးနေသူ ဂေါ်ပိုဒိုမန်ဒိုက ကျွန်တော် ဒီနေရာဒီတိုင်းပြည်ကို ချစ်တယ်၊ တခြားဘယ်မှမသွားချင်ဘူးဟု ဆိုသည်။ မိမိဒေသကို မည်မျှပင် မခွာလိုသည် ဖြစ်စေ၊ ဂေါ်ပိုဒိုမန်ဒိုသည် တစ်ချိန်တွင်တော့ သူတို့ချစ်သောမြေကို စွန့်ခွာ၍ အခြားနေရာသို့ ရွှေ့ပြောင်းရတော့မည်။
(ဖြစ်စဉ်-၂)
အသက် ၁၅ နှစ်သာရှိသေးသူ တာရက်ဇီယာသည် သူ့နေရာသူ့ရွာမှ မခွာလိုဘဲ ခွာခဲ့ရသော်လည်း ကီလိုမီတာ ၁၅၀ ဝေးသော ဒါကာမြို့တော်ရှိ အစားအသောက်လုပ်ငန်းစက်ရုံ၌ အလုပ်လုပ်ရန် ဘင်္ဂလားဒက်ရှ်ကမ်းရိုးတန်းရှိ သူ့မြို့မှ ထွက်ခွာလာစဉ်က မျှော်လင့်ချက်အပြည့်ရှိခဲ့သည်။ သူ့အဖေပိုင်လယ်မြေများသည် ပင်လယ်ရေတိုက်စားမှုကြောင့် ပဲ့ပါ ဆုံးရှုံးသွားသဖြင့် ဝင်ငွေမရှိဖြစ်နေသည်ကို ဒါကာရှိစက်ရုံလုပ်သားဘဝဖြင့် ကူညီနိုင်မည်ဟု ထင်ခဲ့သည်။
တာရက်ဇီယာ၏ဘဝသည် သူထင်သလို ဖြစ်မလာခဲ့ပါ၊ အလုပ်ဝင်ပြီး တစ်လအကြာ ၂၀၂၁ ဇူလိုင်လတွင် စက်ရုံမီးလောင်၍ လူ ၅၀ ကျော်အသက်ဆုံးရှုံးခဲ့ရာ တာရက်ဇီယာလည်း မီးထဲပါသွားသည်။
ကျွန်တော့သားက ကိုဗစ်ကြောင့် ကျောင်းပိတ်ထားတဲ့အချိန်မှာ မိသားစုကို ထောက်ပံ့ဖို့ အလုပ်သွားလုပ်တယ်၊ ကံကဆိုးလိုက်တာဟု တာရက်ဇီယာ၏ဖခင် အဗ္ဗဒူဘာရှားက ပြောသည်။
သူတို့မိသားစုသည် ဘင်္ဂလားဒက်ရှ်နိုင်ငံ အရှေ့တောင်ဘက် မြစ်ဝရှိ ကျွန်းတစ်ကျွန်းပေါ်တွင် စိုက်ခင်းများနှင့် အသက်မွေးခဲ့သည်။ လွန်ခဲ့တဲ့လေးနှစ်က ကျွန်တော်တို့ကျွန်းမြေတွေ ပင်လယ်ရေ အတိုက်စားခံလိုက်ရတော့ ကုန်းတွင်းပိုင်းကို ရွှေ့ပြီး နေခဲ့ရတယ်၊ နေရာသစ်မှာ တစ်ခါထပ်ပြီး ဒီရေကြောင့် မြစ်ကမ်းပါးပြိုပြန်တယ်၊ အိမ်လည်း ထပ်ပါသွားတယ်၊ အခု သားကို ဆုံးရှုံးရပြန်ပြီဟု အဗ္ဗဒူဘာရှားက မချိတင်ကဲ ရေရွတ်သည်။
ဂေါ်ပိုဒိုမန်ဒိုနှင့် အဗ္ဗဒူဘာရှားတို့မိသားစုများသည် ပင်လယ်ရေဒဏ်ကြောင့် နေရာရွှေ့ရသော ဘင်္ဂလားဒက်ရှ်နိုင်ငံ ကမ်းရိုးတန်းဒေသခံများထဲမှ အချို့သာဖြစ်သည်။
သူတို့နည်းတူ ရာသီဥတုပြောင်းလဲမှုကြောင့် ပေါ်ပေါက်လာမည့် ဘေးအန္တရာယ်များကြောင့် လူအများအပြားသည် မိမိတို့ နေရပ်ကို စွန့်ခွာနေကြရာ ကမ္ဘာ့သမိုင်းတွင် အကြီးမားဆုံး လူအစုအပြုံလိုက် ပြောင်းရွှေ့မှုနှင့် မကြာမီ ကြုံကြရမည်ဟု တွက်ထားကြသည်။ ၂၀၅၀ ပြည့်နှစ်တွင် လူသန်း ၂၅၀ အထိ နေရင်းဒေသမှ ခွာကြရဖွယ် ရှိသည်ဟုဆိုသည်။
အပူချိန် မြင့်တက်လာ၍ မိုးလိုနေသည့်ဒေသများတွင် မိုးမရွာဘဲ သဲကန္တာရများ ချဲ့ထွင်လာနေ၍ နေရင်းဒေသမှ ခွာကြသည်။ အချို့နေရာများတွင်မူ မုတ်သုန်မိုး ပိုလာနေသည့်အတွက် ရေလွှမ်းမှု တစ်ချိန်ထက်တစ်ချိန် ဆိုးလာနေသဖြင့် အခြားသို့ ထွက်ပြေးကြရသည်။ အချို့ကမူ မြင့်တက်လာနေသည့် ပင်လယ်ရေက ကုန်းတွင်းသို့ တိုးဝင်လာကာ လယ်ကွင်းများနှင့် ရေတွင်းများသို့ ရေငန်ဝင်သည့်အတွက် ဆက်နေရန် မဖြစ်တော့သည့် အခြေအနေနှင့် ကြုံကြသည်။
ကမ္ဘာ့ဘဏ်၏ ၂၀၂၁ စက်တင်ဘာလစာရင်းအရ ရာသီဥတုဘေးအပါအဝင် ဘေးဒုက္ခမျိုးစုံကြောင့် နေရာရွှေ့ပြောင်းနေရသူဦးရေမှာ တောင်အာရှဒေသ တစ်ခုတည်း၌ ၄၀ . ၅ သန်းခန့်ရှိပြီး ထက်ဝက်မှာ ဘင်္ဂလားဒက်ရှ်တွင် ဖြစ်သည်။ ဘင်္ဂလားဒက်ရှ် မြစ်ဝကျွန်းပေါ်တွင် တစ်နှစ်လျှင် ၂၅ မီလီမီတာခန့် ပင်လယ်ရေပြင် မြင့်တက်လာနေသည်။ ၂၀၅၀ ပြည့်နှစ်အရောက်တွင် နိုင်ငံဧရိယာ၏ ၁၇ ရာခိုင်နှုန်းခန့် ပင်လယ်ရေပြင်အောက် ရောက်နိုင်ပြီး လူပေါင်းသန်း ၂၀ ခန့် နေရပ် ထပ်မံစွန့်ခွာရဖွယ်ရာ ရှိနေသည်။
မြစ်ဝကျွန်းပေါ်သားအများအပြားသည် ပင်လယ်ရေလွှမ်းမိုးမှု၊ စိုက်ပျိုးမြေနှင့် သောက်သုံးရေ အရင်းအမြစ်များထဲသို့ ဆားငန်ရေဝင်ရောက်မှုတို့ကြောင့် ကျေးလက်များကို စွန့်ခွာ၍ မြို့ပြများသို့ ပြောင်းရွှေ့ကြသည်။ အများစု၏ဦးတည်ရာမှာ မြို့တော်ဒါကာသို့ ဖြစ်သည်။ ဒါကာသည် မူလကပင် လူဦးရေကျပ်တည်းလှသော မြို့တော်ဖြစ်ရာ ထပ်ဝင်လာသူများကြောင့် အခြေအနေ ပိုမဆိုးလာစေရန် ကျေးလက်မှပြောင်းလာသူများကို ဒါကာအစား အခြားမြို့ ၂၀ ခန့်သို့ ပြောင်းကြရန် အစီအမံများ လုပ်ပေးနေရသည်။
စွမ်းနိုင်သော ဘင်္ဂလားဒက်ရှ်နိုင်ငံသားအချို့က ပြည်ပထွက်ကြရာ အရှေ့အလယ်ပိုင်း နိုင်ငံများသို့ ဘင်္ဂလားဒက်ရှ်နိုင်ငံသား တစ်နှစ်လျှင် ခုနစ်သိန်းခန့် ဝင်ရောက်နေသည်။ ဥရောပနိုင်ငံများသို့ ရောက်လာသော နိုင်ငံခြားသားများတွင် ဘင်္ဂလားဒက်ရှ် နိုင်ငံသားများက ထိပ်ဆုံးစာရင်းထဲတွင် ပါသည်။
ထိုမျှ မစွမ်းနိုင်သူအချို့က အိမ်နီးချင်းအိန္ဒိယဘက်သို့ ခိုးဝင်ကြသည်။ ခိုးဝင်လာသူ ဘင်္ဂလားဒက်ရှ်နိုင်ငံသား များလွန်းသဖြင့် အိန္ဒိယဘက်က နယ်စပ်ကို သံဆူးကြိုး ကာရံ၍ တားဆီးနေရသည်။ ဘင်္ဂလားဒက်ရှ်နှင့် အိန္ဒိယကြား နယ်စပ်မျဉ်း ကီလိုမီတာ ၄၁၀၀ ခန့်ရှိရာ ၂၀၂၁ သြဂုတ်လအထိ ကီလိုမီတာ ၃၁၀၀ ကျော်ကို သံဆူးကြိုးကာရံထားနိုင်ပြီဟု ဆိုသည်။
ယခုပင် မြန်မာဘက်သို့ အကြောင်းအမျိုးမျိုးကြောင့် တစိမ့်စိမ့်ဝင်နေသည့် ဘင်္ဂလားဒက်ရှ်သားများသည် အိမ်နီးချင်းအိန္ဒိယသို့ ဝင်ရန် ပိုခက်လာခြင်း၊ ရာသီဥတုဘေးပိုဆိုးလာခြင်းစသည့်အကြောင်းများကြောင့် မြန်မာနိုင်ငံသို့ ပိုရောက်လာနိုင်သောအချက်ကို သိရှိပြင်ဆင်ထားရန် လိုအပ်မည်ဟု ယူဆပါသည်။