
(ကြေးမုံသတင်းစာ၊ ၁၃၇၀ ပြည့်နှစ်၊ တော်သလင်းလပြည့်ကျော် ၅ ရက်၊ သောကြာနေ့၊ (၁၉၊ ၉၊ ၂၀၀၈) နေ့ထုတ်မှ ကောက်နုတ်ဖော်ပြသည်။)
မြန်မာနိုင်ငံ၏ ၁၉၅၀ ပြည့်နှစ်မှစ၍ ရာသီဥတုဖြစ်ပေါ်ပြောင်းလဲမှုများကို ၁၉၅၀ မှ ၁၉၇၈ ခုနှစ်အထိ ပထမကာလ၊ ၁၉၇၈ ခုနှစ်မှ ၁၉၉၈ ခုနှစ်အထိ ဒုတိယကာလ၊ ၁၉၉၉ ခုနှစ်မှ နောက်တတိယကာလ အဖြစ် သုံးကြိမ်ပိုင်းခြားလေ့လာသည်။
ပထမကာလတွင် စိုစွတ်သောရာသီဥတုဖြစ်ပြီး ယင်းနှစ်များအတွင်း မိုးကောင်းခြင်း၊ မုတ်သုံအဝင်အထွက် မှန်ကန်ခြင်းတို့ကြောင့် လွန်ကဲဖြစ်စဉ်များမရှိဘဲ ရာသီဥတု ကောင်းမွန် မှန်ကန်နေသည်ကို မှတ်တမ်းများအရ တွေ့မြင်ခဲ့ရသည်။
ဒုတိယကာလတွင် နှစ်စဉ်မိုးရွာသွန်းမှု နည်းပါးလာခြင်း၊ အပူချိန်များမြင့်တက်လာခြင်းတို့ကြောင့် ပူပြင်း ခြောက်သွေ့သော ရာသီဥတုများ ဖြစ်ပေါ်လာခဲ့သည်။ မုတ်သုံအဝင် နောက်ကျပြီး အထွက်စောသည်ကိုလည်း တွေ့လာရသည်။ မိုးရွာသွန်းမှု ၁၄၅ ရက်မှ ရက် ၁၁၀ အထိ လျော့ကျသွားခဲ့သည်။ ထို့အတူ မုန်တိုင်းဖြစ်ပေါ်မှုများလည်း အကြိမ်နည်းခဲ့သည်ကို မှတ်တမ်းများအရ သိနိုင်သည်။
၁၉၉၉ ခုနှစ်နောက်ပိုင်း တတိယကာလတွင်မှု ရာသီဥတုမှာ ပိုပြီးစိုစွတ်လာသည်။ အပူရှိန်လွန်ကဲမှု များလည်း လျော့ပါးလာသည်။ မုတ်သုံနှင့် မိုးရွာသွန်းမှုတို့မှာလည်း မှန်ကန်လာသည်ကို တွေ့မြင်ခဲ့ရသည်။ သို့သော် ရာသီဥတုပြောင်းလဲလာမှုကြောင့် မုန်တိုင်းများအနေဖြင့် လွန်ကဲဖြစ်စဉ်၊ ထူးခြားဖြစ်စဉ်များ ပိုမိုများပြားလာသည်။
ဥပမာအားဖြင့် အနီးစပ်ဆုံးကာလဖြစ်သော ၂၀၀၆၊ ၂၀၀၇၊ ၂၀၀၈ သုံးနှစ်ကို ကြည့်ပါက လေဆင်နှာမောင်း တိုက်ခတ်မှု၊ မုန်တိုင်းကျရောက်မှု၊ မိုးကြိုးပစ်မှု၊ လျှပ်တစ်ပြက်ရေကြီးမှုများ ယခင်ကာလနှစ်များထက် ပိုမိုဖြစ်ပွားလာခဲ့သည်။
နောက်ဆုံးတွေ့ရှိချက်များအရ မြန်မာ့ကမ်းရိုးတမ်းများနှင့် ဆက်စပ်လျက်ရှိသော ဘင်္ဂလားပင်လယ်အော် တွင် ပင်လယ်ပြင်၏ ရေမျက်နှာပြင်အပူရှိန်သည် ၁၉၈၀ ပြည့်နှစ်နောက်ပိုင်း ပို၍မြင့်တက်လာသည်ကို တွေ့မြင်လာရသည်။ ထိုသို့ဖြစ်ပေါ်မှုသည် မိုးကြိုကာလအတွင်း မုန်တိုင်းဖြစ်ပေါ်မှုကို ပိုမို အားကောင်းစေသည့် အကြောင်းရင်းဖြစ်သည်။
ထို့ကြောင့် ၂၀၀၆ ခုနှစ်တွင် မာလာမုန်တိုင်း၊ ၂၀၀၇ ခုနှစ်တွင် အားကတ်မုန်တိုင်း၊ ၂၀၀၈ ခုနှစ်တွင် နာဂစ် မုန်တိုင်းများသည် အစဉ်အလာမဟုတ်ဘဲ သုံးနှစ်ဆက်တိုက် ဝင်ရောက်လာသည်။ မြန်မာနိုင်ငံ၏ မုန်တိုင်း ဖြစ်စဉ်များအရ နှစ်စဉ် မိုးကြိုကာလ ဧပြီလနှင့်မေလ၊ မိုးလွန်ကာလ အောက်တိုဘာနှင့်နိုဝင်ဘာလများတွင် မုန်တိုင်းဝင်ရောက်လေ့ရှိသည်။
လွန်ခဲ့သော ၁၈၇၇ ခုနှစ်မှ ၂၀၀၅ ခုနှစ်အထိ နှစ်ပေါင်း ၁၂၈ နှစ်အတွင်း ဘင်္ဂလားပင်လယ်အော်တွင် မုန်တိုင်းပေါင်း ၁၂၈၄ ကြိမ် ဖြစ်ပေါ်ခဲ့သော်လည်း နိုင်ငံအတွင်းသို့ အကြိမ်ပေါင်း ၈၀ သာဝင်ခဲ့၍ ရာခိုင်နှုန်းအားဖြင့် ခြောက်ရာခိုင်နှုန်းမျှသာ ရှိခဲ့သည်။
(မှတ်ချက် – ပူးတွဲပုံအရမူ အစွန်းရောက်ပြင်းထန်သောမိုးလေဝသဖြစ်စဉ်များကြောင့် သေဆုံးသူဦးရေတွင် မြန်မာက အများဆုံး ဖြစ်နေသည်။)
(အောက်ပါတို့မှာ Myanmar Climate Change Strategy and Action Plan (MCCSAP) 2016–2030 Version 19 January 2017၏ ဖော်ပြချက်များမှ ကောက်နုတ်ထားခြင်းဖြစ်ပါသည်။)
ရာသီဥတုပြောင်းလဲမှုသည် မြန်မာနိုင်ငံ၏ ဖွံ့ဖြိုးမှုများကို ထိခိုက်သက်ရောက်မှုများရှိနေပြီး ယင်းဖြစ်စဉ်ကို မကိုင်တွယ်မဖြေရှင်းပါက ပိုမို၍ဆိုးရွားလာလိမ့်မည်။ မြန်မာနိုင်ငံ၌ အပူချိန် တဖြည်းဖြည်း မြင့်တက်လာခြင်း၊ ရံခါအပူလွန်ကဲခြင်း၊ မိုးရွာသွန်းမှုပုံစံ ပြောင်းလဲခြင်း၊ မုန်တိုင်းတိုက်ခြင်း၊ ရေကြီးခြင်း၊ မိုးခေါင်ခြင်းစသည့် အစွန်းရောက် ရာသီဥတုဖြစ်စဉ်များသည် ပို၍ပြင်းထန်လာမည့်အပြင် ဖြစ်သည့် အကြိမ်လည်း ပို၍စိပ်လာရန် ရှိနေသည်။
မိုးလေဝသတိုင်းတာရေးစခန်း ၁၉ ခုတွင် တိုင်းတာချက်များအရ ၁၉၈၁ ခုနှစ်နှင့် ၂၀၁၀ ခုနှစ်အတွင်း ကမ်းရိုးတန်းဒေသများ၌ ဆယ်စုနှစ်တစ်ခုလျှင် အပူချိန် ၀ ဒသမ ၁၄ ဒီဂရီတက်ခဲ့ပြီး ကုန်းတွင်းပိုင်းဒေသများတွင်မူ ၀ ဒသမ ၃၅ ဒီဂရီစင်တီဂရိတ် တက်ခဲ့သည်။ ပျမ်းမျှအားဖြင့် လွန်ခဲ့သည့် နှစ်ပေါင်း ၆၀ အတွင်း ဆယ်စုနှစ် တစ်ခုလျှင် ၀ ဒသမ ၈ ဒီဂရီစင်တီဂရိတ်နှုန်းဖြင့် မြင့်တက်ခဲ့သည်။ ၂၀၁၀ ခုနှစ်တွင် ပေါ်ပေါက်ခဲ့သော အပူဒဏ် ကြောင့် လူ ၂၆၀ သေဆုံးခဲ့ပြီး ၁၄၈၂ ဦးမျှ နာမကျန်း ဖြစ်ခဲ့သည်။ ၂၁၀၀ ခုနှစ် နောက်ပိုင်းတွင် အပူချိန်သည် လက်ရှိထက်အများဆုံး ၄ ဒသမ ၄ ဒီဂရီစင်တီဂရိတ် အထိပို၍ တက်လာနိုင်ခြေရှိသည်။
မုတ်သုန်လေသည် နောက်ကျမှဝင်ပြီး စော၍ ဆုတ်ခွာသည်။ မုတ်သုန်လေ မြန်မာပြည်တွင်း၌ နေသောရက် များသည် ၁၉၆၁ ခုနှစ်နှင့် ၁၉၉၀ ခုနှစ်ကြား နှစ်ပေါင်း ၃၀ ကာလအတွင်း ပျမ်းမျှ ၁၄၄ ရက်ရှိခဲ့ရာမှ ၁၉၈၁ နှင့် ၂၀၁၀ ခုနှစ်ကြား နှစ် ၃၀ အတွင်း ၁၂၁ ရက်အထိ တိုတောင်းသွားခဲ့သည်။ တစ်နိုင်ငံလုံးခြုံ၍ကြည့်လျှင် မိုးနည်းသွားသော ဒေသများ ရှိသော်လည်း ဒေသအများစုတွင် မိုးပိုလာသည်။ မိုးရွာရက်တိုတောင်းသော်လည်း ရွာသည့်အချိန်တွင် ပိုမိုပြင်းထန်စွာ ရွာသဖြင့် မိုးရေချိန်ပိုများလာခြင်း ဖြစ်သည်။ ကမ်းရိုးတန်းဒေသများ၌ နှစ်စဉ် မိုးရွာသွန်းမှုသည် ဆယ်စုနှစ်တစ်ခုလျှင် ၁၅၇ မီလီမီတာတက်ခဲ့ပြီး ကုန်းတွင်းပိုင်း ဒေသများတွင် ၃၇ မီလီမီတာ မြင့်မားလာခဲ့သည်။ အနာဂတ်တွင် မိုးရွာသွန်းမှုသည် လက်ရှိထက် ၄၀ ရာခိုင်နှုန်းအထိ ပိုလာနိုင်သည်။
အဖျက်စွမ်းအင်ကြီးမားသောမုန်တိုင်းများသည် ၂၀ ရာစုနှစ် အတွင်းက သုံးနှစ်လျှင်တစ်ကြိမ်သာ မြန်မာ နိုင်ငံတွင်းသို့ ဝင်ရောက်သော်လည်း ၂၁ ရာစုနှစ်အတွင်း၌မူ တစ်နှစ်တစ်ကြိမ်ခန့် ဝင်ရောက်နေသည်။ ကမ်းရိုးတန်း ဒေသများသည် မုန်တိုင်းဒဏ်အပြင် မြင့်တက်လာသည့် ပင်လယ်ရေပြင်၏ ခြိမ်းခြောက်မှုကိုလည်း တွေ့ကြုံရမည်။
၂၀၁၅ ခုနှစ် ရေလွှမ်းမိုးမှုကြောင့် လူ ၁၆ သိန်းခန့် နေရာရွှေ့ပြောင်းခဲ့ရပြီး ၁၃၂ ဦးသေဆုံးသည်။ ပျက်စီးဆုံးရှုံးမှုပမာဏသည် ၂၀၁၄-၁၅ ဂျီဒီပီ၏ ၃ ရာခိုင်နှုန်းခန့် ရှိသည်။
မြန်မာနိုင်ငံတွင် ၁၉၈၀ နှင့် ၁၉၉၀ ခုနှစ်များတွင် မိုးမကြာခဏခေါင်ခဲ့ပြီး ၂၀၁၀ ခုနှစ်ကမူ မိုးအကြီးအကျယ် ခေါင်ခဲ့သည်။ မိုးခေါင်မှု၏ဒဏ်ကို အများဆုံးခံရသည့်ဒေသမှာ အလယ်ပိုင်းမိုးနည်းရေရှားရပ်ဝန်း ဖြစ်သည်။
၁၉၉၅ ခုနှစ်မှ ၂၀၁၄ ခုနှစ်ကြား အနှစ် ၂၀ ကာလအတွင်း မြန်မာနိုင်ငံ၌ အစွန်းရောက် ရာသီဥတုဖြစ်စဉ် ၄၁ ကြိမ်ဖြစ်ပေါ်ခဲ့ပြီး လူ ၇၁၄၆ ဦးသေဆုံးခဲ့သည်။ ပျက်စီဆုံးရှုံးမှုပမာဏသည် ဂျီဒီပီ၏ ၀ ဒသမ ၇၄ ရာခိုင်နှုန်းမျှ ရှိသည်။ ကမ္ဘာတွင် ရာသီဥတုကြောင့် ပျက်စီးထိခိုက်မှုပမာဏ ဒုတိယအများဆုံးနိုင်ငံ ဖြစ်သည်။
မြန်မာနိုင်ငံ၏ လူဦးရေအများစုသည် မုန်တိုင်းတိုက်ခြင်း၊ ရေကြီးခြင်း၊ မိုးခေါင်ခြင်းစသည့် ရာသီဥတု ဆိုင်ရာသဘာဝဘေးအန္တရာယ် အများဆုံး ဖြစ်ပေါ်ရာ မြစ်ဝကျွန်းပေါ်ဒေသ၊ ကမ်းရိုးတန်းဒေသနှင့် အလယ်ပိုင်း မိုးနည်းရေရှားဒေသတို့၌ စုဝေးနေထိုင်ကြသည်။ ယင်းဒေသတို့တွင် ဝင်ငွေနည်းလူတန်းစား အများအပြားရှိသဖြင့် သဘာဝဘေးမှ ကာကွယ်ရန်၊ ထိခိုက်မှု လျော့ပါးရန် လုပ်ဆောင်ရမည့် စွမ်းရည် နိမ့်ကျသဖြင့် ထိခိုက်ပျက်စီးနိုင်မှု အများဆုံး ဖြစ်သည်သာမက ပြန်လည်ထူထောင်ရာတွင်လည်း ကြန့်ကြာမည်။
၂၀၁၄ ခုနှစ်စာရင်းများအရ မြန်မာ့ကျေးလက်လူဦးရေ၏ ၇၀ ရာခိုင်နှုန်းသို့မဟုတ် မြန်မာ့လူဦးရေ အများစု သည် ရာသီဥတုနှင့်မိုးရေမှန်မှုကိုအမှီပြုသော စိုက်ပျိုးမွေးမြူရေး၊ ငါးဖမ်းလုပ်ငန်းနှင့် သစ်တောထွက်ပစ္စည်းများကို အခြေခံသည့် စီးပွားရေးဖြင့် အသက်မွေးကြသည်။ ဥပမာ စိုက်ပျိုးရေးကဏ္ဍမှ ရသော ဝင်ငွေသည် ဂျီဒီပီ၏ ၃၀ ရာခိုင်နှုန်းခန့်ရှိပြီး လုပ်သားဦးရေ၏ ၆၁ ရာခိုင်နှုန်းတို့ လုပ်ကိုင်နေသည်။ ထို့ကြောင့် မြန်မာ့လူဦးရေအများစုသည် ရာသီဥတုပြောင်းလဲမှုကြောင့် ဖြစ်ပေါ်သည့် ဘေးအန္တရာယ်များဒဏ်ကို ခံရရန် အလားအလာ များနေသည်။ အစွန်းရောက်ရာသီဥတုဖြစ်စဉ်များကြောင့် စိုက်ပျိုးထွက်ကုန်များ လျော့နည်းကျဆင်းနေသဖြင့် ဂျီဒီပီနှင့် မိသားစု ဝင်ငွေများကျဆင်းနေကာ စားနပ်ရိက္ခာမလုံလောက်မှုများ ဖြစ်ပေါ်နေသည်။