ကုလသမဂ္ဂ ရာသီဥတုပြောင်းလဲမှု အစည်းအဝေးနှင့် ကမ္ဘာ့ရှေ့ရေး

ကုလသမဂ္ဂရာသီဥတုပြောင်းလဲမှုအစည်းအဝေး အစီအစဉ်တစ်ဝက်ကျိုးချိန်တွင် ထွက်ပေါ်လာသော အခြေအနေနှင့်ပတ်သက်၍ သတင်းဌာနအချို့က အကောင်းမြင်ကြသော်လည်း ရာသီဥတုအရေး တက်ကြွလှုပ်ရှားသူ အတော်များများက အဆိုးမြင်ကြသည်။

သတင်းဌာနများ၏အဆိုအရ နိုင်ငံအတော်များများက ကျောက်မီးသွေးစက်ရုံများကို ယခုဆယ်စုနှစ်အကုန်တွင် ပိတ်သိမ်းခြင်းဖြင့် ဖန်လုံအိမ်ဓာတ်ငွေ့လျှော့ချရန်၊ သစ်တောပြုန်းတီးမှုကို လုံးဝရပ်တန့်ရန် ကတိပြုကြကြောင်း သိရသည်။ ယင်းအတိုင်းဖြစ်လာပါက ကမ္ဘာ့အပူချိန်ကို ၁ . ၉ ဒီဂရီစင်တီဂရိတ်ထက် ပိုမတက်အောင် ထိန်းနိုင်မည်ဟု ယူဆကြသည်။

သို့သော် ရာသီဥတုအရေးတက်ကြွလှုပ်ရှားသူ Greta Thunberg ကမူ ကုလသမဂ္ဂရာသီဥတုပြောင်းလဲမှုအစည်းအဝေးသည် မအောင်မြင်ဟု စောစောစီးစီးကပင် မှတ်ချက်ပြုသည်။ အစည်းအဝေးကျင်းပရာ ဂလပ်စဂိုမြို့၌ ဖန်လုံအိမ်ဓာတ်ငွေ့ ပိုမိုလျှော့ချကြဖို့ သူနှင့်အခြားတက်ကြွသူလူငယ် သိန်းနှင့်ချီ၍ ဆန္ဒဖော်ထုတ်နေကြသည်။

အကဲခတ်အများအပြားက အစည်းအဝေး တကယ်အောင်မြင် မအောင်မြင်ကို ဖန်လုံအိမ်ဓာတ်ငွေ့ အများဆုံး ထုတ်လွှတ်နေသော နိုင်ငံကြီးများက ယင်းဓာတ်ငွေ့ကို မည်မျှလျှော့ချဖို့ ကတိပြုကြမည်နည်းဆိုသော အချက်ပေါ်တွင် မူတည်သည်ဟု ဆိုသည်။

ယင်းကိစ္စနှင့်ပတ်သက်၍ ဖြစ်လာနိုင်သည့်အခြေအနေကို အကဲခတ်ရန် လက်ရှိမည်သို့ ဖြစ်နေသနည်းဆိုသည်ကို စိစစ်တင်ပြပါမည်။

၂၀၁၇ ခုနှစ် လေ့လာချက်အရ ကမ္ဘာတွင် ဖန်လုံအိမ်ဓာတ်ငွေ့အများဆုံးထုတ်လွှတ်နေသော နိုင်ငံငါးနိုင်ငံနှင့် ထုတ်လွှတ်ပမာဏမှာ အောက်ပါအတိုင်း ဖြစ်သည်။

နိုင်ငံထုတ်လုပ်မှု(မက်ထရစ်တန်)တစ်ကမ္ဘာလုံး၏ရာခိုင်နှုန်း
တရုတ်၉၈၃၉၂၇ . ၂
အမေရိကန်၅၂၆၉၁၄ . ၆
အိန္ဒိယ၂၄၆၇၆ . ၈
ရုရှား၁၆၉၃၄ . ၇
ဂျပန်၁၂၀၅၃ . ၃
Source: weforum.org

အထက်ပါဇယားကို သုံးသပ်လျှင် ဖန်လုံအိမ်ဓာတ်ငွေ့ထုတ်လွှတ်မှု၌ အမေရိကန်သည် အိန္ဒိယ၏ နှစ်ဆခန့်၊ တရုတ်သည် အမေရိကန်၏ နှစ်ဆခန့် ပိုထုတ်နေပြီး အဆိုပါသုံးနိုင်ငံပေါင်း၏ ထုတ်လွှတ်မှုသည် တစ်ကမ္ဘာလုံး၏ ထက်ဝက်နီးနီးဖြစ်နေရာ ယင်းသုံးနိုင်ငံ၏ လုပ်ဆောင်မှုများသည် ကမ္ဘာ့ရှေ့ရေးကို အဆုံးအဖြတ်ပေးရာတွင် အရေးပါလှသည်။

လောလောဆယ် တရုတ်ကပြောနေသည်မှာ ၂၀၃၀ ပြည့်နှစ်တွင် တရုတ်၏ ဖန်လုံအိမ်ဓာတ်ငွေ့ ထုတ်လွှတ်မှုသည် အမြင့်ဆုံးသို့ ရောက်ပြီး ယင်းအချိန်မှစ၍ ဖြည်းဖြည်းချင်း လျှော့ချသွားကာ ၂၀၆၀ ပြည့်နှစ်၌ အသားတင် ထုတ်လွှတ်မှုသုည(Net Zero) ဖြစ်မည်ဟု ဆိုသည်။ (အသားတင်ထုတ်လွှတ်မှုသုည(Net Zero)ဆိုသည်မှာ ထုတ်လွှတ်သောဓာတ်ငွေ့ပမာဏအတိုင်း သစ်တောစိုက်ခြင်း စသည်ဖြင့် ပြန်လည်စုပ်ယူခြင်းကို ခေါ်သည်။)

တရုတ်၏ အစီအစဉ်သည် ရာသီဥတုအစည်းအဝေး၏ရည်မှန်းချက်များနှင့် ဝေးကွာနေသေးသကဲ့သို့ အမေရိကန်၊ အိန္ဒိယနှင့် ဂျပန်တို့ကလည်း လုံလောက်သော ကတိကဝတ်များ မပေးသေးဟု asia.nikkei သတင်းက ဆိုသည်။

တရုတ်၊ အမေရိကန် နှင့် အိန္ဒိယတို့က ဓာတ်ငွေ့လျှော့ချရန် ကတိကဝတ် မပေးသေးခြင်း၏ အကြောင်းရင်းများအနက် တစ်ခုမှာ ယင်းနိုင်ငံတို့သည် ၂၀၂၀ ပြည့်နှစ် ကျောက်မီးသွေးအသုံး အများဆုံး သုံးနိုင်ငံတွင် ပါဝင်နေ၍ ဖြစ်ကြောင်း အောက်ပါဇယားအရ ပြောနိုင်သည်။

နိုင်ငံသုံးစွဲမှု
တရုတ်4.14 billion short ton
အိန္ဒိယ932.2 million short ton
အမေရိကန်650.3 million short ton
Source: statista.com

တဖန် အဆိုပါသုံးနိုင်ငံတို့သည်ပင် ၂၀၁၉ ခုနှစ်က ကမ္ဘာတွင် ကျောက်မီးသွေးထုတ်လုပ်မှု အများဆုံးနိုင်ငံများ ဖြစ်နေကြောင်း အောက်ပါဇယားက ဖော်ပြသည်။

နိုင်ငံထုတ်လုပ်မှု(တစ်နှစ်လျှင်)
တရုတ်3.7 billion tonnes
အိန္ဒိယ783 million tonnes
အမေရိကန်640 million tonnes
Source: nsenergybusiness.com

မိမိတို့နိုင်ငံအသီးသီးတွင် ကျောက်မီးသွေးအဆင်သင့်ထွက်နေ၊ ကျောက်မီးသွေးသုံးစက်ရုံများကိုလည်း ဆောက်လုပ် လည်ပတ် အသုံးပြုလျက်ရှိ၊ စရိတ်စကလည်း သက်သာနေသဖြင့် ယင်းတို့ကို လွယ်လွယ်နှင့် ကျောခိုင်းစွန့်ပယ်ကာ တည်ဆောက်စရိတ် ကြီးမြင့်နေသေးသော ပြန်ပြည့်မြဲစွမ်းအင်များကို ချက်ချင်းကြီး အလုံးအရင်းနှင့် အသုံးပြုရန် တရုတ်၊ အမေရိကန်နှင့် အိန္ဒိယအပါအဝင် နိုင်ငံအချို့အဖို့ အချိန်ယူပြီးမှသာ လုပ်ဆောင်နိုင်မည်မှာ ထင်ရှားနေသည်။

ရာသီဥတုပြောင်းလဲမှု၏ ဆိုးကျိုးများကို တစ်ကမ္ဘာလုံးခံစားရမည်မှန်း အားလုံးသိနေကြသော်လည်း ဓာတ်ငွေ့လုံလောက်သောပမာဏအထိ လျှော့ချရန် နိုင်ငံကြီးအချို့က ခက်ခဲနေမှုကြောင့် ကမ္ဘာ့ရှေ့ရေးမှာ ရင်လေးဖွယ်ဖြစ်နေသည်ဟု ယူဆပါသည်။

(ဤဆောင်းပါးအပါအဝင် kyawoo.com ၌ ပါရှိသည်များကို လွတ်လပ်စွာ ကူးယူဝေမျှနိုင်ပါသည်။ ကူးယူဝေမျှသည့်အခါ kyawoo.com က ရရှိသည်ဟု ဖော်ပြပေးစေလိုပါသည်။)

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s