သုံးပင်လိမ်အရင်းအမြစ်များ

စက်ကိရိယာများမပါ လူအားသက်သက်ဖြင့်သာ လုပ်ခဲ့စဉ်က ပြီးမြောက်နိုင်သော အလုပ်ပမာဏသည် လွန်စွာ နည်းပါးသည်။ ပျမ်းမျှယောက်ျားတစ်ယောက် တစ်ရက်စားသော အစာ၌ စွမ်းအင် ကယ်လိုရီ ၂၀၀၀ မှ ၃၀၀၀ ခန့်သာပါသည်။ ယင်းသည် ဓာတ်ဆီ ၁၀၀ မီလီလီတာတွင်ပါသော စွမ်းအင်နှင့်တူညီသည်။ ထို့ကြောင့် သူလုပ်၍ ပြီးနိုင်သော အလုပ်ပမာဏမှာလည်း ဓာတ်ဆီ ၁၀၀ မီလီလီတာမှ ရသော စွမ်းအင်ထက် မပိုနိုင်ပေ။

ကျောက်မီးသွေး၊ ရေနံစသည်တို့ကိုသုံး၍ စက်ကိရိယာများကို တီထွင် မောင်းနှင်တတ်လာသောအခါတွင်မူ လောင်စာစွမ်းအင်များကို သုံးလျှင် သုံးသလောက် အလုပ်ပို၍ပြီးစီးလာသည်။ အလုပ်ပိုလုပ်လာနိုင်သောအခါ ဝင်ငွေပိုကောင်းလာကြသည်။ လမ်းလျှောက်၊ စက်ဘီးစီး၍ သွားလာနေရာမှ ကိုယ်ပိုင်ကားဖြင့် ခရီးနှင်လာနိုင်သည်။ ပူအိုက်သောအခါ ယပ်တောင်ဖြင့် ယပ်ခတ်နေရသောဘဝမှ လေအေးစက် သုံးနိုင်လာသည်။ သစ်သားတစ်ထပ်အိမ်တွင် နေရသောဘဝကို စွန့်၍ တိုက်နှင့်တာနှင့် ဖြစ်လာသည်။ မီးသုံးလေးပွင့်ဖြင့်သာ အလင်းရောင်ရယူနေရာမှ တစ်အိမ်လုံးထိန်ညီးနေအောင် မီးထွန်းလာကြသည်။ အသားဟင်း နေ့တိုင်းမပါသော ထမင်းဝိုင်းမှ တစ်ရက်တည်း၌ အသားနှစ်မျိုးပါသောဝိုင်းအဖြစ်သို့ တိုးတက် လာသည်။

ကား၊ လေအေးစက်၊ အဆောက်အအုံ၊ လျှပ်စစ်မီး၊ အသားထုတ်လုပ်မှု စသည်တို့သည် စွမ်းအင်ကို အခြေခံရသည်ဖြစ်၍ စွမ်းအင်သုံးစွဲမှုလည်း အချိုးကျ လိုက်၍တက်လာသည်။

စွမ်းအင်ပိုသုံးနိုင်၍ ဝင်ငွေကောင်းလာ၊ ဝင်ငွေကောင်း၍ စွမ်းအင်ပိုသုံးနိုင်ဟူသော အကောင်းသံသရာတွင် လူတို့ အမှုမဲ့ဖြစ်နေကြသောအရာမှာ စွမ်းအင်သည် လူတို့၏ အခြားအခြေခံလိုအပ်ချက်များဖြစ်ကြသော ရေ၊ စားနပ်ရိက္ခာတို့နှင့် ခွဲ၍ မရစကောင်းအောင် ဆက်စပ်နေခြင်း ဖြစ်သည်။

တစ်မျိုးနှင့်တစ်မျိုး နက်ရှိုင်းစွာပတ်သက်ဆက်နွှယ်နေသဖြင့် တစ်မျိုး၏ ပြဿနာကို ဖြေရှင်းလျှင် ကျန်နှစ်မျိုးကပါ တစ်နွယ်ငင်တစ်စင်ပါ၊ တစ်ခါတစ်ရံ တစ်နွယ်ငင် နှစ်စင်ပါ ဖြစ်နေတတ်သည်။ တစ်မျိုး လေလွင့်ဆုံးရှုံးလျှင် ကျန်နှစ်မျိုးသည်လည်း အတူလိုက်ပါ အလဟဿဖြစ်သွားသည်။

သာမန်အားဖြင့် ထမင်းတစ်ပန်းကန်၊ ရေတစ်ခွက်၊ ဓာတ်ဆီတစ်လီတာစသည်ဖြင့် တစ်မျိုးစီကိုသာ သီးခြားစဉ်းစားလေ့ရှိခြင်းမှာ ပြဿနာကို ဖြေရှင်းနိုင်သော နည်းလမ်း မဟုတ်တော့ချေ။

ဖြစ်စဉ်အမှန်ကို သုံးသပ်သိရှိလိုလျှင် ထမင်းတစ်ပန်းကန်အပါအဝင် ဖြစ်သော စားနပ်ရိက္ခာကဏ္ဍ၊ ရေတစ်ခွက်အပါအဝင်ဖြစ်သော ရေကဏ္ဍနှင့် ဓာတ်ဆီ တစ်လီတာ အပါအဝင်ဖြစ်သော စွမ်းအင်ကဏ္ဍ ဟူ၍ တစ်ခုနှင့်တစ်ခု ယှက်နွှယ်ပတ်သက်နေသော အထောက်အကူပြုစနစ်ကြီး တစ်ခုလုံးကိုပါ ထည့်သွင်း စဉ်းစားရန် လိုအပ်သည်။ ထိုသို့ စနစ်ကြီးတစ်ခုလုံးကို စဉ်းစားသောအခါမှ အထက်ပါ လူ့အခြေခံ လိုအပ်ချက်သုံးမျိုးတို့၏ ဆက်စပ်ပတ်သက်နေပုံသည် ပို၍ထင်ရှားလာသည်။

ရေပေးရေးကဏ္ဍတွင် အိမ်သုံး၊ စိုက်ခင်းသုံး၊ စက်မှုလုပ်ငန်းသုံးတို့အတွက် ရေပေးဝေခြင်း၊ ရေဆိုးများကို လူနှင့်ဂေဟစနစ် အန္တရာယ်မဖြစ်အောင် သန့်စင်စွန့်ပစ်ခြင်းတို့ပါဝင်သည်။ ရေပိုက်လိုင်းများ၊ ရေကန်များ၊ ရေသန့်စင်ရေး စက်ရုံများ၊ ရေဝေဒေသများသည်လည်း ရေပေးရေးကဏ္ဍတွင် ပါဝင်သည်။

စားနပ်ရိက္ခာကဏ္ဍတွင် စိုက်ကွက်များ၊ သစ်တောများ၊ မွေးမြူရေးဒေသများမှ သီးနှံနှင့် အသားငါးများကို လူတို့၏ ထမင်းစားပွဲပေါ်ရောက်သည်အထိ လုပ်ဆောင်ပေးသော ဝန်ဆောင်မှုများ၊ သယံဇာတအရင်း အမြစ်များ၊ လူများပါဝင်သည်။ သီးနှံများ၊ ဓာတ်မြေသြဇာနှင့် ပိုးသတ်ဆေးများ၊ သီးနှံနှင့်အသားငါးများကို သိုလှောင်ပို့ဆောင်ပေးသည့် ဂိုဒေါင်များ၊ ယာဉ်များ၊ ရောင်းဝယ်ဖောက်ကားရာ ဈေးများနှင့် ချက်ပြုတ်ပေးသည့် မီးဖိုချောင်စသည်တို့သည် စားနပ်ရိက္ခာကဏ္ဍတွင် ပါဝင်သည်။

စွမ်းအင်ကဏ္ဍ၌ လျှပ်စစ်ဓာတ်အားအပါအဝင် စွမ်းအင်အမျိုးမျိုးကို ထုတ်လုပ်ဖြန့်ဖြူးရာတွင် အသုံးပြုရသည့် အရာဝတ္ထုများ ပါဝင်သည်။ လျှပ်စစ်ဓာတ်အားထုတ်စက်ရုံများ၊ ဆိုလာပြားများ၊ လျှပ်စစ်ဓာတ်သယ်ဆောင် ဖြန့်ဖြူးသည့်ကြိုးများ၊ ကျောက်မီးသွေးတွင်းများ၊ ရေနံတွင်းများစသည်တို့သည် စွမ်းအင်ကဏ္ဍတွင် ပါသည်။

စွမ်းအင်အတွက်ရေ

လျှပ်စစ်ဓာတ်အားထုတ်ရာတွင်ကုန်သောရေပမာဏ

လျှပ်စစ်ထုတ်နည်းပညာတစ်ကီလိုဝပ်နာရီလျှင်လိုသည့်ရေလီတာ
ကျောက်မီးသွေး၅၃၀ မှ ၂၁၀၀
ရေအား၂၆၀
နျူကလီးယား၃၁၀၀၀ မှ ၇၄၉၀၀
ဇီဝလောင်စာ(အက်သနော)၃၂၄၀၀ မှ ၃၇၅၉၀၀
ဇီဝဒီဇယ်၁၈၀၉၀၀ မှ ၉၆၉၀၀၀

ကျောက်မီးသွေး၊ ရေနံ၊ ယူရေနီယံစသည့် စွမ်းအင်ဇာစ်မြစ်များကို တူးဖော်သန့်စင်ရန်၊ ပြောင်း၊ ကြံစသည့် ဇီဝလောင်စာအပင်များကို စိုက်ပျိုးရန်၊ အဆိုပါစွမ်းအင်ဇာစ်မြစ်များမှ လျှပ်စစ်ဓာတ်စသည့် စွမ်းအင်များကို ထုတ်ယူရန်တို့အတွက် ရေကို အသုံးပြုရသည်။ ပြောင်းမှထုတ်ယူသော အက်သနောလောင်စာဖြင့် မောင်းနှင်သော ကားတစ်စီး မီတာငါးရာသွားတိုင်း ရေအနည်းဆုံးသုံးလီတာခန့်ကုန်သည်။ ပြောင်းစိုက်ရန်၊ ပြောင်းမှ အက်သနော ထုတ်လုပ်ရန်အဆင့်ဆင့်တို့တွင်သုံးရသောရေပမာဏဖြစ်သည်။ ဇီဝလောင်စာ အပင်များကို စိုက်ပျိုးသည့်အချိန်မှစ၍ စွမ်းအင်ထုတ်ယူခြင်း ဖြစ်စဉ်အထိ ထုတ်ယူရရှိသော စွမ်းအင် တစ်ဂိုင်ဂါဂျူးလ်အတွက် ရေလီတာ ၁၀၀၀၀ မှ ၁၀၀၀၀၀ အထိ လိုအပ်သည်။

ကျောက်မီးသွေး၊ နျူကလီးယားစသည့် လျှပ်စစ်စက်ရုံများ၌ တာဘိုင်ကို လှည့်ပတ်စေမည့် ရေနွေးငွေ့များ ထုတ်လုပ်ရန်၊ စက်များကိုအအေးခံရန် ရေကို သုံးရသည်။ ကမ္ဘာပေါ်တွင် သုံးစွဲနေသော စွမ်းအင်၏ ၉၀ ရာခိုင်နှုန်းသည် ရေအများအပြားသုံးပြီးမှ ထွက်ပေါ်လာသည်။

ရေအတွက်စွမ်းအင်

တိုက်ခန်းအမြင့်များသို့ ရေတင်ရာတွင် လျှပ်စစ်မော်တာကို သုံးရခြင်းသည် ရေအတွက် စွမ်းအင် လိုအပ်ခြင်း၏ သိသာသော ဥပမာ ဖြစ်သည်။ ရေသုံးစွဲသူထံမရောက်မီ ရေကို စုပ်ယူ သိုလှောင် သန့်စင် သယ်ပို့ ဖြန့်ဖြူး စသည့် အဆင့်တိုင်းတွင် စွမ်းအင်မပါ၍ မဖြစ်ပေ။ မြစ်ချောင်း ရေကန်စသည့် မြေပေါ်ရေကို ရယူရန် ရေ ၁ ကုဗမီတာလျှင် စွမ်းအင် ၀ . ၃၇ ကီလိုဝပ်နာရီကို သုံးရသည်။ ရေငန်မှ ရေချိုချက်ရာတွင်မူ ရေ ၁ ကုဗမီတာအတွက် လျှပ်စစ်ဓာတ်အား ၂ . ၆ မှ ၄ . ၄ ကီလိုဝပ်နာရီ သုံးရသည်။ ရေချိုချက် စက်ရုံများသည် တစ်နှစ်လျှင် စွမ်းအင် ၇၅ တယ်ရာဝပ်နာရီ သုံးစွဲနေရာ စုစုပေါင်း စွမ်းအင်သုံးစွဲမှု၏ ၀ . ၄ ရာခိုင်နှုန်း ဖြစ်သည်။ ယခုအခါ စွမ်းအင်ပမာဏ၏ ၈ ရာခိုင်နှုန်းကို ရေရရှိရေးကိစ္စများတွင် သုံးစွဲနေရသည်။

စားနပ်ရိက္ခာအတွက် ရေနှင့်စွမ်းအင်

စွမ်းအင်ရရန် ရေသုံးရပြီး ရေရရန် စွမ်းအင်လိုသည့်နည်းအတိုင်း အပင်နှင့်အသားငါးတို့မှ လူတို့ စားသုံးနိုင်သည့်အစားအစာ ဖြစ်လာရန် ရေရော၊ စွမ်းအင်ကိုပါလိုပြန်သည်။ သီးပင်၊ စားပင်များ စိုက်ပျိုးခြင်း၊ အသား ငါးရရန်အတွက် တိရစ္ဆာန်မွေးမြူခြင်း၊ အသီးအရွက် သားငါးတို့ကို ပြုပြင် ဆေးကြော ချက်ပြုတ်ခြင်း စသည်တို့အတွက် ရေကို သုံးရသည်။ ထိုနည်းတူ စိုက်ခင်းနှင့် မွေးမြူရေးခြံများမှ သီးနှံ သားငါးတို့ကို မီးဖိုချောင်အရောက် အဆင့်ဆင့်ပို့ဆောင်ရန် စွမ်းအင်လိုအပ်သည်။ ကမ္ဘာ့စွမ်းအင်သုံးစွဲမှု၏ ၃၀ ရာခိုင်နှုန်းသည် စားနပ်ရိက္ခာ ထုတ်လုပ်ရန်အတွက် ဖြစ်သည်။

စားနပ်ရိက္ခာထုတ်လုပ်ရန် ရေနှင့် စွမ်းအင် လိုသကဲ့သို့ အစား အသောက်များ မလိုအပ်ဘဲ အလဟဿ ဖြစ်သောအခါ ယင်းတို့အတွက် သုံးခဲ့ရသော ရေနှင့် စွမ်းအင်တို့လည်း အတူလိုက်၍ ဆုံးရှုံးရသည်။

ယနေ့ကမ္ဘာတွင် အာဟာရချို့တဲ့မှုကြောင့် ကြုံလှီဖျော့တော့နေသူ၊ ရောဂါရနေသူ အများအပြား ရှိနေသော်လည်း တတ်နိုင်သူအချို့က မဆင် မခြင် ချက်ပြုတ်ကြ မှာယူကြပြီး မစားမသောက်ဘဲ လွှင့်ပစ်နေ၍ အလဟဿ ဖြစ်နေသော အစားအစာပမာဏမှာ ကြောက်မခန်းလိလိ ဖြစ်သည်။ ကမ္ဘာ့ ကုလသမဂ္ဂ ပတ်ဝန်းကျင်အစီအစဉ်မှ ထုတ်ပြန်သော ကိန်းဂဏန်းများအရ ကမ္ဘာတွင် မစားမသောက်ဘဲ စွန့်ပစ်နေကြသော၊ သိုလှောင် ထိန်းသိမ်းမှု ညံ့ဖျင်း၍ ပျက်စီးဆုံးရှုံးနေသော အစာပမာဏသည် လူတို့ စားသောက်ရန် ရည်ရွယ် ထုတ်လုပ်သော စားနပ်ရိက္ခာပမာဏ၏ သုံးပုံတစ်ပုံမျှ ရှိသည်ဟု ဆိုသည်။ ထိုသို့ စွန့်ပစ်ခံရသော အစားအစာတို့၏ အလေးချိန် စုစုပေါင်းသည် တစ်နှစ်လျှင် တန်ချိန် သန်းပေါင်း ၁၃၀၀ ခန့်ရှိသည်ဟု ခန့်မှန်းသည်။ ငွေတန်ဖိုးနှင့် ပြောလျှင် အမေရိကန်ဒေါ်လာ ဘီလျံပေါင်း ၇၅၀ မျှ ဖြစ်သည်။

စားသောက်ဆိုင်များ၌ စားသောက်အပြီးတွင် သိမ်းသွားသော ပန်းကန်များထဲ၌ ထမင်းကျန် ဟင်းကျန် အများအပြား ပါသွားသည်ကို တွေ့ရခြင်းက ယင်းအချက် မှန်ကန်ကြောင်း အလွယ်တကူ သဘောပေါက် နားလည်နိုင်သည်။

စားသောက်ဆိုင်တွင်ကဲ့သို့ မများသော်လည်း အချို့အိမ်များတွင်လည်း အလဟဿ ဖြစ်ရသော အစားအသောက်ပမာဏ မနည်းလှသည်ကိုလည်း သတိမူလျှင် မြင်ရမည်သာ ဖြစ်သည်။ အဆိုပါအိမ်များမှ စွန့်ပစ်လိုက်သောအစားအစာများ၏ တန်ဖိုးသည် မများလှဟုဆိုနိုင်သော်မှ မိသားစုဝင်ငွေ၏ ဆယ်ပုံတစ်ပုံခန့်အထိ ရှိနေကြောင်း တွေ့နိုင်သည်။

အမှိုက်ပုံးထဲရောက်သွားသော အစာများ၏ ပမာဏနှင့်တန်ဖိုးကို ထိုသို့မြင်တွေ့သိရှိ သတိထားမိသူများ ရှိသော်လည်း ယင်းအစာများနှင့်အတူ ပါသွားသော ရေနှင့်စွမ်းအင်များ၏ ပမာဏနှင့်တန်ဖိုးကိုမူ သိရှိရိပ်မိသူ နည်းလှသည်။ တစ်ကီလိုမျှ အလေးချိန်ရှိသော ဆန်တစ်အိတ်ကိုရရန် စပါးစိုက်သည်မှစ၍ ကြိတ်ခွဲ သန့်စင်ထုတ်ပိုးကာ မီးဖိုချောင်အရောက် သယ်ယူလာသည်အထိ ကုန်သော ရေနှင့် စွမ်းအင်ကို ခန့်မှန်း တွက်ချက်လျှင် ရေလီတာပေါင်း ၃၀၀၀ ခန့်နှင့် စွမ်းအင် ၆ မက်ဂါဂျူးလ်မျှရှိရာ ဆန်တစ်ကီလို အလဟဿ ဖြစ်တိုင်း ယင်းပမာဏရှိသော ရေနှင့် စွမ်းအင်များလည်း လိုက်ပါဆုံးရှုံးနေသည်။

မျက်မြင်တွေ့ရသည်မှာ စွန့်ပစ်သော အစာမျှသာ ဖြစ်သော်လည်း အစာအပြင် မြောက်မြားလှစွာသော ရေနှင့် စွမ်းအင်များလည်း ပါသွားကြောင်း အထက်ပါကိန်းဂဏန်းများက ရှင်းလင်းစွာ ညွှန်ပြနေသည်။

အဆိုပါ စွမ်းအင်၊ ရေနှင့် စာနပ်ရိက္ခာ ကဏ္ဍတို့တွင် တာဝန်ရှိသူ များသည် မိမိနှင့်ဆိုင်ရာပြဿနာများကို ဖြေရှင်းရာ၌ မိမိနှင့် မဆိုင်ဟု ယူဆ ရသော်လည်း တကယ်တမ်းတွင် သက်ဆိုင်နေသည့် ကဏ္ဍနှစ်မျိုး အတွက်ပါ ထည့်သွင်းစဉ်းစား အဖြေရှာရန် လိုအပ်လာသည်။

လက်ရှိကမ္ဘာ့လူဦးရေသန်း ၇၀၀၀ အနက် သန်း ၁၁၀၀ တို့သည် သန့်ရှင်းသော သောက်ရေကို မရ၊ သန်း ၁၃၀၀ သည် လျှပ်စစ်မီးမရှိဘဲ နေနေရပြီး သန်း ၁၀၂၀ သည် ဗိုက်မဝဘဲ အိပ်ရာဝင်နေရသည်။ ၂၀၃၀ ခုနှစ် အရောက်တွင် ယခုထက်ပို၍ ရေပမာဏ ၃၀ ရာခိုင်နှုန်း၊ စွမ်းအင် ၄၀ ရာခိုင်နှုန်းနှင့် စားနပ်ရိက္ခာ ၅၀ ရာခိုင်နှုန်းမျှ ပို၍လိုလာဦးမည်။ ယင်းသုံးမျိုး တို့ကို ပို၍ ရရှိအောင် ထုတ်လုပ်ရင်း အခြားတစ်မျိုးကို ထိခိုက်မှု အနည်း ဆုံးဖြစ်အောင်အောင် ဆောင်ရွက်နိုင်ရေးသည် ကမ္ဘာတွင် တစ်နေ့ထက် တစ်နေ့ ပို၍ ပို၍ ထင်ရှား ပေါ်လွင်လာသော စိန်ခေါ်မှုတစ်ရပ်ပင် ဖြစ်သည်။

One thought on “သုံးပင်လိမ်အရင်းအမြစ်များ

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s