
တစ်ကမ္ဘာလုံးရှိ ရေနှင့်မြေမျက်နှာပြင်၊ အပင်တို့မှ ရေငွေ့ပျံခြင်းသည် ၂၀၀၃ ခုနှစ်နှင့် ၂၀၁၉ ခုနှစ်ကြား ကာလတွင် ၁၀ ရာခိုင်နှုန်းခန့် ပိုမိုမြင့်မားလာခဲ့ကြောင်း တိုင်းတာရရှိသည်။ အပူချိန် မြင့်မားလာသဖြင့် ရေငွေ့ပျံမှုလည်း လိုက်၍ များမှန်းသိခဲ့ကြသော်လည်း ထိုမျှပိုမိုအငွေ့ပျံနေသည်ကိုမူ အခုမှ သိကြရသည်။
ရေငွေ့ပိုပျံလာကြောင်း တိကျသေချာစွာ သိရှိရသည်မှာ ဂရေ့စ်ဂြိုဟ်တုများ (Gravity Recovery and Climate Experiment (GRACE) satellites )မှ တိုင်းတာ ပေးပို့လိုက်သော အချက်အလက်များကြောင့် ဖြစ်သည်။
ဂရေ့စ်ဂြိုဟ်တုနှစ်လုံးသည် ၂၀၀၂ ခုနှစ်မှ ၂၀၁၇ ခုနှစ်အတွင်း၌ လည်းကောင်း၊ ယင်းဂြိုဟ်တုများ သက်တမ်းကုန်ပြီးနောက် ထပ်မံလွှတ်တင်သော ဂရေ့စ်ဂြိုဟ်တုနှစ်လုံးက ၂၀၁၈ ခုနှစ် နောက်ပိုင်း၌ လည်းကောင်း ကမ္ဘာပတ်လမ်းကြောင်းထဲ၌ ပျံသန်းကာ မြေဆွဲအားကို တိုင်းတာနေခဲ့သည်။
ဒေသတစ်ခု၌ ရေခဲပြင်အရည်ပျော်ခြင်း၊ မြေအောက်ရေထုတ်ယူခြင်း၊ မြေပေါ်ရေစီးဆင်းခြင်း၊ ရေငွေ့ပျံခြင်းတို့ကြောင့် ဆိုင်ရာဒေသ၏ မြေဆွဲအားအနည်းအများကို ဖြစ်ပေါ်စေသည်။ အပြန်အားဖြင့် မြေဆွဲအား ပြောင်းလဲမှုကို တိုင်းတာသိရှိလျှင် ရေခဲပြင်အရည်ပျော်ခြင်း၊ မြေအောက်ရေ ထုတ်ယူခြင်း၊ မြေပေါ်ရေစီးဆင်းခြင်း၊ ရေငွေ့ပျံခြင်းစသော ရေထုရွေ့လျားမှုတို့ကို သိရှိခြင်းပင် ဖြစ်သည်။
ဂရေ့စ်ဂြိုဟ်တုများကပေးပို့လိုက်သော ရေထုရွေ့လျားမှု အချက်အလက်များနှင့် မြေပြင်ပေါ်၌ တိုင်းတာရရှိသော မြေပေါ် မြေအောက်ရေ စီးဆင်းမှုများကို ချိန်ညှိတွက်ချက်လိုက်သောအခါ ရေငွေ့ပျံသည့်ပမာဏကို သိရှိကြသည်။
၂၀၀၃ ခုနှစ်တွင် တစ်နှစ်လျှင် ကမ္ဘာ့ပျမ်းမျှရေငွေ့ပျံမှု ၄၀၅ မီလီမီတာ(၁၆ လက်မခန့်) ရှိရာမှ ၂၀၁၉ ခုနှစ်တွင် ၄၄၄ မီလီမီတာ(၁၇ . ၅ လက်မခန့်)အထိ တိုးမြင့်လာခဲ့သည်။
လေထုတွင်းသို့ ရေငွေ့များပိုရောက်သဖြင့် ဒေသအချို့၌ မိုးပိုရွာသည်များရှိသကဲ့သို့ လေစီးကြောင်း အပါအဝင် အခြားမိုးလေဝသဖြစ်စဉ်များကြောင့် ရေငွေ့ပိုပျံပြီး မိုးမရွာသောဒေသများလည်း ရှိသည်။ မိုးပိုရွာသောဒေသအချို့တွင် လွန်ကဲစွာရွာပြီး ရေကြီးရေလျှံမှုအန္တရာယ်ကို ကြုံရကာ မိုးအလွန်အမင်း နည်းသော ဒေသများတွင် မိုးခေါင်ခြင်း၊ ရေနှင့်စားနပ်ရိက္ခာရှားပါးခြင်းတို့နှင့် ရင်ဆိုင်ရသည်။