ကျွန်းအသစ်များကို ဖော်ထုတ်နေသော မော်လ်ဒိုက်

ကျွန်းနိုင်ငံများဟုဆိုလျှင် ဖီဂျီ၊ မော်လ်ဒိုက်အစရှိသော ကျွန်းငယ်များကိုသာ သွားသတိရတတ်သည်။ စင်စစ် ယူကေ၊ သြစတေးလျ၊ အိုက်စလန်၊ သီရိလင်္ကာ စသည်တို့လည်း ကျွန်းနိုင်ငံများပင် ဖြစ်ကြသည်။ ကျွန်းနိုင်ငံ အကြီးရော အငယ်များကိုပါ ထည့်၍ရေတွက်လျှင် ကမ္ဘာပေါ်တွင် ကျွန်းနိုင်ငံပေါင်း ၄၇ ခုရှိသည်။

သီရိလင်္ကာနိုင်ငံ၏အနောက်တောင်ဘက် အိန္ဒိယသမုဒ္ဒရာထဲရှိ မော်လ်ဒိုက်နိုင်ငံကို ကျွန်းပေါင်း ၁၂၀၀ ခန့်ဖြင့် ဖွဲ့စည်းထားသည်။ ခရီးသွားလုပ်ငန်းသည် တိုင်းပြည်၏ အဓိက ဝင်ငွေရလမ်းဖြစ်ပြီး တစ်နှစ်လျှင် အမေရိကန်ဒေါ်လာ တစ်ဘီလျံခွဲခန့် ရသည်။

မော်လ်ဒိုက်၏လူဦးရေငါးသိန်းခွဲခန့်အနက် တစ်သိန်းခွဲခန့်သည် ၂ . ၅ စတုရန်းမိုင်သာ ကျယ်သည့် မားလေ(Malé )မြို့တော်၌ နေထိုင်သဖြင့် မားလေမြို့သည် ကမ္ဘာပေါ်၌ လူဦးရေအသိပ်သည်းဆုံးမြို့များတွင် ပါဝင်သည်။

ရာသီဥတုပြောင်းလဲမှုကြောင့် ပင်လယ်ရေပြင်သည် တစ်နှစ်လျှင် သုံးစင်တီမီတာမှ လေးစင်တီမီတာအထိ တက်ခဲ့ပြီး တက်နှုန်း ပိုမိုမြန်ဆန်လာလျက်ရှိရာ ကျွန်းများ၏ ၈၀ ရာခိုင်နှုန်းသည် ပင်လယ်ရေပြင်အထက် တစ်မီတာထက်ပို၍ မမြင့်သော မော်လ်ဒိုက်နိုင်ငံအတွက် အန္တရာယ်ကြီးမားလှသည်။

လက်ရှိရေတက်နှုန်းအတိုင်းဆိုလျှင် ၂၀၅၀ ပြည့်နှစ်ခန့်အရောက်တွင် မော်လ်ဒိုက်၏ အနိမ့်ပိုင်း မြေပြင်များကို ရေလုံးဝမဖုံးသည့်တိုင် လူနေ၍ မဖြစ်လောက်အောင် ရေလှိုင်းပုတ်ခတ်မှုကိုခံရမည်။

ရာသီဥတုပြောင်းလဲမှုဆိုင်ရာ ကုလသမဂ္ဂအဖွဲ့အစည်း(အိုင်ပီစီစီ)၏ ခန့်မှန်းတွက်ချက်မှုအရ ၂၁၀၀ ပြည့်နှစ်အရောက်တွင် ပင်လယ်ရေပြင်သည် ယခုလက်ရှိထက် ၁ မီတာတက်လာနိုင်ရာ မော်လ်ဒိုက်၏ ကျွန်းပေါင်း ၁၂၀၀ အနက် ၂၀၀ ခန့် ရေအောက်လုံးဝရောက်သွားနိုင်သည်၊ အချို့ကျွန်းများမှာ တစ်ဝက်တစ်ပျက်မြုပ်နေမည်၊ လက်ရှိရေစပ်မှ ပေ ၃၀၀ အကွာရှိ လမ်း၊ အဆောက်အအုံများ၏ ၇၀ ရာခိုင်နှုန်းခန့် ရေမြုပ်သွားမည်။ သောက်သုံးရေ အငန်ဓာတ်ကဲလွန်းလာမည်။

ပင်လယ်ရေ၏အန္တရာယ်ကြောင့် မော်လ်ဒိုက်အစိုးရသည် သီရိလင်္ကာ၊ အိန္ဒိယအစရှိသော အနီးအနား နိုင်ငံများ၏ကျွန်းအချို့ကို ဝယ်ယူကာ နိုင်ငံသားများအား ပြောင်းရွှေ့နေထိုင်စေရန် ကနဦးက စိတ်ကူးခဲ့သော်လည်း အထမမြောက်ခဲ့ချေ။

လက်တွေ့ အဖြစ်နိုင်ဆုံးအခြားနည်းလမ်းများကို ဆက်လက်စဉ်းစားရာ ပင်လယ်ထဲ၌ လူလုပ်ကျွန်း တည်ကာ လူဦးရေသိပ်သည်းလှသော မားလေမြို့မှလူများကို ကျွန်းသစ်သို့ ဖြည်းဖြည်းချင်း ရွှေ့ဖို့ ဆုံးဖြတ်ပြီး မားလေကျွန်းနှင့် တစ်မိုင်နီးပါးအကွာတွင် ဟားလူမားလေ(Hulhumalé)အမည်ရှိ ကျွန်းကိုတည်ရန် ၁၉၉၇ ခုနှစ်က စတင်မြေဖို့သည်၊

၂၀၀၂ ခုနှစ်တွင် ပထမအဆင့်ပြီးမြောက်၍ ဧက ၄၆၀ ကျယ်သော ဟားလူမားလေ ကျွန်းသစ် ပေါ်ထွန်းလာသည်။ ကုန်ကျစရိတ်အမေရိကန်ဒေါ်လာ ၁၁ သန်းရှိသည်။ လူ ၁၀၀၀ ခန့် စတင်ပြောင်းရွှေ့နေထိုင်သည်။

နောက်ထပ် အမေရိကန်ဒေါ်လာ ၂၁ သန်းအကုန်အကျခံ၍ ဒုတိယအဆင့် ထပ်မံတိုးချဲ့ရာ ၂၀၁၅ ခုနှစ်တွင် ဧက ၆၀၀ ခန့် ထပ်တိုးသည်။ ပတ်ဝန်းကျင် ပင်လယ်ကြမ်းပြင်မှ စုစုပေါင်းသဲကုဗမီတာခြောက်သန်းကို စုပ်တင်၍ ဖို့ခဲ့သည်။ တည်ဆောက်ပြီးစီးသည်အထိ ကုန်ကျစရိတ် အမေရိကန်ဒေါ်လာ သန်း ၁၀၀ ကျော်မည်ဟု ခန့်မှန်းသည်။ မြို့ကွက် တစ်စတုရန်းမိုင်ခွဲကျယ်သည်။ ဟားလူမားလေသည် လက်ရှိပင်လယ်ရေပြင်ထက် နှစ်မီတာခန့်ပိုမြင့်သည်။

သဲဖို့သည်မှ ဟားလူမားလေမြို့ကွက်ပေါ်လာပုံအဆင့်ဆင့်

မားလေနှင့်ဟားလူမားလေတို့ကိုဆက်သွယ်ထားသောတံတား

ဟားလူမားလေ၌ ၂၀၂၁ နှစ်ဆန်းတွင် လူတစ်သိန်းခန့်နေထိုင်လျက်ရှိပြီး ၂၀၂၅ ခုနှစ်ခန့်တွင် လူ ၂၅၀၀၀၀ အထိ နေထိုင်မည်ဟု ခန့်မှန်းထားသည်။ ကျောင်း၊ ဘာသာရေးအဆောက်အအုံ၊ ပန်းခြံတို့သည် လူနေအိမ်အသီးသီးမှ ပေ ၆၀၀ အတွင်း၌ ရှိနေအာင် စီမံထားခြင်းဖြင့် ကားသုံးစွဲမှုကို လျော့ကျစေသည်။ လျှပ်စစ်ဘတ်စ်ကားများ ပြေးဆွဲမည်၊ စွမ်းအင်အတွက် နေရောင်ခြည်မှ လျှပ်စစ်စွမ်းအင်ထုတ်ရန် ထိုင်းအခြေပြုကုမ္ပဏီတစ်ခုနှင့် ပူးတွဲ အကောင်အထည်ဖော်နေသည်။

မော်လ်ဒိုက်သည် ယခုအခါ အပန်းဖြေစခန်းများအတွက်သာမဟုတ်ဘဲ စက်မှုကုန်ထုတ်လုပ်ငန်းများအတွက်ပါ ပင်လယ်ပြင်ထဲ၌ အခြားကျွန်းသစ်များကို သဲဖို့တည်ဆောက်ခြင်းဖြင့် မြင့်တက်လာသောပင်လယ်ပြင်ကို အံတုလျက်ရှိသည်။ လူလုပ်ကျွန်းများထဲတွင် အခြားကျွန်းများမှထွက်သောအမှိုက်များ လာရောက်စွန့်ပစ်သော အမှိုက်ကျွန်းတစ်ခုလည်း ပါသည်။

အပန်းဖြေစခန်းအတွက် အသစ်ဖော်ထုတ်ထားသော ကျွန်းတစ်ကျွန်းကို အပေါ်စီးမြင်ရပုံ

မော်လ်ဒိုက်သည် လူလုပ်ကျွန်းများအပြင် ရေပေါ်မြို့ကိုလည်း တည်ဆောက်နေပုံကို ဆက်လက်ဖတ်ရှုရန် click here

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s