ရေဖြည့်တွင်းတစ်သန်း

အိန္ဒိယနိုင်ငံ ဘန်ဂလောမြို့သည် လက်တူးတွင်းတိမ်များ၊ စက်ရေတွင်းတိမ်များဖြင့် ရေအခက်အခဲမရှိသော မြို့ဖြစ်ခဲ့သည်။ ထုတ်သုံး၍လျော့နည်းသွားသော မြေအောက်ရေကို တစ်နှစ်အတွင်းရွာသောမိုးလက်မ ၄၀ ခန့်က နိုင်နင်းအောင် ပြန်လည်ဖြည့်ပေးခဲ့သည်။ မြေအောက်ရေအပြင် မိုင် ၆၀ ကျော်ဝေးသောနေရာမှ မြစ်ရေဖြင့်လည်း မြို့ရေပေးရေးပြေလည်ခဲ့သည်။

နောက်ပိုင်း မြို့ပြဖွံ့ဖြိုးမှုနှင့်အတူ ရေအသုံးကများ၊ သဘာဝမြေပြင်ပေါ်တွင် ကွန်ကရစ်နှင့်ကတ္တရာပြင်များက ဖုံးလွှမ်းလာသောအခါ သဘာဝမြေအောက်ရေဖြည့်စနစ်က နိုင်အောင်မဖြည့်နိုင်တော့ဘဲ တွင်းရေပြင် ကျဆင်းလာသည်။ မြေအောက်ရေလျော့နည်းလာသည့်အပြင် ဗဟိုရေပေးရေးစနစ်ကို လက်လှမ်းမမီသော နေရာများတွင် ရေသယ်ကားများမှ ရေကို ဝယ်သုံးကြရသည်။

အဆိုပါအခြေအနေမှလွန်မြောက်ရန် ဗဟိုရေပေးရေးစနစ်၏ရေအရင်းအမြစ်ကို တိုးချဲ့မြှင့်တင်ရန် မလွယ်သည့်အတွက် ရေဖြည့်တွင်းတစ်သန်းလှုံ့ဆော်ချက်ကို ၂၀၁၈ ခုနှစ်၌ စတင်သည်။

ရေဖြည့်တွင်း(Recharge Well)ဆိုသည်မှာ မိုးရေအပါအဝင်မြေပေါ်ရေကို မြေအောက်သို့စိမ့်ဝင်စေကာ မြေအောက်ရေ ပြန်လည်ဖြည့်ပေးသောတွင်းကို ခေါ်သည်။

ရေဖြည့်တွင်းနှင့်ရိုးရိုးရေတွင်း အဓိကကွာခြားချက်မှာ ရိုးရိုးရေတွင်းက မြေအောက်ကရေကို မြေပေါ် ထုတ်ယူပြီး ရေဖြည့်တွင်းက မြေပေါ်ကရေကို မြေအောက်ပို့သည်။ ရေဖြည့်တွင်းနှင့်ရိုးရိုးရေတွင်း တူးပုံတူးနည်းမှာ ယေဘုယျ သဘောအတူတူပင် ဖြစ်သည်။

အထက်ပါပုံအတိုင်း လူတစ်ယောက်ဝင်သာရုံအကျယ်(သုံးပေခန့်) မြေအောက်ရေထွက်လာသောနေရာအထိ တူးချသွားသည်။ မြေအောက်ရေ ထွက်လာသောနေရာသည် ရေရှိသောသဲကြော၏အစ ဖြစ်ရာ ယင်းနေရာအထိရောက်အောင်တူးမှ မြေပေါ်ရေကောင်းစွာစိမ့်ဝင်နိုင်မည်။ ယင်းနေရာသို့ရောက်လျှင် အပေါ်မှခွေများ အဆင့်ဆင့်ချသွားသည်။

တွင်းခွေနှင့် တွင်းနံရံကြား၌ ကျောက်ချထားခြင်းဖြင့် တွင်းမပြိုအောင် ထိန်းပေးထားနိုင်သည်။
ရေဖြည့်တွင်းကို သံကူကွန်ကရစ်၊ သံပြားစသည်တို့ဖြင့် ဖုံးထားခြင်းဖြင့် တွင်းထဲ မတော်တဆလိမ့်ကျခြင်း၊ အမှိုက်သရိုက်များဝင်ခြင်းတို့မှ အကာအကွယ်ပေးရမည်၊ တွင်းဖုံးတွင် တွင်းထဲက အခြေအနေကိုကြည့်နိုင်ရန် အပေါက်ငယ်တစ်ပေါက် ဖောက်ထားလျှင် ပိုကောင်းသည်။

တွင်းကျယ်လေ၊ ရေစိမ့်ဝင်နိုင်မှု များလေဖြစ်သော်လည်း ကုန်ကျစရိတ်လည်း ပိုလာသည်။

မည်မျှစိမ့်ဝင်အားကောင်းသည်ဖြစ်စေ၊ ရွာကျသမျှမိုးရေသည် တွင်းထဲချက်ချင်းစိမ့်မဝင်နိုင်ပေ၊ ၃ ပေအကျယ်၊ ပေ ၂၀ အနက် ရေဖြည့်တွင်းသည် ရေလီတာ ၄၀၀၀ ခန့်ဆန့်ပြီး သဲမြေဖြစ်လျှင် နှစ်ရက်အတွင်း မြေလွှာများထဲ စိမ့်ဝင်သည်။ သဲနည်းသောမြေဆိုလျှင် ထို့ထက် ပိုကြာမည်။

ရေဖြည့်တွင်းသည် မိလ္လာကန်နှင့်ပေ ၅၀ ခန့်၊ အဆောက်အအုံ၏အုတ်မြစ်နှင့်ပေ ၂၀ ခန့်ခွာသင့်သည်။

ရေစိမ့်ဝင်နိုင်သောသဲကြောရှိရာသည် နက်လွန်းပါက ကုန်ကျစရိတ်များသဖြင့် ပုံပါအတိုင်း တွင်းဝကျယ်ကို ၁၀ ပေခန့်အနက်အထိသာတူးပြီး ကျန်အပိုင်းကို ဆန်ခါပေါက်ပါသောပိုက်ဖြင့် သဲကြောရှိရာအထိ ရိုက်သွင်းကြသည်။

မြေပေါ်ရေကို မြေအောက်ပို့ရာတွင် အမှိုက်အနည်ကင်းစင်မှ သို့မဟုတ် နည်းမှ ကောင်းစွာစိမ့်ဝင်မည်ဖြစ်၍ ရေဖြည့်တွင်းထဲ ရေမထည့်မီ အမှိုက်အနည်တို့ကို စစ်ထုတ်ဖယ်ရှားရသည်။

အမှိုက်အနည်တို့ကို စစ်ထုတ်ဖယ်ရှားနည်းအမျိုးမျိုးရှိသည့်အနက် နှစ်မျိုးကို လေ့လာရန်

ဘန်ဂလောမြို့တွင် စုစုပေါင်း ရေဖြည့်တွင်း တစ်သန်းအထိ တူးဖော်အသုံးချရန် ရည်မှန်းသည့်အနက် ၂၀၂၀ ပြည့်နှစ်အကုန်၌ ရေဖြည့်တွင်း တစ်သိန်းကို တူးဖော်အသုံးချနေကြပြီ ဖြစ်သည်။ ရေဖြည့်တွင်း တစ်သန်း ပြည့်ပါက မြေအောက်ရေစိမ့်ဝင်မှုသည် တစ်ရက်လျှင် လီတာသန်း ၂၄၀၀ ခန့်ရှိမည်ဟု ခန့်မှန်းသည်။

ထိုမျှစိမ့်မဝင်နိုင်သည့်တိုင်အောင် ဘန်ဂလော၏ရေအခက်အခဲသည် ရေဖြည့်တွင်းတစ်သန်းအစီအစဉ်ကြောင့် များစွာ ပြေလျော့မည်မှာ သေချာသည်၊ အချို့နေရာများတွင် ယခုကပင် စတင်ပြေလျော့နေသည်။

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s