အိန္ဒိယနိုင်ငံတောင်ပိုင်း ဘန်ဂလော(Bangalore)( Bengaluruဟုလည်းခေါ်)မြို့ရှိ အခန်း ၅၂ ခန်းပါ Chikkabellandur အိမ်ရာစခန်းတွင် ဗဟိုရေပေးရေးစနစ်က ပေးဝေသောရေကို လက်လှမ်းမမီသဖြင့် သောက်သုံးရေအတွက် စက်ရေတွင်းတူး၍ မြေအောက်ရေ ရယူသည်။ သို့သော် တစ်နှစ်ပတ်လုံးအဆင်မပြေ၊ နွေတက်၍ မြေအောက်ရေ ခန်းသည့်အခါ ရေသယ်ကားများဖြင့် ရေဝယ်သုံးရသေးသည်။
တစ်နှစ်ထက်တစ်နှစ် မြေအောက်ရေခန်းသည့်ရက်က များသထက်များလာသဖြင့် ရေသယ်ကားစရိတ်က တဖြည်းဖြည်း တက်၍ တက်၍လာနေခဲ့သည်။ အနာဂတ်တွင်လည်း အခြေအနေတိုးတက်လာဖို့ လမ်းမမြင်၍ ၂၀၁၅ ခုနှစ် မတ်လကစ၍ မိုးရေခံစနစ်ကို တပ်ဆင်သည်။
မိုးရေခံစနစ်အတွက် အဆောက်အအုံအမိုးပြန့်ကို စတုရန်းပေ ၁၅၅၀၀ ကျယ်သော အပိုင်းနှင့် စတုရန်းပေ ၁၄၄၀ ကျယ်သောအပိုင်းဟူ၍ နှစ်ပိုင်းခွဲသည်။

စတုရန်းပေ ၁၅၅၀၀ ကျယ်သောအပိုင်း(ပုံတွင်အဝါရောင်ဖြင့်ပြ)ပေါ် ရွာကျသည့် မိုးရေများကို ရေဆင်းပိုက်လိုင်း ၁၁ လိုင်းဖြင့်သွယ်ယူကာ မြေညီထပ် ရေစစ်ကန်ထဲ ထည့်သည်။ ရေစစ်ကန်ကို အထက်ပါပုံ၏အောက်ညာဘက်ထောင့်တွင် မြင်နိုင်သည်။

ရေစစ်ကန်ဆို၍ ခက်ခက်ခဲခဲမဟုတ်၊ အထက်ပုံပါအတိုင်း သာမန်ကန်တစ်ကန်သာ ဖြစ်သည်။ ဝဲဘက်ပုံသည် ဆောက်လုပ်ဆဲအခြေအနေဖြစ်ပြီး ညာဘက်ပုံသည် ဆောက်လုပ်ပြီး ဖြစ်သည်။ ရေစစ်ကန်၏ အောက်ခြေရှိ ပိုက်နှစ်ခုတွင် ညာဘက်ပိုက်သည် မိုးရေဝင်ပေါက်ဖြစ်ပြီး ဝဲဘက်တွင် အနည်ထုတ်ပိုက်ကို မြင်ရသည်။ ကန်၏ ညာဘက်ဘေးမျက်နှာပြင်ရှိပိုက်မှ ရေထွက်သည်။
ရေဝင်ပေါက်သည် အထွက်ပေါက်ထက် နိမ့်နေသဖြင့် မိုးရေတွင်ပါသည့် အမှိုက် အနည်တို့သည် အထွက်ပေါက်နေရာအထိ လိုက်မတက်နိုင်ဘဲ ကန်အောက်ခြေတွင် ထိုင်ကျန်ရစ်သည်။ အနည်များလာလျှင် အနည်ထုတ်ပိုက်ကို ဖွင့်ထုတ် ဆေးကြောရသည်။
ရေစစ်ကန်မှထွက်လာသောမိုးရေကို မြေညီထပ်ကားရပ်ကွင်းရှိ ရေလှောင်ကန် နှစ်ကန်(ပုံ၏ညာဘက်ဒေါင့်၌ 1 နှင့် 2 ဖြင့် ပြထား)ထဲ ထည့်သည်။ တစ်ကန်လျှင် လီတာ ၁၆၀၀၀ ဆန့်သော ရေလှောင်ကန်များထဲမှရေကို အမိုးပေါ်ရှိ လီတာ ၁၂၀၀၀ ဆန့် ကန်ထဲပို့ပြီး အခန်းများသို့ ပေးဝေသည်။
အခန်းများက မသုံးနိုင်၍ ပိုလျှံသောမိုးရေများကို ရေတွင်း(ပုံ၏ညာဘက်အစွန်)သို့ စိမ့်ဝင်စေခြင်းဖြင့် မြေအောက်ရေကို ပြန်ဖြည့်ပေးသည်။
စတုရန်းပေ ၁၄၄၀ ကျယ်သောအပိုင်း (ပုံတွင်အပြာရောင်ဖြင့်ပြ)ပေါ် ကျသောမိုးရေများကို ရေဆင်းပိုက်လိုင်း ငါးလိုင်းဖြင့်သွယ်ယူကာ ကြားကန်တစ်ခုမှတဆင့် မြေညီထပ်ရေဖြည့်တွင်းထဲသို့ ထည့်သည်။

ရေဖြည့်တွင်းကို အထက်ပုံပါအတိုင်း တည်ဆောက်သည်။ ရေဖြည့်တွင်းပိုက်၏ ပတ်လည်တွင် အချင်း ၆ ပေ၊ အနက် ၆ ပေ ၉ လက်မတွင်းတူး၍ ကျေက်ကြီး တစ်ထပ်၊ ကျောက်စရစ်အကြီးတစ်ထပ်၊ ကျောက်စရစ်အသေးတစ်ထပ်၊ ခြင်ဆန်ကာတစ်ထပ်၊ သဲကြမ်းတစ်ထပ် စုစုပေါင်းငါးထပ်ဖြင့် ပတ်ရံသည်။ အပြာရောင်ပြထားသည့်အပိုင်းမှမိုးရေများသည် ပုံ၏ဝဲဘက်မှ ဝင်လာကာ သဲနှင့်ကျောက်လွှာများကို ဖြတ်သန်းသည်၊ ရေတွင်ပါသော အနည်အမှုန်များကို သဲနှင့်ကျောက်များက စစ်ယူလိုက်သည်၊ အနည်အမှုန်ကင်းသောမိုးရေသည် ပိုက်အောက်ပိုင်းဆန်ကာပေါက်များကို ဖြတ်၍ မြေသားထဲ စိမ့်ဝင်သည်။
အထက်ပါမိုးရေခံစနစ်သည် တစ်နာရီ ၉၀ မီလီမီတာမျှရွာသောမိုးကိုပင် မြေသားထဲ ကောင်းစွာ စိမ့်ဝင်သွားစေနိုင်ကြောင်း သိရသည်။
Chikkabellandur အိမ်ရာစခန်း၌ ယင်းမိုးရေခံစနစ်စသုံးသည်မှ လေးနှစ်ခွဲအတွင်း မိုးရေစုစုပေါင်း လီတာ ၁၄ သန်းကို သောက်သုံးရေအဖြစ် ရယူအသုံးချလိုက်နိုင်သည်။ ယင်းရေပမာဏကို ဝယ်သုံးလျှင် တစ်နှစ်ရူပီး ၃၀၀၀၀၀ ဖိုးမျှ(မြန်မာငွေကျပ်သိန်း ၈၀ ခန့်) ကုန်ကျမည် ဖြစ်သည်။ မိုးရေခံစနစ်ကြောင့် တစ်နှစ်ရူပီး ၃၀၀၀၀၀ ဖိုး ချွေတာလိုက်နိုင်သည်။ မိုးရေခံစနစ်တပ်ဆင်စရိတ်သည် ရူပီး ၁၆၀၀၀၀ မျှဖြစ်၍ နှစ်နှစ်ပင်မပြည့်သောအချိန်အတွင်း အရင်းကျေသွားခြင်းဖြစ်သည်။
ထို့ပြင် မြေအောက်ရေပြန်ဖြည့်ပေးခြင်းကြောင့် ယခင်က နွေတွင်ခန်းတတ်သော စက်ရေတွင်းများ မခန်းတော့ဘဲ တစ်နှစ်ပတ်လုံး ရေစုပ်ယူနိုင်သွားသည်။
ဘန်ဂလောမြို့တွင် ဇွန်လအထိ မိုးကောင်းစွာမရွာသောနှစ်တွင် ယင်းအိမ်ရာစခန်းအတွက် ရေသယ်ကား မှာရသေးသော်လည်း မလှမ်းမကမ်းရှိ အိမ်ရာစခန်းတစ်ခုနှင့် စာလျှင် ရေဝယ်ရသော စရိတ်သိသာစွာ လျော့နည်းသွားသည်။
(မှတ်ချက် – အထက်ပါစနစ်မျိုးကို မြန်မာအိမ်ရာစခန်းများ၊ အဆောက်အအုံများတွင် ဆောက်လုပ် တပ်ဆင်နိုင်သည်၊ သို့သော် တပ်ဆင်မည့် နေရာ၏ မြေသားသဘာဝနှင့် ရေစိမ့်ဝင်နိုင်ခြင်းရှိမရှိ ဘူမိဗေဒပညာရှင်များ၏ အကြံဉာဏ်ကို ရယူသင့်သည်။ ပိုက်လိုင်းနှင့်ရေစစ်ကန်ဒီဇိုင်းအတွက်လည်း အင်ဂျင်နီယာဖြင့် အပ်နှံတည်ဆောက်မှ စနစ်တကျဖြစ်မည်။)
One thought on “အိန္ဒိယအိမ်ရာစခန်းတစ်ခု၏မိုးရေခံစနစ်”