ရေချိုရေသန့်အရင်းအမြစ်လျော့နည်းလာနေသောကမ္ဘာတွင် မိုးရေကို အတတ်နိုင်ဆုံး ခံယူသုံးစွဲကြဖို့အရေး နှိုးဆော်တိုက်တွန်းနေရစဉ် ယင်းမိုးရေသည်ပင် အလွန်ရှားပါးသောအရင်းအမြစ် ဖြစ်နေသောကြောင့် မိုးရေကို စုချင်တိုင်းစု၍မရအောင် ကန့်သတ်ထားရသည့် နေရာမျိုးလည်း ရှိနေပြန်သည်။
ယင်းနေရာမှာ အမေရိကန်နိုင်ငံ ကော်လိုရာဒိုပြည်နယ်ဖြစ်သည်။ ကော်လိုရာဒိုပြည်နယ်တွင် တစ်နှစ်ပျမ်းမျှမိုး ၁၇ လက်မသာရွာသည်။ မြန်မာ့ခြောက်သွေ့ဒေသထက်ပင် မိုးနည်းသေးသည်။
ကော်လိုရာဒိုပြည်နယ်ပေါ်ရွာကျသောမိုးစက်တိုင်းသည် တန်ဖိုးရှိလှသဖြင့် လူတိုင်း ရနိုင်သမျှ ခံယူ စုဆောင်း အသုံးပြုလိုကြသည်။ မိုးကောင်းသောဒေသများတွင် ယင်းလုပ်ရပ်မျိုးကို အားပေးရမည်ဖြစ်သော်လည်း ကော်လိုရာဒိုပြည်နယ်တွင်မူ အိမ်တိုင်းအိမ်တိုင်း မိမိတို့ခေါင်မိုးပေါ်ကျသမျှမိုးရေကို ခံယူသိုလှောင်ကြလျှင် မြစ်ချောင်းများထဲ ရေအဝင်နည်းသွားမည်ကို စိုးရိမ်သဖြင့် အိမ်တစ်အိမ်လျှင် စည်ပိုင်းနှစ်လုံးစာ(ဂါလန် ၁၁၀)ထက် ပိုမစုရဟု House Bill 16-1005 ဖြင့် ထုတ်ပြန်ထားသည်။
သိုလှောင်ထားနိုင်သည့်မိုးရေပမာဏကိုသာကန့်သတ်သည်မဟုတ်၊ ခေါင်မိုးပေါ်က ကျလာသောမိုးရေကိုသာ စုခွင့်ရှိသည်၊ မြေကြီးပေါ်ကျသောမိုးရေကို သိုလှောင်လျှင် တရားမဝင်ပြန်ချေ၊
လှောင်ထားသောမိုးရေကို မည်သည့်နေရာတွင်သာ သုံးရမည်၊ မည်သည့်နေရာတွင် မသုံးရဟူသော တားမြစ်ချက်များလည်း ရှိသေးသည်။
မိုးရေကို အိမ်ပြင်ပတွင်သာ သုံးခွင့်ရှိသည်၊ မြက်ခင်းနှင့်အပင်များကို ရေလောင်းနိုင်သည်၊ မိုးရေဖြင့် ကားရေဆေးနိုင်သည်၊ သို့သော် ဖန်လုံအိမ်ဖြင့် စိုက်ထားသော အပင်များကို ရေလောင်းရာတွင် မိုးရေကိုမသုံးရ။
မိုးရေကို အိမ်အတွင်းဘက်၌ သုံးလျှင် ဥပဒေနှင့်ညိစွန်းသည်။ ဆေးကြော လျှော်ဖွတ်ရာတွင် မိုးရေကို သုံးခွင့်မရှိ၊ မိုးရေကို အိမ်ထဲသယ်၍ ခွေးရေပေးချိုးလျှင် ဥပဒေနှင့်မညီ၊ အိမ်အပြင်ဘက်တွင် ခွေးရေပေးချိုးလျှင်တော့ တရားဝင်သည်။
မိမိစုဆောင်းထားသောမိုးရေကို အဆိုပါကိစ္စမျိုးများမှလွဲ၍ သုံးလိုလျှင် သီးခြားပါမစ်ယူရသည်။
ကော်လိုရာဒိုမိုးရေခံယူခြင်းဥပဒေ၏ အပိုဒ်အချို့သာ ဖြစ်သည်။ အသေးစိတ်တွေက အများကြီးရှိသေးသည်။
အမေရိကန်၏အချို့ပြည်နယ်များတွင်မူ မိုးရေစုဆောင်းရန် အားပေးသည်၊ မိုးရေခံစနစ်သုံးပစ္စည်းများဝယ်လျှင် ချေးငွေထုတ်ပေးသည်။
အမေရိကန်အနောက်ပိုင်း အော်ရဂန်ပြည်နယ်တွင်မူ ခေါင်မိုးက ကျလာသောမိုးရေကို စုဆောင်းခြင်းကသာ တရားဝင်သည်။ အခြားမိုးရေများကို ပြည်နယ်ပိုင်ပစ္စည်းဟု သတ်မှတ်ထားသည်။ ပုဂ္ဂလိကခြံဝင်းများတွင် မိုးရေခံစနစ်တပ်ဆင်လျှင် ဥပဒေနှင့်ညီမညီ ပညာရှင်များထံ အကြံတောင်းရသည်။
၂၀၁၂ ခုနှစ်က အော်ရဂန်ပြည်နယ်သား ဂယ်ရီဟာရင်တန်သည် သူပိုင်ဧက ၁၇၀ ကျယ်ခြံကြီးအတွင်း၌ ဖြတ်စီးသောချောင်းတစ်ခုကို ပိတ်၍ ရေလှောင်ကန်ဆောက်ကာ စုစုပေါင်းမိုးရေဂါလန် ၁၃ သန်းကို စုဆောင်းခဲ့သဖြင့် ပြည်နယ်ပိုင်ပစ္စည်းကို တရားမဝင်သိုလှောင်ထားမှုဖြင့် တရားစွဲခံရပြီး ထောင်ဒဏ်ရက် ၃၀ ကျခံရကာ ဒဏ်ငွေ ဒေါ်လာ ၁၅၀၀ ပေးဆောင်ခဲ့ရသည်။

