ကမ္ဘာ့ရာသီဥတုပြောင်းလဲလာသောကြောင့် အအေးပိုင်းအရပ်များရှိ ရေခဲပြင်များ အရည်ပျော်လာနေကြောင်း သိရှိကြသည်။ ၂၀၂၁ ခုနှစ် နှစ်ဆန်းပိုင်း Cryosphere ဂျာနယ်တွင် ဖော်ပြချက်အရ ၁၉၉၄ ခုနှစ်မှ ၂၀၁၇ အထိ ကမ္ဘာ့ရေခဲပြင်များအားလုံးမှ အရည်ပျော်ကျသွားသော ရေခဲအလေးချိန်စုစုပေါင်းသည် ၂၈ ထရီလျံတန်မျှ ရှိသည်ဟု သိရသည်။ (မှတ်ချက်- တစ်ထရီလျံ = တစ်နောက်ကသုည ၁၂ လုံး)
ကြီးမားလှသော ရေခဲအရည်ပျော်ပမာဏသည် ကမ္ဘာကြီးကို ကိုင်လှုပ်နေသော အခြေအနေသို့ပင် ရောက်နေသည်။
ရေခဲအရည်ပျော်ခြင်းကြောင့် အရည်ပျော်ရေခဲပြင်များ၏အောက်ရှိ မြေလွှာများ ထမ်းထားရသောဝန် ပေါ့သွားသဖြင့် မြေလွှာလှုပ်ရှားလာကြောင်း ကနေဒါနိုင်ငံအတွင်းပိုင်း၊ နော်ေ၀ ဆွီဒင်စသောနိုင်ငံများ ပါသည့် စကင်ဒီနေဗီးယားနိုင်ငံများ၌ တွေ့ရှိပြီးဖြစ်သည်။ ယခုခေတ်တွင်မှမဟုတ် လွန်ခဲ့သော နှစ်ပေါင်း ၁၀၀၀၀ ဝန်းကျင်ကလည်း စကင်ဒီနေးဗီးယားဒေသ၌ ရေခဲခေတ်ကို လွန်မြောက်၍ အအေးပေါ့လာချိန်တွင် ရေခဲပြင်များ အရည်ပျော်ချိန်နှင့် ငလျင်လှုပ်မှုများ အချိန်ကိုက်ဖြစ်ပေါ်ခဲ့သည်။
ပေထောင်နှင့်ချီ၍ထူထဲကာ စတုရန်းမိုင်ရာပေါင်းများစွာ ကျယ်ဝန်းသောရေခဲမြစ်များအပါအဝင် ကမ္ဘာ့အကြီးဆုံးရေခဲမြစ် အများအပြားရှိသော အမေရိကန်နိုင်ငံ အလက်စကာပြည်နယ်တွင် ရေခဲမြစ်အချို့ အရည်ပျော်ခြင်းကြောင့် မြေလွှာအချို့ တစ်နှစ်လျှင်တစ်လက်မခွဲခန့် ကြွတက်လာနေကြောင်းကိုလည်း တိုင်းတာသိရှိခဲ့သည်။
အလက်စကာရေခဲဆုံးရှုံးမှုကြောင့် မြေလွှာကြွတက်သည်ကို သိသော်လည်း ငလျင်ဖြစ်ပေါ်သည်အထိ ပြင်းထန်မှုရှိမရှိကိုမူ တပ်အပ်သေချာ မပြောနိုင်ခဲ့ပေ။ အကြောင်းမှာ အလက်စကာတောင်ပိုင်းသည် မြောက်အမေရိက မြေလွှာချပ်နှင့် ပစိဖိတ်မြေလွှာချပ်တို့ ထိစပ်သောနေရာဖြစ်ပြီး တစ်နှစ်လျှင် နှစ်လက်မမျှရွေ့လျားနေသဖြင့် ယင်းအကြောင်းကြောင့်လည်း ငလျင်လှုပ်နိုင်သောကြောင့် ဖြစ်သည်။
နောက်ပိုင်းလေ့လာချက်များအရ University of Alaska Fairbanks Geophysical Institute မှပညာရှင်များက အလက်စကာတောင်ပိုင်း ရေခဲပြင်များ အရည်ပျော်ခြင်းသည် ယင်းဒေသတဝိုက်တွင် ပြင်းအား ၅ . ၀ နှင့်အထက်ရှိသော ငလျင်များလှုပ်ရာ၌ သက်ရောက် လွှမ်းမိုးသည်ဟု ထုတ်ပြန်လိုက်သည်။ ရေခဲမြစ်အရည်ပျော်ခြင်းသည် ငလျင်လှုပ်ချိန်နှင့် ပြင်းအားကို သွယ်ဝိုက်၍ သက်ရောက်သည်ဟု သူတို့က ဆိုသည်။
အမေရိကန်အာကာသအဖွဲ့အစည်း(နာဆာ)ကလည်း ရေခဲပြင် အများအပြား အရည်ပျော်နေသည့် အလာစကာပြည်နယ်တွင် မကြာသေးမီက ငလျင်လှုပ်မှု တိုးပွားလာကြောင်း တွေ့ရှိထားသည်။
ရေခဲပြင်အရည်ပျော်ခြင်းသည် ငလျင်ကို သွယ်ဝိုက်သောနည်းဖြင့် ဖြစ်ပေါ်စေကာ ကမ္ဘာကို ကိုင်လှုပ်နေသည့်အပြင် ရေခဲအရည်ပျော်မှုပမာဏ ကြီးမားလွန်းသဖြင့် ကမ္ဘာ့ဝင်ရိုးသည်ပင် နေရာရွေ့နေသည်။

ကမ္ဘာ့မြောက်နှင့်တောင်ဝင်ရိုးစွန်းတို့ကို စိတ်ကူးဖြင့်ဖြတ်ဖောက်၍ ဆွဲထားသောမျဉ်းကို ကမ္ဘာ့ဝင်ရိုးဟု ခေါ်သည်။ ကမ္ဘာ့ဝင်ရိုးသည် တိမ်းစောင်းနေသည့်အပြင် တည်ငြိမ်၍မနေဘဲ ဂျင်ကဲ့သို့ ယိမ်းထိုး ရွေ့လျားနေသည်။ ယိမ်းထိုးနေမှုသည် အလွန်နှေးကွေးလှပြီး နှစ်ပေါင်း ၂၆၀၀၀ ခန့်ကြာမှ တစ်ပတ်ပြည့်သည်။
ကမ္ဘာ့ဝင်ရိုးသည် ယိမ်းထိုးမှုကြောင့်အပြင် ကမ္ဘာအတွင်းပိုင်းရှိ ချော်ရည်ကျောက်ရည်များ ရွေ့လျားမှုအရှိန်ကြောင့်လည်း နေရာရွေ့တတ်သည်။ ဝင်ရိုးသည် မြောက်နှင့်တောင်ဝင်ရိုးစွန်းများကို ဖြတ်သောမျဉ်းဖြစ်သည့်အတိုင်း ဝင်ရိုးရွေ့ခြင်းသည် ဝင်ရိုးစွန်းများ နေရာရွေ့ခြင်းပင် ဖြစ်သည်။
ဝင်ရိုးနေရာရွေ့ခြင်း၏ အခြားအကြောင်းတစ်ခုမှာ မြေအောက်ရေထုတ်ယူသုံးစွဲမှုကြောင့်ဖြစ်သည်။ လူသားတို့သည် ၁၉၅၀ ပြည့်နှစ်မှစ၍ မြေအောက်ရေထရီလျံတန် ၂၀ မျှထုတ်ယူသုံးစွဲခဲ့ခြင်းကလည်း ရေခဲပြင်အရည်ပျော်ခြင်းကဲ့သို့ ဝင်ရိုးကို နေရာရွေ့စေခဲ့သည်။
ယခုအခါ ရေခဲပြင်များ အရည်ပျော်စီးဆင်းကာ ရေထုနေရာရွေ့သွား၍ ကမ္ဘာ့ဝင်ရိုးလည်း ဟန်ချက်အနည်းငယ်ပျက်ကာ နေရာရွေ့သွားကြောင်း ပညာရှင်တို့ တိုင်းတာသိရှိကြသည်။
တိုင်းတာချက်အရ ကမ္ဘာ့ဝင်ရိုးသည် ၁၉၈၀ ပြည့်နှစ်ကနှင့်စာလျှင် ၁၃ ပေမျှနေရာ ရွေ့သွားသည်။
သို့သော် ဝင်ရိုးရွေ့ခြင်းကြောင့် ကမ္ဘာ့နေ့တာကို မီလီစက္ကန့်မျှသာ တိုစေ ရှည်စေသည်ကလွဲ၍ လူအပါအဝင် သက်ရှိတို့အပေါ် မည်သို့မျှ ထိခိုက်သက်ရောက်မှုမရှိချေ။
မြေအောက်ရေထုတ်ယူခြင်း၊ ရာသီဥတုပြောင်းလဲ၍ ရေခဲပြင်အရည်ပျော်ခြင်းတို့သည် လူတို့ကြောင့်ဖြစ်ရာ ယခင်က ကမ္ဘာ့ဝင်ရိုးနှင့် ဝင်ရိုးစွန်းများသည် သဘာဝအကြောင်းများကြောင့်သာ နေရာရွေ့ခဲ့ရာမှ ယခုအခါ လူတို့ကြောင့်လည်း နေရာရွေ့ခဲ့ရပြီ ဖြစ်သည်။
ကမ္ဘာ့သမိုင်းတွင် သက်ရောက်မှုအလွန်ကြီးမားသောဖြစ်စဉ်များကို ရည်ညွှန်းရာ၌ ကမ္ဘာကို”ကိုင်လှုပ်”သောဖြစ်စဉ်များဟု တင်စားပြောဆိုရေးသားခဲ့ကြသည်။ ယခုအခါ လူတို့သည် ကမ္ဘာကြီးကို တကယ်ကိုင်လှုပ်နိုင်ခဲ့ပြီ။
ကိုးကား
၁ – Glacial Earthquakes in Greenland and Antarctica
Annual Review of Earth and Planetary Sciences
Vol. 38:467-491 (Volume publication date 30 May 2010)