
အမေရိကန်ပြည် ကော်လိုရာဒိုမြစ်သည် ကီလိုမီတာ ၂၃၀၀ ကျော်ရှည် (ဧရာဝတီထက် အနည်းငယ်ပို)သည်။ ရော့ကီးတောင်တန်းများပေါ် ကျရောက်သော ဆီးနှင်းများ အရည်ပျော်ရာမှ ကော်လိုရာဒိုမြစ် စတင်ဖြစ်ပေါ်သည်။
ကော်လိုရာဒိုမြစ်ရေကို စိုက်ပျိုးဧက ငါးသန်းကျော်အတွက် ရေ၊ ရေအားလျှပ်စစ်အပြင် စုစုပေါင်းလူသန်းပေါင်း ၄၀ ကျော်တို့၏ သောက်သုံးရေ ဇာစ်မြစ်အဖြစ် အသုံးချနေကြသည်။ ဥပမာ လောင်းကစားမြို့တော်အဖြစ် လူသိများသော လာ့စ်ဗေးဂတ်စ်၏ သောက်သုံးရေ ၉၀ ရာခိုင်နှုန်းကို ကော်လိုရာဒိုမြစ်မှ ရယူသည်။
မြစ်ကြောင်းရှည်သလောက် ရေထုတ်ယူမှုလည်း များသည်။ သို့သော် ကော်လိုရာဒိုမြစ်ဖြတ်စီးရာ ပြည်နယ်ခုနစ်ခုအနက် ခြောက်ခုသည် မိုးအလွန်နည်းသောပြည်နယ်များ ဖြစ်ကြသည်။ အချို့ပြည်နယ်များ၏ တစ်နှစ်မိုးရေချိန်သည် လက်မ ၂၀ ပင် မပြည့်ချေ။
စိတ်တိုင်းကျ ထုတ်ယူလျှင် ပင်လယ်ဝမရောက်မီ ကော်လိုရာဒိုမြစ်ရေ ခန်းခြောက်သွားနိုင်သဖြင့် ကော်လိုရာဒိုမြစ်ဖြတ်သန်းစီးဆင်းရာ ခုနစ်ပြည်နယ်နှင့် မက္ကဆီကိုနိုင်ငံတို့သည် မြစ်ရေခွဲဝေရေး စာချုပ်များဖြင့် မည်သူက မည်မျှသာယူရမည်ဟု သတ်မှတ်ထားသည်။
ယင်းသို့မျှဝေသုံးစွဲနေသည့်ကြားမှ မြစ်ဝှမ်းဒေသ၌ မိုးနှစ်ရှည်ခေါင်သည့်အခါများတွင် ကော်လိုရာဒို မြစ်ရေသည် ပင်လယ်ထဲသို့ မစီးဝင်နိုင်တော့သည့်အဖြစ်မျိုးကို ကြုံခဲ့ရသည်။ ၂၀၀၀ ပြည့်နှစ်မှစသော မိုးခေါင်မှုကြောင့် ကော်လိုရာဒိုမြစ်ပေါ်ရှိ အဓိကရေကန်ကြီးတစ်ခုဖြစ်သော Lake Mead တွင် ၂၀၀၅ ခုနှစ်တွင် သိုလှောင်နိုင်သောပမာဏ၏ ၃၃ ရာခိုင်နှုန်းမျှသာ ကျန်ခဲ့သည်။
မြစ်ဖျားခံရာ ရော့ကီးတောင်တန်းများပေါ်တွင် ၂၀၁၇ ခုနှစ်တွင် ဆီးနှင်းပိုကျခဲ့၍ မြစ်ရေစီး ပိုများလာခဲ့သော်လည်း နောက်ပိုင်းတွင် ရေစီးပမာဏလျော့ကျလာပြန်သည်။ ၂၀ ရာစုနှစ်အတွင်းက ပျမ်းမျှရေစီး တစ်နှစ်လျှင် ၁၅ သန်းဧကပေရှိခဲ့ရာမှ ယခုအခါ ၁၂ . ၃ သန်း ဧကပေအထိ ကျဆင်းသွားသည်။ (တစ်ဧကပေသည် တစ်ဧကအကျယ် တစ်ပေအနက်ရှိရေပြင်၏ ထုထည်ဖြစ်သည်။)
မြစ်ကြောင်းပေါ်ရှိ အဓိကရေကန်ကြီးနှစ်ကန် ( Lake Mead နှင့် Lake Powell ) တို့တွင် ရေမှတ်ဆက်တိုက်ကျဆင်းလာခဲ့သည်။ Lake Mead တွင် ကန်ရေပြည့်ခဲ့စဉ်က ဧကပေသန်း ၃၀ ခန့်ရှိခဲ့သည်။ ၂၀၂၁ ခုနှစ်၌ ရေထုထည် ဧကပေ ၁၂ သန်းသာရှိတော့သည်။

ရေစီးနည်း ရေလှောင်ပမာဏနည်းလာခြင်းသည် ရာသီဥတုပြောင်းလဲကာ မြစ်ရိုးတလျှောက် ဒေသများ ခြောက်သွေ့လာသည့်အတွက်ကြောင့် ဖြစ်သည်။ ကော်လိုရာဒိုမြစ်ဝှမ်းဒေသ အပူချိန်သည် ရာစုနှစ်တစ်ခု အတွင်း ၁ . ၄ ဒီဂရီ စင်တီဂရိတ်(၂ . ၅ ဒီဂရီဖာရင်ဟိုက်) တက်ခဲ့သည်။
ဤအခြေအနေအတိုင်းဆိုလျှင် ၂၀၂၂ ဇန်နဝါရီ ၁ ရက်နေ့တွင် Lake Mead တွင် စိုးရိမ်ဖွယ် ရေမှတ်အထိ ကျဆင်းမည်ဟု ခန့်မှန်းထားသဖြင့် အရီဇိုးနား၊ နဗက်ဒါပြည်နယ်များနှင့် မက္ကဆီကိုနိုင်ငံတို့သည် ၂၀၂၂ ခုနှစ်တွင် မိမိတို့ရနေကျရေခွဲတမ်း၏ပမာဏကို လျှော့ချရယူရမည်ဟု ထုတ်ပြန်လိုက်သည်။
အကယ်၍ မြစ်ရေအခြေအနေပိုမိုကောင်းမွန်လာခြင်းမရှိပါက ကျန်ပြည်နယ်များ၏ ရေခွဲတမ်းကိုလည်း လျှော့ချဖွယ်ရာရှိသည်။
ရာသီဥတုပြောင်းလဲလာသောကမ္ဘာတွင် မြစ်ရေတစ်ခုတည်းကို သို့မဟုတ် မြစ်ရေကိုအဓိက အားထားနေကြသော မြို့ရွာများအတွက် အခြားသော ရေအရင်းအမြစ်များကိုလည်း ကြိုတင်ရှာဖွေရယူထားသင့်ကြောင်း ကော်လိုရာဒိုမြစ်က သတိပေးနေသည်။
ကော်လိုရာဒိုမြစ်ရေကို အသုံးချရာ၌ စီမံခန့်ခွဲမှု ကောင်းမွန်လှပုံကိုလည်း မြင်နိုင်သည်။
ကိုးကား
၁ – In a First, U.S. Declares Shortage on Colorado River, Forcing Water Cuts
By Henry Fountain http://www.nytimes.com Published Aug. 16, 2021 Updated Aug. 27, 2021
One thought on “ခွဲတမ်းလျှော့ယူရတော့မည့် ကော်လိုရာဒိုမြစ်ရေ”