ရေကြည်ရာမြက်နုရာဟူ၍ စကားရှိသည့်အတိုင်း လူတို့သည် မြို့ပြ ပြည်ရွာများ တည်ထောင်ရာ၌ မြစ်ချောင်း အင်းအိုင်နှင့်နီးသောအရပ်တွင် ဦးစားပေး တည်ထောင်ခဲ့ကြသည်။ စ၍တည်ကတည်းက ရေကို အလေးပေးခဲ့သကဲ့သို့ ရေကိုထိန်းသိမ်းနိုင်ခြင်းရှိမရှိဆိုသည့်အချက်က ယင်းမြို့ပြများနှင့် လူ့ယဉ်ကျေးမှုကြီးများ၏ ရေရှည်တည်တံ့မှုကို အဆုံးအဖြတ်ပေးခဲ့သည်။
မိုင်ယာယဉ်ကျေးမှု
လွန်ခဲ့သောနှစ်ပေါင်း ၃၀၀၀ ခန့်မှစ၍ မြို့ပြများကို တည်ဆောက်ခဲ့ကြသော မိုင်ယာလူမျိုးများသည် အမေရိကတိုက်တွင် ပေါ်ထွန်းခဲ့သည့် လူ့ယဉ်ကျေးမှုကြီးများအနက် အဆင့်အမြင့်ဆုံး လူ့အဖွဲ့အစည်းကို ထူထောင်နိုင်ခဲ့ကြသည်။ ယခုခေတ် မက္ကဆီကို၊ ဂွာတီမာလာ၊ ဘယ်လစ်ဇ်၊ အယ်လ်ဆယ်လ်ဗေးဒိုး၊ ဟွန်ဒူးရပ်စ်နိုင်ငံများ တည်ရာတွင် မိုင်ယာလူမျိုးတို့ နေထိုင်ခဲ့ကြပြီး အချို့သောမိုင်ယာမြို့များတွင် လူဦးရေ ၁၀ သန်းခန့် နေထိုင်ခဲ့ကြသည်အထိ စည်ပင်ခဲ့ကာ ထိုအချိန်က ကမ္ဘာ့လူဦးရေ အထူထပ်ဆုံးဒေသများ၌ ပါဝင်ခဲ့သည်။ အထက်ပါနိုင်ငံများ၌ မိုင်ယာလူမျိုးအချို့ ယနေ့အထိ ကျန်နေသေးသည်။
မိုင်ယာတို့သည် သင်္ချာ၊ နက္ခတ္တဗေဒစသည့် အဆင့်မြင့်ပညာအချို့ကို နားလည် တတ်ကျွမ်းခဲ့ကြသည်။ ယင်းတို့၏ သမိုင်းမှတ်တမ်းများကို စာအုပ်နှင့် ကျောက်စာများပေါ်တွင် ရေးမှတ်ခဲ့ကြသည်။ မိုင်ယာတို့ ဆောက်ခဲ့သော ပိရမစ်အပါအဝင် အဆောက်အအုံများသည် ယနေ့တိုင်တည်ရှိဆဲ ဖြစ်သည်။
မိုင်ယာတို့ထိုမျှအောင်မြင်ခဲ့ရခြင်းတွင် ရေလှောင်ကန်နှင့် တူးမြောင်းများ တည်ဆောက်ခြင်း၊ သဘာဝရေအိုင်များကို တာဖို့၍ ရေသိုလှောင်ပမာဏ မြှင့်တင်ခြင်းစသည်တို့ဖြင့် သောက်သုံးရေနှင့် စိုက်ပျိုးရေ လုံလောက်စွာရယူကာ တစ်နှစ်ပတ်လုံး သီးနှံများစိုက်ပျိုးနိုင်ခဲ့ခြင်းက အကြောင်းတစ်ခုဖြစ်သည်။

မိုင်ယာဒေသအချို့သည် ထုံးကျောက်မြေသားဖြစ်၍ မြေအောက်စိမ့်ဝင်သောရေတွင် ပျော်ဝင်မှုကြောင့် ပေါ်လာသည့် ဂလိုဏ်ထဲတွင်စုမိသောရေတို့ကို မိုင်ယာတို့က ရေအရင်းအမြစ်တစ်ခုအဖြစ် အသုံးချသည်။ သဘာဝဂလိုဏ်မရှိသော နေရာများတွင် ဂလိုဏ်များတူး၍ ထုံးရည်ပလာစတာဖြင့်မံကာ ရေမစိမ့်အောင်လုပ်ပြီး ပုလင်းပုံ လူလုပ်မြေအောက်ရေလှောင်ကန်များ ဖန်တီးတည်ဆောက်ကြသည်။ အချို့ ပုလင်းပုံရေကန်များသည် ဂါလန် ၁၀၀၀၀ ခန့်ပင် ဆန့်သည်။
ကြီးကျယ်ခမ်းနားခဲ့သော မိုင်ယာယဉ်ကျေးမှုသည် အေဒီကိုးရာစုတွင် လူဦးရေ တဖြည်းဖြည်းလျော့လာခဲ့ပြီး မြို့ရွာများ ပျက်စီးခဲ့ရာ ယခုအခါ ပြန်လည် တွေ့ရှိ တူးဖော်ထားသော အဆောက်အအုံအချို့သာ ကျန်ရှိတော့သည်။ ဒေသတွင်း နှစ်ပေါင်း အတန်ကြာ မိုးခေါင်ခြင်းကြောင့် ရေကန်နှင့်တူးမြောင်းများ ခန်းသွားကာ ရောဂါဘယများ ထူပြောလာသည့်အပြင် ရေကိုအကြောင်းပြု၍ အချင်းချင်း တိုက်ခိုက်ကြသဖြင့် မိုင်ယာယဉ်ကျေးမှုကြီး ပျက်သုဉ်းခဲ့ရသည်ဟု ယူဆကြသည်။
မိုင်ယာတို့သည် သူ့ခေတ်သူ့အခါက အတော်ကြီးမားသော ပိရမစ်၊ ဘုရားကျောင်းစသည့် အဆောက်အအုံများအတွက် လိုအပ်သောသစ်ရရန်၊ စိုက်ပျိုးမြေတိုးချဲ့ရန်တို့အတွက် သစ်တောများကို ခုတ်လှဲရှင်းလင်းခြင်းကြောင့် မိုးခေါင်ခဲ့သည်ဟု အချို့ကယူဆသည်။
ရေကန်တစ်ကန်ရှိ မြေသားအချို့တွင်ပါဝင်သည့် ရေများအား အိုင်ဆိုတုပ်နည်းဖြင့် ဓာတ်ခွဲစမ်းသပ်ကြည့်ရာ မိုင်ယာလူမျိုးတို့ ထွန်းကားစဉ်အချိန်က မိုးခေါင်မှုကြောင့် ပျမ်းမျှရေ ၅၀ ရာခိုင်နှုန်းခန့် လျော့နည်း ရရှိခဲ့ကြောင်း သိရသည်။
ခမာအင်ပါယာ
ကမ္ဘာ့အနောက်ခြမ်းတွင်ပေါ်ထွန်းခဲ့သောမာယာတို့နည်းတူ ကမ္ဘာ့အရှေ့ခြမ်းတွင် ခမာလူမျိုးတို့သည် ယခုခေတ် ကမ္ဘောဒီးယားနိုင်ငံ တည်ရှိရာဒေသကိုအခြေပြု၍ ကိုးရာစုနှစ်မှစ၍ ၁၅ ရာစုနှစ်အထိ ကြီးပွားစည်ပင်ခဲ့သည်။ ခမာအင်ပါယာ၏ မြို့တော်ဖြစ်သည့် အန်ကောသည် စတုရန်းမိုင် ၄၀၀ နီးပါးမျှ ကျယ်ဝန်းခဲ့ပြီး ထိုစဉ်က အကျယ်ပြန့်ဆုံးမြို့ပြနယ်မြေ ဖြစ်ခဲ့သည်။

မြို့တော်ဝန်းကျင်တွင် တူးမြောင်းများ၊ ကျုံးများ၊ ရေလှောင်ကန်များ တည်ဆောက်ခဲ့ပြီး ခမာအင်ပါယာ ရေရရှိရေးကို စီမံခဲ့သည်။ ယင်းတို့ထဲတွင် လုပ်သားပေါင်း နှစ်သိန်းခန့် ပါဝင်တည်ဆောက်ခဲ့သော ငါးမိုင်ရှည် ရေကာတာကြီးတစ်ခုလည်း ပါသည်။ မုတ်သုန်မိုးရေများကို အသုံးချကာ ပိုသည့်ရေများကို သဘာဝရေကန်ကြီး ဖြစ်သည့်တုန်လေဆပ်ကန်ထဲသို့ လွှဲပြောင်းပေးပို့သည်။ အဆိုပါရေဘက်ဆိုင်ရာ အခြေခံအဆောက်အအုံများကြောင့် ရေလွှမ်းမိုးမှုကို ထိန်းချုပ်နိုင်ခဲ့ပြီး စိုက်ပျိုးရေကိုလည်း လုံလောက်စွာ ပေးဝေနိုင်ခဲ့သဖြင့် တစ်နှစ်လျှင် သုံးသီးခန့် စိုက်ပျိုးအောင်မြင်ခဲ့၍ ခမာအင်ပါယာသည်လည်း တိုးတက်ခဲ့သည်။
ယင်းသို့စည်ပင်အောင်မြင်ခဲ့သော ခမာအင်ပါယာသည် ၁၅ ရာစုနှစ်အစပိုင်းတွင် ပြိုလဲခဲ့ရာ အကြောင်းများတွင် ရာသီဥတုဖောက်ပြန်မှုဒဏ်ကြောင့်လည်း ဖြစ်နိုင်သည်ဟု သုံးသပ်ကြသည်။ ၁၄ ရာစုနှစ်နောက်ပိုင်း၌ နှစ်ရှည်မိုးခေါင်သည်။ မိုးခေါင်ပြီးနောက် အချိန် အတန်ကြာ မိုးကြီးသည်းထန်စွာ ဆက်တိုက် ရွာသွန်းပြန်သည်။
ခမာတို့၏ ရေဘက်ဆိုင်ရာအခြေခံအဆောက်အအုံများသည် အလွန်ကြီးမားသည့်အပြင် တစ်ခုနှင့်တစ်ခု ဆက်စပ်နေကြရာ ပြင်းထန်သော ရာသီဥတုဆိုင်ရာဖြစ်ရပ်များနှင့်ကြုံတွေ့သောအခါ တစ်ခုပျက်စီးပြိုလဲသည် နှင့် အခြားအဆောက်အအုံများပါ လိုက်၍ ပျက်စီးသဖြင့် နောက်ဆုံးခမာအင်ပါယာလည်း ပြိုကွဲခဲ့သည်ဟု ယူဆကြသည်။
မိုင်ယာနှင့်ခမာလူမျိုးတို့၏ လူ့ဘောင်အဖွဲ့အစည်းကို ပျက်သုဉ်းသွားစေသည့် ရေကြီးခြင်း မိုးခေါင်ခြင်းများကဲ့သို့ မပြင်းထန် မရှည်ကြာသော်လည်း ၁၈၇၆ ခုနှစ်နှင့် ၁၈၇၈ ခုနှစ်များကြားတွင် တရုတ်နှင့်အိန္ဒိယနိုင်ငံတို့၌ကြုံတွေ့ခဲ့ရသည့်မိုးခေါင်မှုကြောင့် ရေလျော့ နည်း သီးနှံအထွက်ကျဆင်းကာ လူသန်းနှင့်ချီ၍ သေဆုံးခဲ့ရသည်။ တရုတ်နိုင်ငံပြည်နယ်ငါးခု၌ လူဦးရေ ၁၀၈ သန်းနေထိုင်သည့်အနက် ကိုးသန်းမှ ၁၃ သန်းကြားသေဆုံးခဲ့သည်။ အိန္ဒိယနိုင်ငံ တောင်ပိုင်း နှင့်အနောက်တောင်ပိုင်းတွင်မိုးခေါင်၍ အငတ်ဘေးကြုံခဲ့ကာ လူပေါင်း ငါးသန်းခွဲမျှသေဆုံးခဲ့သည်။
ခေတ်သစ်ရေအခက်အခဲ
၁၉ ရာစုနှစ်များနှင့် ၂၀ ရာစု အဦးပိုင်းအထိဖြစ်ပွားခဲ့သော မိုးခေါင်မှုများသည် ပစိဖိတ်သမုဒ္ဒရာတွင် ပေါ်ပေါက်သည့် အယ်လ်နီညိုဖြစ်စဉ်အပါအဝင် ဒေသတွင်းရာသီဥတုဖောက်ပြန်မှုအချို့ကြောင့် ဖြစ်သည်။ ယင်းကာလနောက်ပိုင်းတွင်မူ အဆိုပါအကြောင်းရင်းများ အပြင် တစ်ကမ္ဘာလုံး ရာသီဥတု ပြောင်းလဲခြင်းကြောင့်လည်း မိုးခေါင်လာသည်။ မိုးခေါင်သည့်ဒေသ များလာသည်။
တစ်ချိန်က မိုးခေါင်ခြင်းကြောင့် ကျေးလက်များတွင် အများဆုံးဒုက္ခရောက်ခဲ့ကြသော်လည်း ၂၁ ရာစုတွင် ယင်းဖြစ်စဉ်၏ အကျိုးဆက်ကို မြို့ပြနေသူများပါ ဆိုးရွားစွာခံစားလာကြရသည်။ အကြောင်းမှာ စီးပွားရေး အခွင့်အလမ်းများသောမြို့ကြီးများသို့ ကျေးလက်နေ လူအများ ပြောင်းရွှေ့နေထိုင်အခြေချလာကြသဖြင့် မြို့နေလူဦးရေက ကျေးလက်နေဦးရေထက် ပိုလွန်သွားသောကြောင့် ဖြစ်သည်။ လူများလာသော်လည်း မြို့ကြီးအများအပြားသည် ရေဘက်ဆိုင်ရာ အခြေခံ အဆောက်အအုံများကို အလျဉ်မီအောင် မတည်ဆောက် မပံ့ပိုးပေးနိုင်။
လက်ရှိရေအခက်အခဲတွေ့နေသော၊ အနာဂတ်၌ ပိုဆိုးလာရန်ရှိသော ကမ္ဘာ့မြို့ကြီးများကို သုတေသီတို့က လေ့လာစစ်တမ်းထုတ်ကြရာ စစ်တမ်းထုတ်သူများ၏ စံနှုန်းသတ်မှတ်ချက်ကိုလိုက်၍ ကွဲပြားမှုအချို့ ရှိသော်လည်း အိန္ဒိယနိုင်ငံ ချင်းနိုင်မြို့၊ တောင်အာဖရိကနိုင်ငံ ကိပ်တောင်းမြို့၊ မက္ကဆီကိုနိုင်ငံ မက္ကဆီကို စီးတီး၊ အီဂျစ်နိုင်ငံ ကိုင်ရိုမြို့၊ အင်ဒိုနီးရှားနိုင်ငံ ဂျကာတာမြို့၊ ဘရာဇီးနိုင်ငံ ဆော်ပေါင်လိုမြို့၊ တရုတ်နိုင်ငံ ပေကျင်းမြို့တို့သည် ရေအခက်အခဲအရှိဆုံးမြို့များအဖြစ် စစ်တမ်းတိုင်းလိုလို၌ ပါဝင်လျက်ရှိသည်။
အထက်ပါမြို့ကြီးများအနက် တောင်အာဖရိကနိုင်ငံ ကိပ်တောင်းမြို့နှင့် အိန္ဒိယနိုင်ငံ ချင်းနိုင်မြို့တို့သည် ရေပြတ်လုလု အခြေအနေကို အဦးဆုံးရင်ဆိုင်လိုက်ရသည့် မြို့များဖြစ်လာသည်။
ကိပ်တောင်းမြို့

ကိပ်တောင်း(Cape Town)သည် တောင်အာဖရိကနိုင်ငံ တောင်ဘက်အစွန် ပင်လယ်ကမ်းစပ်၌ တည်ရှိသောမြို့ ဖြစ်သည်။ လူဦးရေ လေးသန်း နေထိုင်သည်။ မိုးရေချိန်တစ်နှစ်လျှင် ပျမ်းမျှလက်မ ၂၀ ခန့်ရွာသွန်းသည်။ ရေကန်ကြီး ခြောက်ကန်မှ ရေများဖြင့် အဓိကပေးဝေသည်။ ကန်ခြောက်ကန်အပြည့်ဆိုလျှင် ကုဗမီတာ ၉၀၀၀၀၀ ခန့် (ဂါလန်သန်း ၂၄၀ ခန့်)သိုလှောင်နိုင်သည်။
ကိပ်တောင်း၏ကန်များသည် ၂၀၁၄ ခုနှစ်အထိ ရေပြည့်နေခဲ့သော်လည်း ၂၀၁၅ မှစကာ ၂၀၁၇ အထိ သုံးနှစ်ဆက်တိုက် မိုးခေါင်၍ ရေသိသာစွာ လျော့နည်းလာခဲ့သဖြင့် ၂၀၁၈ နှစ်ဆန်းကစ၍ ပေးဝေသော ရေပမာဏကို လျှော့ချသည်။ လမ်းဆုံလမ်းခွများတွင် အီလက်ထရွန်းနစ်ဘုတ်များဖြင့် ရေကန်ကြီးများထဲတွင် ရေဘယ်လောက်ကျန်သည်၊ မည်သည့်နေရာက ရေမည်မျှသုံးနေသည်စသည်တို့ကို အသိပေး၍ ရေချွေတာလိုစိတ်ရှိလာအောင် လှုံ့ဆော်သည်။ လူတစ်ဦးတစ်ရက်ဂါလန် ၅၀ နှုန်းအထိ လျှော့ချ ပေးဝေသည်။ ရေတစ်ခါချိုး နှစ်မိနစ်ထက်မပိုစေရန်၊ အိမ်သာသုံးပြီးတိုင်း ရေမဆွဲဘဲ နှစ်ခါသုံးခါ ပေါင်းပြီးမှ ဆွဲရန်၊ ကားရေဆေးခြင်း၊ ရေကူးကန် ရေဖြည့်ခြင်းတို့ လုံးဝမလုပ်ရန် တိုက်တွန်းသည်။
ကိပ်တောင်းရေအခက်အခဲ ရှုစားရန်
ရေဖိုးတိုးမြှင့်ကောက်ခံခြင်း၊ ရေဖိအားလျှော့ပေးခြင်းစသည်တို့ဖြင့်လည်း ရေအသုံးနည်းလာအောင် စီမံသည်။ ရေအသုံးများသောအိမ်များကိုဖော်ထုတ်၍ ဒဏ်ငွေအမြောက်အမြားပေးဆောင်စေသည်။
မိုးဆက်ခေါင်နေသေးသဖြင့် လူတစ်ဦး တစ်ရက် ၂၃ ဂါလန်နှုန်းအထိ ထပ်မံ လျှော့ချပေးဝေသည်။ ၂၃ ဂါလန်သည် လူတစ်ဦး စက္ကန့် ၉၀ ရေချိုး၊ သောက်ရေဂါလန်ဝက်၊ လက်ဆေးခွက်တွင် တစ်ကြိမ် ဆေးကြောလျှော်ဖွတ်၊ ဟင်းတစ်ကြိမ်ချက်၊ လက်နှစ်ခါဆေး၊ သွားနှစ်ခါတိုက်၊ အိမ်သာအိုးတစ်ကြိမ်ရေဆွဲ တို့အတွက်သာ လုံလောက်သည်။
ရေများများသုံး၍ ချက်ပြုတ်မည့်အစား ရေနည်းနည်းသာလိုသည့် အကင် အကြော်တို့ကို ဦးစားပေးရန်၊ ဆေးကြောဖို့လိုသည့် ပန်းကန်များအစား တစ်ခါသုံး စက္ကူပန်းကန်နှင့် ခွက်တို့ကိုသာ သုံးရန်၊ ရေချိုးဇလုံထဲကရေကို တစ်နည်းနည်းဖြင့် ပြန်သုံးရန် လှုံ့ဆော်ရပြန်သည်။ ကိပ်တောင်းသည် တောင်ခြေတွင်ရှိ၍ အချို့နေရာများ၌ စမ်းရေထွက်များရှိရာ ရေပုံးဆွဲ၍ တန်းစီရယူကြသည်။






မိုးမရွာနိုင်၍ လူတစ်ဦးတစ်ရက် ၁၃ ဂါလန်နှုန်းအထိ လျှော့ချရပြန်သည်။ ရေပြတ်မည့်နေ့အတွက် ပြင်ဆင်ထားကြရန် မြို့နေလူထုအားအသိပေးသည်။ ရေပြတ်မည့်နေ့ဆိုသည်မှာ ဆေးရုံစသည့် မပေးမဖြစ် နေရာများမှလွဲ၍ ကျန်အဆောက်အအုံအားလုံးသို့ ရေမပေးနိုင်သောနေ့ကို ခေါ်သည်။ ယင်းနေ့ကို ကြုံရလျှင် မြို့သူမြို့သားတို့သည် လမ်းဘေးရေပေးစခန်း ၂၀၀ ခန့်သို့ သွားတန်းစီမှ လူတစ်ဦဦးတစ်ရက် ခြောက်ဂါလန်ခွဲနှုန်း ရမည်။
ကံအားလျော်စွာ ရေပြတ်မည့်နေ့မရောက်မီ မိုးရွာချလိုက်၍ ကိပ်တောင်းသူ ကိပ်တောင်းသားများ သက်ပြင်းချနိုင်သွားသည်။ သို့သော် ရာသီဥတုပြောင်းနေသော ကမ္ဘာတွင် ဒါမျိုးထပ်မဖြစ်ဟု မပြောနိုင်၍ အုပ်ချုပ်သူတို့သည် ပင်လယ်ရေငန်မှ ရေချိုချက်စက်ရုံများ ထပ်ဆောက်ခြင်း၊ အဝီစိတွင်းများတူးခြင်းစသည့် ရေအရင်းအမြစ်အသစ်များကို ရှာဖွေရယူနေကြသည်။
မိုးမရွာနိုင်၍ လူတစ်ဦးတစ်ရက် ၁၃ ဂါလန်နှုန်းအထိ လျှော့ချရပြန်သည်။ ရေပြတ်မည့်နေ့အတွက် ပြင်ဆင်ထားကြရန် မြို့နေလူထုအားအသိပေးသည်။ ရေပြတ်မည့်နေ့ဆိုသည်မှာ ဆေးရုံစသည့် မပေးမဖြစ် နေရာများမှလွဲ၍ ကျန်အဆောက်အအုံအားလုံးသို့ ရေမပေးနိုင်သောနေ့ကို ခေါ်သည်။ ယင်းနေ့ကို ကြုံရလျှင် မြို့သူမြို့သားတို့သည် လမ်းဘေးရေပေးစခန်း ၂၀၀ ခန့်သို့ သွားတန်းစီမှ လူတစ်ဦဦးတစ်ရက် ခြောက်ဂါလန်ခွဲနှုန်း ရမည်။
ကံအားလျော်စွာ ရေပြတ်မည့်နေ့မရောက်မီ မိုးရွာချလိုက်၍ ကိပ်တောင်းသူ ကိပ်တောင်းသားများ သက်ပြင်းချနိုင်သွားသည်။ သို့သော် ရာသီဥတုပြောင်းနေသော ကမ္ဘာတွင် ဒါမျိုးထပ်မဖြစ်ဟု မပြောနိုင်၍ အုပ်ချုပ်သူတို့သည် ပင်လယ်ရေငန်မှ ရေချိုချက်စက်ရုံများ ထပ်ဆောက်ခြင်း၊ အဝီစိတွင်းများတူးခြင်းစသည့် ရေအရင်းအမြစ်အသစ်များကို ရှာဖွေရယူနေကြသည်။
ချင်းနိုင်မြို့

ချင်းနိုင်မြို့Chennai (ယခင်အမည် မဒရပ်စ်)သည် အိန္ဒိယနိုင်ငံ အရှေ့ဘက်ကမ်းရိုးတန်းတွင် တည်ရှိသည်။ လူဦးရေရှစ်သန်းကျော်နေထိုင်ပြီး တစ်နှစ်ပျမ်းမျှမိုးရေချိန် ၅၅ လက်မခန့်ရွာသည်။ ချင်းနိုင်မြို့ကို ရေကန်ကြီးလေးကန်ရှိရေတို့ဖြင့် အဓိကပေးဝေသည်။ အဝီစိတွင်းများ၊ ရေချိုချက်စက်ရုံနှစ်ရုံလည်းရှိသည်။
၂၀၁၆ ခုနှစ်မှစ၍ သုံးနှစ်ဆက်တိုက်မိုးခေါင်သဖြင့် ၂၀၁၉ ခုနှစ်တွင် ရေကန်ကြီးများ ခန်းသလောက် ဖြစ်သွားသည်။ ကျောင်း၊ ဟိုတယ်၊ စားသောက်ဆိုင်များကို ယာယီပိတ်လိုက်ရပြီး ရုံးဌာနကုမ္ပဏီ ဝန်ထမ်းများကို ဖြစ်နိုင်သမျှ အိမ်မှ အလုပ်လုပ်ခိုင်းရသည်။
ရေသယ်ကားများစီစဉ်ပေးသော်လည်း မလောက်သဖြင့် တစ်စီးလျှင်ရေဂါလန် ၂၅၀၀၀၀ ဆန့်သော ရေသယ်ရထားနှစ်စီးဖြင့် နေ့စဉ်ရေသယ်ပေးရသည်။ အခြားမြို့က ရောက်လာသော ရေကားအချို့ကို မြို့လယ်မရောက်မီ ဆင်ခြေဖုံးရပ်ကွက်နေသူများက တားဆီးပြီး ရေအကုန်ယူကြသည်။ ရေအလုအယက်ခပ်ရင်းခိုက်ရန်ဖြစ်ပွားကြသည်။ လူသေဆုံးမှုများပင် ရှိသည်။
ချင်းနိုင်ရေအခက်အခဲ ရှုစားရန်
မိုးပြန်ရွာမှ ရေပြဿနာငြိမ်သွားသည်။ သို့သော် ထပ်မဖြစ်ဟုမပြောနိုင်သဖြင့် ရေရှည်စီမံချက်များချကြသည်။ အဝီစိတွင်းများ ထပ်တူးသည်။ တစ်ချိန်က ဆောက်လုပ်ပြီးပစ်ထားခဲ့သော မိုးရေခံစနစ်များ၏တန်ဖိုးကို သိလာကြကာ ပြန်လည်ပြင်ဆင်အသုံးပြုသည်။ မိုးရေခံစနစ်အသစ်များတည်ဆောက်သည်။
တစ်ရက်လျှင်ရေချိုဂါလန်သန်း ၅၀ ထုတ်ပေးနေသည့် ရှိပြီးစက်ရုံနှစ်ရုံအပြင် ဂါလန်သန်း ၄၀ ထုတ်ပေးမည့် ရေချိုချက်စက်ရုံတစ်ရုံတိုးဆောက်သည်။ ထို့ပြင် ရေဆိုးကိုသန့်စင်၍ ပြန်လည်အသုံးချသည့် စက်ရုံနှစ်ရုံကို တည်ဆောက်နေရာ တစ်ရက်လျှင် ရေဆိုးဂါလန် သန်း ၃၀ ကို သောက်ရေအဖြစ်ရောက်အောင် ပြန်လည်သန့်စင်ပေးလိမ့်မည်။
ကိပ်တောင်းနှင့်ချင်းနိုင်တို့၌ ရေပြဿနာတက်ပုံ၊ ဖြေရှင်းပုံတို့ကို လေ့လာလျှင် နှစ်မြို့လုံးတွင် ကန်ရေကိုသာ အဓိကမှီခိုပေးဝေသည်။ နှစ်မြို့လုံးတွင် လူဦးရေများ ရေအသုံးများလာသော်လည်း ရေများများရလာအောင် ကြိုတင်စီမံမှု အလွန်အားနည်းသည်။
သုံးနှစ်ဆက်တိုက်မိုးနည်း၍ ပြဿနာဖြစ်သောအခါမှ နှစ်မြို့လုံး၌ ရေချိုချက်စက်ရုံများကို ထပ်တိုးချဲ့၊ အဝီစိတွင်းများ ထပ်တူးသည်။ ချင်းနိုင်တွင် မိုးရေခံစနစ်များကိုပြန်လည်အသက်သွင်းခြင်း၊ ရေဆိုးမှ ရေသန့်စက်ရုံ တည်ဆောက်ခြင်းသည် ထူးခြားသောလုပ်ဆောင်မှု ဖြစ်သည်။
ရေပြတ်ပုံခြင်းတူသော်လည်း ကိပ်တောင်းမြို့သား အများစုက စည်းကမ်းလိုက်နာကြပြီး အခက်အခဲကို ကျော်လွှားသည်။ ချင်းနိုင်တွင်မူ ဗရုတ်သုတ်ခနိုင်သည်။ ရေအတွက် လူသတ်သည်အထိ ဖြစ်ခဲ့သည်။
ခေတ်ဟောင်းနှင့်ခေတ်သစ်ကွာခြားချက်
ရေထိန်းသိမ်းအသုံးချနိုင်မှု အပါအဝင် အကြောင်းအမျိုးမျိုးကြောင့် ခေတ်ဟောင်းက မိုင်ယာနှင့်ခမာတို့၏ တိုင်းနိုင်ငံများ ပျက်သုဉ်းသည်အထိဆိုးရွားခဲ့သည်။ ခေတ်သစ်တွင်မူ ကိပ်တောင်းနှင့်ချင်းနိုင် တို့ကဲ့သို့ ရေပြဿနာကြီးထွားမှုမျိုးရှိခဲ့၊ နောင်တွင်လည်းရှိလာဦးမည် ဖြစ်သော်လည်း ခေတ်ဟောင်းကကဲ့သို့ လူနေ မြို့ကြီးများပျက်စီးသည် အထိကြုံတွေ့ဖို့မဖြစ်နိုင်တော့ချေ။ အကြောင်းမှာရေအရင်းအမြစ်များကို ရှာဖွေ ထိန်းသိမ်းအသုံးပြုရာတွင် ရှေးခေတ်ကထက် နည်းပညာ သိသာစွာတိုးတက်လာသောကြောင့် ဖြစ်သည်။
ရေကိုတစ်နေရာမှ တစ်နေရာသို့စက်အားဖြင့် တွန်းပို့နိုင်လာသည်။ မြေအောက်ရေကို အနက်ပိုင်းအထိ တူးဖော်ရယူနိုင်လာသည်။ လျော့နည်းသွားသည့်မြေအောက်ရေနေရာတွင် မိုးရေမြစ်ရေများဖြင့် အစားဖြည့်ပေးနိုင်လာကြသည်။ ပင်လယ်ရေငန်မှရေချိုချက်တတ်လာသည်။ သာမန်ရေဆိုးများကိုသာမက မိလ္လာရည်များကိုပါ သောက်သုံးနိုင်သည်အထိ သန့်စင်တတ်လာသည်။
ခေတ်မီနည်းပညာများအပြင် ရှေးခေတ်ကတည်းက အသုံးပြုလာခဲ့သည့် မိုးရေတစ်နိုင်တစ်ပိုင် ခံယူအသုံးချခြင်းကိုလည်း ကျယ် ကျယ်ပြန့်ပြန့် ပြန်လည်လုပ်ဆောင်လာရကောင်းမှန်းသိလာကြသည်။
သို့သော် ယခုခေတ်တွင် လူဦးရေအဆမတန်များလာသည့်အပြင် တစ်ဦးချင်းရေအသုံးလည်း များလာသည်။ မိုင်ယာနှင့် ခမာတို့ခေတ်က သောက်သုံးရန်နှင့်စိုက်ပျိုးရန်အတွက်သာ ရေလိုခဲ့ကြသော်လည်း ခေတ်လူတို့သည်မူ စက်မှုကဏ္ဍနှင့်စွမ်းအင်ထုတ်လုပ်ရာတွင်ပါ ရေကိုမရှိမဖြစ်လိုအပ်လာသည်။ သိသာသော ဥပမာများကို ထုတ်ပြရ လျှင် အသုံးများသော’အေဖိုး’စာရွက်တစ်ရွက်ဖြစ်လာရန် ရေနှစ်ဂါလန်ခွဲ၊ လက်ကိုင် စမတ်ဖုန်းတစ်လုံးထုတ်ရန် ရေဂါလန် ၃၀ဝ၀ ကျော် စသဖြင့် စက်မှုလုပ်ငန်းစဉ်များတွင် သုံးခဲ့ရသည်။
ကျောက်မီးသွေး၊ သဘာဝဓာတ်ငွေ့၊ ”အဏုမြူစွမ်းအင် စသည်တို့ဖြင့် လျှပ်စစ်ထုတ်ရာတွင် ယင်းတို့ဖြင့် တာဘိုင်စက်များကို တိုက်ရိုက်လည်ပတ်စေခြင်း မဟုတ်ချေ။ ကျောက်မီးသွေးစသည်တို့ဖြင့် ရေကို အပူပေး အငွေ့ပျံစေကာ ရေငွေ့ဖြင့်တာဘိုင်စက်များကို လည်ပတ်စေသည်။ တာဘိုင်စက်လည်သည့်ရေအပြင် လောင်စာအမျိုးမျိုးကို တူးဖော်ထုတ်ယူရာတွင်နှင့် စက်ကိရိယာများအအေးခံစနစ်၌ သုံးသောရေများကိုပါ ထည့်တွက်ပါက လျှပ်စစ်ဓာတ်အား တစ်ကီလိုဝပ် နာရီရရှိရန် ရေ ၂၅ ဂါလန်ခန့်သုံးသည်။ တစ်ကီလိုဝပ်အားရှိသည့် အိမ်သုံးလျှပ်စစ်မီးဖိုတစ်လုံးကို တစ်နာရီကြာသုံးလျှင် လျှပ်စစ်ဓာတ်အားအပြင် ရေ ၂၅ ဂါလန်လည်း ကုန်သွားသည့် အဓိပ္ပာယ်ပင် ဖြစ်သည်။
ရေအသုံးများလာသော်လည်း ကမ္ဘာပေါ်ရှိရေပမာဏသည် ခေတ်ဟောင်းနှင့်ခေတ်သစ်အတူတူပင်ဖြစ်သည်။ အတိုးအလျော့မရှိချေ။ ထို့ကြောင့် တစ်ဦးချင်းရနိုင်သည့်ရေပမာဏ ယုတ်လျော့လာသည်။ ထို့ပြင် ရေကောင်းရေသန့်နှင့် စွန့်ပစ်ရေဆိုးအချိုးသည် တဖြည်းဖြည်း နည်းလာသည်။
ခေတ်ဟောင်းက ကမ္ဘာ့မျက်နှာပြင်၏ ၇၀ ရာခိုင်နှုန်းကို ရေဖုံးသကဲ့သို့ယခုလည်း ထိုမျှဖုံးနေဆဲဖြစ်သည်။ အမြင်တွင် မပြောင်းလဲချေ။ သို့သော် အနှစ်သာရအားဖြင့်ပြောင်းလဲခဲ့ပြီ ဖြစ်သည်။ အမြင်တွင် ရေဖုံးကမ္ဘာ ဖြစ်နေသေးသော်လည်း လက်တွေ့တွင် ရေရှားကမ္ဘာအဖြစ်သို့ရောက်နေသည်။
မည်သို့မည်ပုံရင်ဆိုင်ကြမည်နည်း
ကိပ်တောင်းနှင့်ချင်းနိုင်တို့သည် ၂၁ ရာစုနှစ်တွင် ပထမဆုံး ရေပြတ်လုနီးနီးဖြစ်ခဲ့သောမြို့ကြီးနှစ်မြို့အဖြစ် မှတ်တမ်းဝင်လာခဲ့ပြီး နောက် ကျန်မြို့ရွာများ ယင်းမြို့များကဲ့သို့ မဖြစ်စေရန် လုပ်ဆောင်ရမည့် နည်းလမ်းများကို ပညာရှင်အများက အကြံပြုကြရာတွင် ကွဲပြားမှု အနည်းငယ်စီရှိကြသော်လည်း အောက်ပါသုံးချက်တွင်မူ အားလုံး တူညီကြသည်။
၁-ရာသီဥတုပြောင်းလဲလာနေသောကမ္ဘာတွင် ရေအရင်းအမြစ်တစ်ခုနှစ်ခုတည်းအပေါ်၌သာ အားပြု ပေးဝေနေမည့်အစား မတူကွဲပြားသည့်ရေအရင်းအမြစ်များကို ရနိုင်သမျှများများ ရှာဖွေဖော်ထုတ် အသုံးပြုရမည်။ ကိပ်တောင်းနှင့်ချင်းနိုင်တို့တွင် ရေချိုချက်စက်ရုံများ ရှိသော်လည်း စက်ရုံငယ်များဖြစ်ပြီး ကန်ရေကိုသာအဓိက အသုံးပြုခဲ့ကြသဖြင့် ရေအခက်အခဲဖြစ်ခဲ့ရကြောင်း သူတို့က ထောက်ပြသည်။
အထူးသဖြင့် တစ်ကမ္ဘာလုံး အပူချိန်တရိပ်ရိပ် တက်လာနေ ခြင်းကြောင့် ရေလှောင်ကန်များမှ အငွေ့ပျံနှုန်း ပိုလာသည့်အပြင် နှစ်ရှည်မိုးခေါင်သည်နှင့်ကြုံသောအခါ ရေပြတ်တတ်ကြောင်း ကိပ်တောင်းနှင့် ချင်းနိုင်တို့က သင်ခန်းစာပေးခဲ့သည်ကို နားလည်ခံယူတတ်ကြရမည်။
၂-ရေသုံးစွဲသူတိုင်းက ရေသည် အကန့်အသတ်ရှိသော အရင်းအမြစ် ဖြစ်သည်ဆိုသည့်အချက်ကို စွဲမြဲစွာ နှလုံးသွင်းကျင့်သုံး၍ ရေကို တန်ဖိုးထားချွေတာတတ်ရန် လုပ်ဆောင်၇မည်။ အုပ်ချုပ်ရေးပိုင်းက ရေအလေအလွင့်အနည်းဆုံးဖြစ်အောင် စီမံရမည်။ ရေဝန်ဆောင်ခကို သင့်လျော်သလို တိုးမြှင့်ကောက်ခံခြင်း၊ အခွန်အခမပေးဘဲ ရေအသုံးပြုနေသူများထံမှ အခွန်အခတောင်းခံခြင်း တို့ဖြင့် ရေဘက်ဆိုင်ရာဘတ်ဂျက်ကို လုံလောက်အောင်စီမံကာ ရေ ပေးရေးအခြေခံအဆောက်အအုံများကို စဉ်ဆက်မပြတ် မွမ်းမံနေရ မည်။
၃-ရေအသုံးအများဆုံးကဏ္ဍဖြစ်သော စိုက်ပျိုးရေးနယ်ပယ်၌ အစက်ချစိုက်ပျိုးနည်းပညာကဲ့သို့ ရေနည်းနည်း သုံးသော်လည်း သီးနှံအထွက်ကောင်းသည့် နည်းပညာများ ကျယ်ပြန့်စွာ အသုံးပြုလာအောင် အားထုတ်ကြ၇မည်။
အားလုံးက ဘက်စုံအားထုတ်ကြလျှင် ရေတစ်ခါချိုး စက္ကန့် ၉၀ ထက်ပိုမကြာခဲ့ရသော၊ အိမ်သာ နှစ်ကြိမ် သုံးကြိမ်တက်ပြီးမှ ရေတစ်ခါဆွဲခဲ့ရသောကိပ်တောင်းသားများ၊ ရေလုရင်း အသက်ဆုံးသည်အထိ ဖြစ်ခဲ့သော ချင်းနိုင်သားများ၏အဖြစ်မျိုးကို ရှောင်ကွင်းနိုင်ကြမည်။
(ရေကြည်တစ်ပေါက်စာအုပ်ပါ အခြားအခန်းများကို အောက်တွင်ဖော်ပြထားသည့် ဆိုင်ရာအခန်းအမည်ကို နှိပ်၍ လေ့လာနိုင်ပါသည်။)
အခန်း ၁။ ရေမရှိအသက်မရှိ
အခန်း ၂။ ကမ္ဘာ့ရေအစ ကြယ်တံခွန်က
အခန်း ၃။ ပျက်ယွင်းရေသံသရာ
အခန်း ၄။ အမြင်၌ ပေါများသည်ထင်ရသော်လည်း
အခန်း ၅။ လျော့နည်းရေကောင်း အကြောင်းနှင့်အကျိုး
အခန်း ၆။ မမြင်ကွယ်ရာမှရေများသည်ပင်
အခန်း ၇။ အားပျော့တုံ့ဆိုင်း မြစ်ရေစီးသံ
အခန်း ၈။ အရည်ပျော်တောင်ထိပ်များ
အခန်း ၉။ ပင်လယ်ရေတကယ်ခန်း
အခန်း ၁၀။ နယ်ချဲ့ညစ်ညမ်းရေ
အခန်း ၁၁။ ပေါများပါလျက် အသောက်ခက်
အခန်း ၁၂။ သောက်သုံးရေအရင်းအမြစ်တစ်ခုဖြစ်လာသောရေဆိုး
အခန်း ၁၃။ ရေငတ်လွန်းသူအတွက်ကုထုံး
အခန်း ၁၄။ အသွင်သစ်ရေဘက်ဆိုင်ရာစီမံခန့်ခွဲမှု
အခန်း ၁၅။ ရာသီဥတုပြောင်းလဲခြင်းနှင့်ရေ
အခန်း ၁၆။ ခြေရာပျောက်ရေ
အခန်း ၁၇။ ရေဖိုးရေခ
အခန်း ၁၈။ ကြည်ကြည်လင်လင်တသွင်သွင်စီးခွင့်ပေးပါ
အခန်း ၁၉။ အုံ့ဆိုင်းသစ်တောစီးသောရေကြည်