ရေဖိုးရေခ

အသက်ရှင်သန်ရေးတွင် ရေသည် မရှိမဖြစ်အရည်ဖြစ်နေ၍ ကုလသမဂ္ဂ ထုတ်ပြန်ချက်အချို့နှင့် နိုင်ငံအချို့၏ ဖွဲ့စည်းပုံအခြေခံဥပဒေတို့တွင် လူ့အခွင့်အရေးနှင့် ရေရရှိရေးကို ဆက်စပ်ထားသော်လည်း ရေကို အခမဲ့ ပေးဝေရမည်ဟု ဖော်ပြမထားချေ။

သို့သော် ရေကိုအခမဲ့ သို့မဟုတ်အခမဲ့နီးနီးဈေးဖြင့် ဘိုးစဉ်ဘောင်ဆက် ရခဲ့ကြသည့်အတိုင်း နောင်တွင်လည်း ဆက်ရနေမည့်အရာဟု အတော်များများက မှတ်ထင်စွဲလမ်းနေကြသည်။ အချို့ကမူ ထိုသို့ထင်မှတ်နေရုံတင်မက ငွေကုန်ကြေးကျ နည်းနည်းဖြင့်ရသော ရေကို တန်ဖိုးမထားကြဘဲ အလေအလွင့်များများဖြင့် သုံးတတ်ကြသည်။

တဖန် မိမိတို့တန်ဖိုးမထားသောရေကို အခမဲ့ရနေရာမှ ငွေပေးမှရမည်ဆိုသောအခါ သို့မဟုတ် အလွန်နည်းပါးသော နှုန်းထားဖြင့် ရယူနေကြသူတို့သည် ရေဖိုးတိုးမြှင့်ပေးဆောင်ရမည် ဆိုသောအခါ မကျေမနပ်ဖြစ်ကြသည်။

ရေဖိုးမပါ

ထိုသို့မကျေမနပ်ဖြစ်ကြသော်လည်း ပေးဆောင်နေရသည့် ရေဖိုးထဲတွင် ရေ၏ တကယ့်တန်ဖိုး မပါရှိသေးဘဲ ယင်းရေကိုပေးဝေသောဝန်ဆောင်မှုအတွက် ကုန်ကျသည့် ဝန်ဆောင်ခသာလျှင်ဖြစ်သည်ဆိုသောအချက်ကို သတိမမူမိကြချေ။

ရေဖိုးထဲတွင်ရေပေးဝေမှုဝန်ဆောင်စရိတ်သာပါပြီး ရေ၏တကယ့်တန်ဖိုး မပါရှိခြင်းကို လက်ရှိပေးချေနေရသော ရေဖိုးနှင့် ဓာတ်ဆီဖိုးတို့ကို နှိုင်းယှဉ်ခြင်းဖြင့် နားလည်နိုင်သည်။ ရန်ကုန်တွင် ရေတစ်ဂါလန်လျှင် ပြား ၄၀ မျှကျသင့်ပြီး ဓာတ်ဆီတစ်ဂါလန်လျှင် ၃၆၀၀ ကျပ်ဝန်းကျင်ပေးရရာ ရေဖိုးနှင့်ဓာတ်ဆီဖိုးတို့သည် အဆပေါင်း ၉၀၀၀ မျှ ကွာဟနေသည်။ ဓာတ်ဆီ၏ကုန်ကြမ်းဖြစ်သည့်ရေနံစိမ်းကို တူးဖော် သန့်စင် ဖြန့်ဝေစရိတ်သည် ရေကို ရယူသန့်စင်ဖြန့်ဝေစရိတ်ထက် ကြီးမည်ဖြစ်သော်လည်း အဆပေါင်း ၉၀၀၀ တော့ ပိုမိုမမြင့်မားတန်ရာ။ သတ္တဝါတို့၏ အသက်သွေးကြောဖြစ်သည့်ရေက အသက်ရှင်ရေးကိစ္စတွင် မရှိမဖြစ် မဟုတ်သည့် ဓာတ်ဆီ၊ ဒီဇယ်ဆီတို့ထက် မည်သည့်အတွက် ဈေးအလွန်အကျွံနိမ့်နေသနည်း။

အကြောင်းရင်းမှာ ဓာတ်ဆီသည် ဈေးကွက်ဝင်ကုန်ပစ္စည်းဖြစ်ပြီး ရရှိနိုင်မှုနှင့် ဝယ်လိုအားတို့ကိုချိန်ဆ၍ ဈေးအတက်အကျရှိသည်။ ရေရရှိရေးကိုမူ လူတိုင်း၏ အခွင့်အရေးတစ်ရပ်အနေနှင့် သတ်မှတ်ထားသဖြင့် ဈေးကွက်မတင်နိုင်သောကြောင့် ဈေးခြင်းအဆမတန် ကွာဟနေရသည်။

ထို့ကြောင့် ရန်ကုန်စည်ပင်၏ရေတစ်ဂါလန်ပြား ၄၀ ဟုသတ်မှတ်ချက်အပါအဝင် နိုင်ငံအတော်များများတွင် ပေးဝေသောရေအတွက် အမှန်ကုန်ကျသည့်စရိတ်ကိုသာ ထည့်တွက်ပြီး အလွန်နည်းပါးသောဈေးနှင့် ဖြန့်ဝေကြသည်။ ယင်းဝန်ဆောင်ခတွင် ရေကို မြစ် ချောင်း မြေအောက်ရေကြော ကန်စသည်တို့မှ စုပ်ယူခြင်း၊ သန့်စင်ခြင်း၊ သိုလှောင်ခြင်း၊ ပိုက်လိုင်းများ တည်ဆောက်တပ်ဆင်ခြင်း၊ စက်များဖြင့် သုံးစွဲသူတို့ထံ ပို့ပေးခြင်း စသည်တို့ ပါဝင်သည်။ အချို့နိုင်ငံများတွင်မူ ဝန်ဆောင်ခကိုပင် အပြည့်မယူဘဲ အစိုးရက တချို့တဝက် စိုက်ထုတ်ကျခံကြသေးသည်။

ယခုအခါ ရေအတွက်ကုန်ကျစရိတ်အများစုကို အစိုးရဘတ်ဂျက်မှကျခံကာ ဈေးနည်းနည်းဖြင့် ပေးဝေနေကြသောနိုင်ငံများသည် ရေခကို တဖြည်းဖြည်း တိုးမြှင့်လာနေကြသည့်အပြင် အိုင်ယာလန်နှင့် တာ့ခ်မင်နစ္စတန်တို့သည် ရေကိုအခမဲ့ပေးဝေနေခဲ့ရာမှ ဝန်ဆောင်ခကောက်ခံလာကြသည်။

အကြောင်းရင်းမှာ ရေကောင်းရေသန့်ရှားပါးလာနေသဖြင့် ရေကို မလိုအပ်ဘဲ ပိုလျှံစွာ သုံးစွဲနေမှုမှ ကာကွယ်ရန် ဖြစ်သည်။ ရေကို တန်ဖိုးထားသူ များလာပြီး ရေကို ဓာတ်ဆီကဲ့သို့ ဈေးကွက်တင်ကာ စီးပွားဖြစ်ရောင်းချမှ ရေချွေတာမှု ထိရောက်အားကောင်းလာမည်ဟု ယူဆပြောဆိုသူများပင် ရှိလာသည်။

စိန်တန်ဖိုးနှင့်ရေတန်ဖိုး

စင်စစ် ရေ၏တန်ဖိုးကိုသိသူများရှေးခေတ်ကပင်ရှိခဲ့သည်။ ဂရိဒဿန ပညာရှင် ပလေတိုက ရေဟာ အရာအားလုံးတွေထဲမှာ အကောင်းဆုံးဖြစ်ပေမယ့် ဈေးကျတော့ အပေါဆုံးဖြစ်နေတယ်ဟု မှတ်ချက်ချခဲ့သည်။

၁၈ ရာစု စီးပွားရေးပညာရှင်အဒမ်စမစ်က နိုင်ငံတို့၏ဓနများစာအုပ်တွင် စိန်၏တန်ဖိုးနှင့်ရေ၏တန်ဖိုးတို့ကို နှိုင်းယှဉ်ရေးသားခဲ့သည်။

တန်ဖိုးဟုဆိုရာတွင် ဝတ္ထုပစ္စည်းတစ်ခု၏ လူတို့အတွက် အသုံးတည့်မှုအပေါ်တွင် အခြေခံသတ်မှတ်သော တန်ဖိုးနှင့် ယင်းဝတ္ထုပစ္စည်းဖြင့် အခြားဝတ္ထုပစ္စည်းတစ်ခုကို လဲလှယ်နိုင်၊ ဝယ်ယူနိုင်သောအင်အား အပေါ်တွင် အခြေခံသတ်မှတ်ထားသော တန်ဖိုးဟူ၍ ခွဲ၍လေ့လာနိုင်ကြောင်း အဒမ်စမစ်က တင်ပြခဲ့သည်။

ပထမအမျိုးအစားတန်ဖိုးကို အသုံးတည့်တန်ဖိုးဟုခေါ်ပြီး ဒုတိယအမျိုးအစားကို လဲလှယ်တန်ဖိုးဟု ခေါ်သည်။ အသုံးတည့်တန်ဖိုး မြင့်မားသော်လည်း အလဲအထပ် ပြုနိုင်၊ ရောင်းဝယ်နိုင်သည့်တန်ဖိုး အလွန်နည်းလှသည့် ပစ္စည်းမျိုးရှိသကဲ့သို့ အလဲအလှယ်ပြုရာတွင် တန်ဖိုးမြင့်မားသော်လည်း အသုံးမဝင်လှသည့် ပစ္စည်းမျိုးလည်း အများအပြားရှိသည်။

စိန်နှင့်ရေကိုကြည့်လျှင် စိန်သည် လူတို့၏စားဝတ်နေရေးအတွက် အသုံးမဝင်သော်လည်း ယင်းကိုရောင်းလျှင် သို့မဟုတ် အခြားပစ္စည်းနှင့် အလဲအလှယ်လုပ်လျှင် ရေထက် အဆပေါင်း မရေမတွက်နိုင်အောင် တန်ဖိုးမြင့်မားသည်။ ရေသည်လူတို့အသက်ရှင်ရေးအတွက် မရှိမဖြစ် အရေးပါသောကြောင့် အသုံးတည့်တန်ဖိုး သတ်မှတ်၍ မဖြစ်နိုင်အောင် မြင့်မားလှသော်လည်း အရောင်းအဝယ်အလဲအထပ်ပြုရာတွင်မူ အဖိုးမတန်တော့ချေ။

အထက်ပါအချက်သည် ယေဘုယျမှန်သော်လည်း စိန်ကို ရေလောက် ဂရုမပြုကြတော့သည့် ထူးခြားသော အခြေအနေအချို့လည်း ရှိနိုင်သည်။ ဥပမာ ကန္တာရခရီးတစ်ခု၌ ရေပြတ်၍ အသက်ဆုံး တော့မည့်သူများသည် စိန်တစ်လုံးနှင့် ရေတစ်ခွက်ကို တစ်ပြိုင်တည်းတွေ့လျှင် ရေတစ်ခွက်ကိုသာ သူ့ထက်ငါ ဦး၍ အရယူကြမည်သာ ဖြစ်သည်။ ယင်းအချိန်တွင် ကန္တာရခရီးသည်တို့အတွက် ရေ၏ အသုံးတည့် တန်ဖိုးရော၊ လဲလှယ်တန်ဖိုးပါ အမြင့်ဆုံးအမှတ်သို့ ရောက်ရှိသွား သည်။ ထို့အတူ ရန်ကုန်မြို့၏ အထပ်မြင့်တိုက်များ၌ နွေရာသီ မီးနှင့်ရေ ပြတ်သောအခါ ရေတစ်ပုံးနှင့်ဓာတ်ဆီတစ်ပုံး ပုံးနှစ်လုံးထဲမှ တစ်ပုံးကိုသာ ရွေးရမည်ဆိုလျှင် အဆ ၉၀၀၀ တန်ဖိုးကြီးသော ဓာတ်ဆီကိုမယူဘဲ ရေပုံးကိုသာ ယူကြမည်။

ကမ္ဘာပေါ်ရှိ စုစုပေါင်းရေထုထည်မပြောင်းလဲသော်လည်း ညစ်ညမ်းရေ အချိုးအဆက စဉ်ဆက်မပြတ် တိုးလာနေခြင်းကြောင့် ရေကောင်းရေသန့်ပမာဏ တဖြည်းဖြည်းလျော့နည်းလာနေသည်။ လဲလှယ်တန်ဖိုး မြင့်မားသည့် စိန်၊ ရွှေ၊ ကျောက်သံ ပတ္တမြားတို့ မရှိတော့လျှင် အခြားအဆင်တန်ဆာများနှင့် အစားထိုး အလှဆင်ကြလိမ့်မည်။ ရေနံကုန်ခန်းသွားလျှင် အစားထိုးစွမ်းအင်တစ်မျိုးမျိုးကို သုံးစွဲနိုင်ကြသည်။ ထိုသို့ စိန်၊ ရေနံစသည်တို့၏နေရာတွင် အစားထိုးဝင်ရောက်မည့် ပစ္စည်းများ ရှိသော်လည်း ရေကောင်းရေသန့်၏နေရာ တွင်မူ အစားထိုး ဝင်ရောက်နိုင်သည့် အရာမရှိချေ။

စိန်ကိုမယူရေကိုသာယူရသော ကန္တာရခရီးသွားတို့၏အဖြစ်မျိုး ကြုံရဖို့မရှိသေးသော်လည်း ရေကောင်းရေသန့် ရှားပါးလာသဖြင့် ရေ၏လဲလှယ်တန်ဖိုးသည် လူတို့သတိမပြုမိဘဲ မြင့်မားလာလျက်ရှိသည်။

နက်စ်ကော်ဖီစသည့် စားသောက်ကုန်များကိုထုတ်လုပ်သည့် နက်စ်လေကုမ္ပဏီ၏ ဥက္ကဋ္ဌက လက်ရှိ အခြေအနေအတိုင်းဆိုရင် ကမ္ဘာမှာရေနံမကုန်ခင် ရေအရင်ကုန်သွားလိမ့်မယ်ဟု ပြောဖူးသည်။ ရေကောင်း ရေသန့် တဖြည်းဖြည်း ကုန်ခန်းနေသည့်အဖြစ်ကို ရည်ညွှန်းသောစကားဖြစ်သည်။ ချဲ့ကားသည်ဟု ပြောနိုင်သော်လည်း ချဲ့ကားလွန်းလှသည်ဟုတော့ မဆိုနိုင်ချေ။

ယင်းအဖြစ်မျိုးကိုရှောင်ရှားနိုင်ရန် ရေ၏စစ်မှန်သော တန်ဖိုးကို တစ်နည်းနည်းဖြင့် ထည့်သွင်း တွက်ချက် ကောက်ခံရန် အချိန်ရောက်နေပြီဟု ပညာရှင်များက ယူဆနေကြသည်။

အလေအလွင့်

ပေါပေါရသောရေ၏တန်ဖိုးကိုမမြင်နိုင်ဘဲ ပေါပေါသုံးမိရာမှ နောင်တွင် ငွေအမြောက်အမြားကုန်ရသော ဖြစ်စဉ်တစ်ခု လွန်ခဲ့သော ခြောက်နှစ်ခန့်က အိန္ဒိယနိုင်ငံမြောက်ပိုင်းပြည်နယ်အချို့၌ ဖြစ်ပွားခဲ့သည်။ အိန္ဒိယအစိုးရက လယ်သမားများ စွမ်းအင်ကို ဈေးသက်သာစွာ သုံးနိုင်ရန်စီစဉ်ပေးခဲ့ရာ အဝီစိတွင်းသုံး ၁၅ ကောင်အား ရေမြှုပ်ရေစုပ်စက်တစ်လုံး တစ်ရက် ရှစ်နာရီ မောင်းသော်မှ မီတာခ တစ်လ မြန်မာငွေ တစ်သောင်းကျော်သာ ကျသည်။ ဤတွင် လယ်သမားများသည် လျှပ်စစ်ကိုရော မြေအောက်ရေကိုပါ တန်ဖိုးမထားကြတော့ဘဲ မလိုသည့်အချိန်တွင်ပါ စက်ဖွင့်ထားသောကြောင့် မြေအောက်ရေ လျင်မြန်စွာ ကျဆင်းသွားခဲ့သဖြင့် တွင်းပို၍နက်နက်တူးရကာ တွင်းတူးစရိတ်နှင့်ရေစုပ်စရိတ်ပိုကုန်သောအကျိုးဆက်ကို ခံခဲ့ကြရသည်။

ရေ၏တန်ဖိုးသိသောနိုင်ငံတို့ကမူ ရေချွေတာကြရန်လှုံ့ဆော်သကဲ့သို့ သုံးသမျှရေအတွက်လည်း ကျသင့်သောဝန်ဆောင်ခကို ယူကြ သည်။

နော်ဝေနိုင်ငံသည် ဓနအင်အားကြွယ်ဝပြီး လူမှုဖူလုံရေးစနစ်ကောင်းသည့်အတွက် နိုင်ငံသားများ၏ပညာရေး ကျန်းမာရေးစသည်တို့ကို နိုင်ငံတော်က တာဝန်ယူသည်။ ချမ်းသာရုံတင်မဟုတ်၊ ရေကိုလည်း အခမဲ့ ပေးနိုင်အောင် ရေအရင်းအမြစ် အလွန်ပေါများသည်။ သို့သော် ရေကိုအခမဲ့မဝေ၊ ဈေးနည်းနည်းဖြင့် မရောင်း။ သုံးသမျှရေအတွက်ဝန်ဆောင်ခကို နိုင်ငံသားတို့ထံမှ အပြည့်အဝ ပြန်လည်တောင်းခံသည်။ နော်ဝေ၏မြို့တော် အော်စလိုမြို့သားတစ်ဦးသည် တစ်ရက်လျှင် ရေဂါလန် ၅၀ ခန့်သုံးစွဲပြီး တစ်အိမ်ထောင်လျှင် ပျမ်းမျှရေဖိုး (ရေဆိုးစွန့်ပစ်ခြင်းအပါအဝင်) တစ်လလျှင်မြန်မာငွေတစ်သိန်းကျော်မျှ ပေးရသည်။

တဟုန်ထိုးများပြားလာသောလိုအပ်ချက်အတွက် ရေအရင်းအမြစ်အသစ်များကို ရှာဖွေရုံမျှမဟုတ်၊ ရှိပြီးအရင်းအမြစ်များကို ထိန်းသိမ်းရန်လည်း အရေးကြီးလာသဖြင့် ပညာပေးစည်းရုံးခြင်း၊ အရေးယူခြင်းများ အပြင် ထိုက်သင့်သောရေဖိုးကို တောင်းခံမှဖြစ်တော့မည်ဆိုသည်ကို နိုင်ငံအများ လက်ခံလာကြပြီဖြစ်သည်။

သို့သော် အချို့သောအုပ်ချုပ်သူတို့က ရေဝန်ဆောင်ခကို ယူနေကျနှုန်းထားမှ တက်ယူရန် တွန့်ဆုတ်ကြသည်။ နိုင်ငံရေးရှုထောင့်မှကြည့်လျှင် လူကြိုက်နည်းသည့်အပြင် ပြင်းထန်သောဆန့်ကျင်မှုများ ပေါ်လာတတ်သောကြောင့် ဖြစ်သည်။ ကောင်းမွန်ထိရောက်ကာ နိုင်ငံအတွက် အကျိုးပြုသည့် အုပ်ချူပ်မှုစနစ်ဆိုသည်မှာ ကန့်ကွက်ဆန့်ကျင်မှုအားလုံးကို ဦးထိပ်ထားရမည်ဟု အဓိပ္ပာယ် မသက်ရောက်ပေ။ နိုင်ငံအတွက် ရေရှည်အကျိုးရှိသော ကိစ္စများတွင် လောလောဆယ် အချို့က မကြည်ဖြူသော်မှ လုပ်သင့်သည်ကို ရဲရဲတင်းတင်းလုပ်ဆောင်လျှင် အချိန်တန်သောအခါ နိုင်ငံသားတို့ သဘောပေါက်လက်ခံလာကြသည်သာဖြစ်သည်။ ထိုအခါ နိုင်ငံလည်းအကျိုးရ မိမိ၏သမိုင်းလည်းလှ ကြသည်။

လူတို့သည် သာမန်အခြေအနေတွင်သာ သောက်သုံးရေကို အဖိုးအခပေး၍ ရယူရန် တွန့်ဆုတ်ကြသော်လည်း ထိုက်တန်သော ဝန်ဆောင်မှုမျိုးပါသည့် ရေကိုမူ အခြေခံလူတန်းစားများကပင် အကုန်အကျခံရန်ဝန်မလေးကြကြောင်း ကမ္ဘာတစ်ဝန်းလုံးတွင်ရေသန့်ဘူးများ အရောင်းတွင်နေခြင်းက ပြသလျက်ရှိသည်။

ရေသန့်ဘူးများပေါ်စက ရေဝယ်သောက်ရမည်ဆိုခြင်းကို တအံ့တသြဖြစ်၍ လက်တွန့်ခဲ့ကြသော်လည်း ယင်းရေသန့်ဘူးများသည် သယ်ယူရလွယ်ကူခြင်း၊ အနည်အမှုန်၊ ပိုးမွှားနှင့်ဓာတုပစ္စည်းများကင်းစင်ကာ ကျန်းမာရေးနှင့် ညီညွတ်သည်ဟု ယုံကြည်ကြခြင်းတို့ကြောင့် ကျေးလက်တောရွာများအထိပင် တွင်ကျယ်စွာရောက်ရှိနေသည်။

အလားတူပင် ရေလိုအပ်သည့်ရပ်ကွက်ကျေးရွာများ၌ အဝီစိတွင်းတူး၍ သင့်တင့်သောဈေးနှင့် ရေရောင်းစားသူများလည်း မျက်နှာပန်းပွင့်နေကြရာ လက်ရှိထက် ပိုမိုကောင်းမွန်သောဝန်ဆောင်မှုများ ရ မည်ဆိုလျှင် ရေအတွက်ပိုမိုကုန်ကျရမည်ကို ဝန်လေးကြမည် မဟုတ်ပေ။

လူတိုင်းရေလုံလောက်စွာရရှိသုံးစွဲနိုင်ရေးအတွက် အရင်းအမြစ်အသစ်များကိုသာ ရှာနေခြင်းအပြင် ပြောင်းလဲလာသော ရာသီဥတု၏ ထိုးနှက်ချက်ကြောင့် အရင်းအမြစ်အသစ်များဖော်ထုတ်ရန် ခက်လာနေသောအခြေအနေတွင် ရှိသမျှရေအရင်းအမြစ်များကို ပို၍ ထိရောက် အကျိးရှိသော နည်းလမ်းများဖြင့် သုံးစွဲရန်လည်း အားထုတ်ကြရတော့မည်။


(ရေကြည်တစ်ပေါက်စာအုပ်ပါ အခြားအခန်းများကို အောက်တွင်ဖော်ပြထားသည့် ဆိုင်ရာအခန်းအမည်ကို နှိပ်၍ လေ့လာနိုင်ပါသည်။)

အခန်း ၁။ ရေမရှိအသက်မရှိ

အခန်း ၂။ ကမ္ဘာ့ရေအစ ကြယ်တံခွန်က

အခန်း ၃။ ပျက်ယွင်းရေသံသရာ

အခန်း ၄။ အမြင်၌ ပေါများသည်ထင်ရသော်လည်း

အခန်း ၅။ လျော့နည်းရေကောင်း အကြောင်းနှင့်အကျိုး

အခန်း ၆။ မမြင်ကွယ်ရာမှရေများသည်ပင်

အခန်း ၇။ အားပျော့တုံ့ဆိုင်း မြစ်ရေစီးသံ

အခန်း ၈။ အရည်ပျော်တောင်ထိပ်များ

အခန်း ၉။ ပင်လယ်ရေတကယ်ခန်း

အခန်း ၁၀။ နယ်ချဲ့ညစ်ညမ်းရေ

အခန်း ၁၁။ ပေါများပါလျက် အသောက်ခက်

အခန်း ၁၂။ သောက်သုံးရေအရင်းအမြစ်တစ်ခုဖြစ်လာသောရေဆိုး

အခန်း ၁၃။ ရေငတ်လွန်းသူအတွက်ကုထုံး

အခန်း ၁၄။ အသွင်သစ်ရေဘက်ဆိုင်ရာစီမံခန့်ခွဲမှု

အခန်း ၁၅။ ရာသီဥတုပြောင်းလဲခြင်းနှင့်ရေ

အခန်း ၁၆။ ခြေရာပျောက်ရေ

အခန်း ၁၈။ ကြည်ကြည်လင်လင်တသွင်သွင်စီးခွင့်ပေးပါ

အခန်း ၁၉။ အုံ့ဆိုင်းသစ်တောစီးသောရေကြည်

အခန်း ၂၀။ ရေရှားကမ္ဘာအတွက်အသင့်ပြင်ကြပါစို့

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s