မြန်မာပြည်အလယ်ပိုင်းခြောက်သွေ့ဒေသကို ရခိုင်ရိုးမက ကွယ်ထားသဖြင့် မိုးနည်းသည်ဟု ပထဝီဝင်သင်ခန်းစာများ၌ သင်ခဲ့ရသည်။ အနောက်ဘက်တွင် ရခိုင်ရိုးမခံနေသဖြင့် ခြောက်သွေ့ဒေသသို့ ရေငွေ့ပါသည့်ပင်လယ်လေများ မရောက်နိုင်သောကြောင့် မိုးနည်းသည်ဟုဆိုလျှင်
တောင်ဘက်လမ်းကြောင်းကို စဉ်းစားကြည့်သင့်သည်။

ဧရာဝတီမြစ်ဝကျွန်းပေါ်မှစကာ ပဲခူးရိုးမနှင့် ရခိုင်ရိုးမကြားရှိ လမ်းကြောင်း၌ ခြောက်သွေ့ဒေသရောက်သည် အထိ မည်သည့်အတားအဆီးမျှမရှိ၊ ဟင်းလင်းပွင့်နေသည်။ ယင်းလမ်းကြောင်းတစ်လျှောက် သင့်တော်သော နေရာများတွင် သင့်တော်သောအပင်များဖြင့် သစ်တောများ စိုက်ပျိုးထူထောင်၍ ဘင်္ဂလားပင်လယ်အော်မှ ရေငွေ့ပါသည့်လေများကို စုပ်ယူဆွဲခေါ်လာကာ ခြောက်သွေ့ဒေသ အပေါ်ရွာချစေဖို့ မဖြစ်နိုင်ဘူးလား။
ကြီးကျယ်လွန်းသည်၊ စိတ်ကူးယဉ်ဆန်လှသည်ဟု ဆိုချင်ဆိုနိုင်သော်လည်း အောက်ပါအကြောင်းများကြောင့် အဆိုပါတွေးဆချက်သည် လက်တွေ့တွင်ဖြစ်နိုင်၊ သိပ္ပံနည်းလည်းကျသော မျှော်မှန်းချက်ဟု ပြောလိုသည်။
၁-လူတို့၏လုပ်ဆောင်ချက်ကြောင့် တစ်ကမ္ဘာလုံး၏ရာသီဥတုကိုပင် မရည်ရွယ်ဘဲ ပြောင်းလဲစေခဲ့ရာ စတု ရန်းမိုင် ၂၁၀၀၀ မျှသာကျယ်သည့် မြန်မာ့ခြောက်သွေ့ဒေသ မိုးလေဝသမှန်လာရန် အားထုတ်ခြင်းကို မဖြစ်နိုင်ဟု မဆိုသင့်ပါ။
၂-သစ်တောများ၏ရေငွေ့သယ်ပို့မှုကြောင့် ပင်လယ်မှ မိုင်ထောင်ချီဝေးသော နေရာများတွင် မိုးရွာကြောင်း သာဓကများရှိသည်။ မြန်မာ့ခြောက်သွေ့ဒေသသည် ပင်လယ်မှမိုင်ရာဂဏန်းသာဝေးသည်။
၃-တရုတ်နိုင်ငံတွင် သစ်တောစိုက်ပျိုး ထူထောင်ခြင်းကို စနစ်တကျ လုပ်ဆောင်လျက်ရှိရာ ၂၀၁၈ တစ်နှစ်တည်း၌ သစ်တောဧရိယာစတုရန်းမိုင် ၂၇၀၀၀ ခန့်ထူထောင်နိုင်ခဲ့သည်။ ယင်းပမာဏသည် မြန်မာ့ခြောက် သွေ့ဒေသထက် ၁ .၃ ဆမျှ ပိုမိုကျယ်ဝန်း၏။
၄-ဖြစ်နိုင်ခြေရှိ၍ အကောင်အထည်ဖော်မည်ဆိုလျှင် အပိုင်းအလိုက် နှစ်အလိုက်ခွဲ၍ လုပ်ဆောင်နိုင်သည်။ ငွေရေးကြေးရေးဝန်ပိမှုများစွာမရှိနိုင်။
၅-ပိုမိုပူပြင်းလာနေသည့်ရာသီဥတုဒဏ်ကို သစ်တောများက အထိုက်အလျောက် လျော့နည်းစေခြင်း ဟူသော ဘေးထွက်ကောင်းကျိုးကိုအဆစ်ရမည်။
နိုင်ငံ့လူဦးရေ၏လေးပုံတစ်ပုံနေထိုင်ရာ မြန်မာ့ခြောက်သွေ့ဒေသကို သဘာဝတရားက မျက်နှာသာမပေး၍ မိုးနည်းရေရှားနေရသည်ဟု ပစ်မထားဘဲ မိုးမှန်လာအောင်လုပ်နိုင်လျှင် ယင်းဒေသအတွက်သာမက တစ်နိုင်ငံလုံး၏ စီးပွားရေး လူမှုရေးစသည်တို့အတွက် အကျိုးများစွာ ဖြစ်ထွန်းမည်မှာ သေချာသောကြောင့် ဆောလျင်စွာ စတင်လုပ်ဆောင်သင့်ပါသည်။
ဆက်စပ်ဖတ်ရှုရန် သစ်တောနှင့်မိုးဆက်စပ်ပုံ