မိုးခေါင်၍ရေပြတ်လုဖြစ်ခဲ့သောမြို့ကြီးများ

၁၈၇၆ ခုနှစ်နှင့် ၁၈၇၈ ခုနှစ်များကြားတွင် တရုတ်နှင့်အိန္ဒိယနိုင်ငံတို့၌ ကြုံတွေ့ခဲ့ရသည့် မိုးခေါင်မှုကြောင့် ရေလျော့နည်း သီးနှံအထွက်ကျဆင်းကာ လူသန်းနှင့်ချီ၍ သေဆုံးခဲ့ရသည်။ တရုတ်နိုင်ငံပြည်နယ်ငါးခု၌ လူဦးရေ ၁၀၈ သန်း နေထိုင်သည့်အနက် ကိုးသန်းမှ ၁၃ သန်းကြားသေဆုံးခဲ့သည်။ အိန္ဒိယနိုင်ငံ တောင်ပိုင်းနှင့် အနောက်တောင်ပိုင်းတွင် မိုးခေါင်၍ အငတ်ဘေးကြုံခဲ့ကာ လူပေါင်းငါးသန်းခွဲမျှ သေဆုံးခဲ့သည်။

ခေတ်သစ်ရေအခက်အခဲ

၁၉ ရာစုနှစ်များနှင့် ၂၀ ရာစုအဦးပိုင်းအထိဖြစ်ပွားခဲ့သော မိုးခေါင်မှုများသည် ပစိဖိတ်သမုဒ္ဒရာတွင် ပေါ်ပေါက်သည့် အယ်လ်နီညိုဖြစ်စဉ်အပါအဝင် ဒေသတွင်းရာသီဥတုဖောက်ပြန်မှုအချို့ကြောင့် ဖြစ်သည်။ ယင်းကာလနောက်ပိုင်းတွင်မူ အဆိုပါအကြောင်းရင်းများအပြင် တစ်ကမ္ဘာလုံး ရာသီဥတု ပြောင်းလဲခြင်းကြောင့်လည်း အချို့နေရာများတွင် မိုးခေါင်လာသည်။

တစ်ချိန်က မိုးခေါင်ခြင်းကြောင့် ကျေးလက်များတွင် အများဆုံး ဒုက္ခရောက်ခဲ့ကြသော်လည်း ၂၁ ရာစုတွင် ယင်းဖြစ်စဉ်၏ အကျိုးဆက်ကို မြို့ပြနေသူများပါ ဆိုးရွားစွာခံစားလာကြရသည်။ အကြောင်းမှာ စီးပွားရေး အခွင့်အလမ်းများသော မြို့ကြီးများသို့ ကျေးလက်နေလူအများ ပြောင်းရွှေ့ နေထိုင် အခြေချလာကြသဖြင့် မြို့နေလူဦးရေက ကျေးလက်နေ ဦးရေထက် ပိုလွန်သွားသောကြောင့် ဖြစ်သည်။ လူများ လာသော်လည်း မြို့ကြီး အများအပြားသည် ရေဘက်ဆိုင်ရာ အခြေခံ အဆောက်အအုံများကို အလျဉ်မီအောင် မတည်ဆောက် မပံ့ပိုးပေးနိုင်သဖြင့် ကြီးမားသော ရေအခက်အခဲများနှင့် ရင်ဆိုင်နေကြရသည်။

လက်ရှိရေအခက်အခဲတွေ့နေသော၊ အနာဂတ်၌ ပိုဆိုးလာရန်ရှိသော ကမ္ဘာ့မြို့ကြီးများကို သုတေသီတို့က လေ့လာ စစ်တမ်းထုတ်ကြရာ စစ်တမ်းထုတ်သူများ၏ စံနှုန်းသတ်မှတ်ချက်ကိုလိုက်၍ ကွဲပြားမှုအချို့ ရှိသော်လည်း အိန္ဒိယနိုင်ငံ ချင်းနိုင်မြို့၊ တောင်အာဖရိကနိုင်ငံ ကိပ်တောင်းမြို့၊ မက္ကဆီကိုနိုင်ငံ မက္ကဆီကိုစီးတီး၊ အီဂျစ်နိုင်ငံ ကိုင်ရိုမြို့၊ အင်ဒိုနီးရှားနိုင်ငံ ဂျကာတာမြို့၊ ဘရာဇီးနိုင်ငံ ဆော်ပေါင်လိုမြို့၊ တရုတ်နိုင်ငံ ပေကျင်းမြို့တို့သည် ရေအခက်အခဲအရှိဆုံးမြို့များအဖြစ် စစ်တမ်းတိုင်းလိုလို၌ ပါဝင်လျက်ရှိသည်။

အထက်ပါမြို့ကြီးများအနက် တောင်အာဖရိကနိုင်ငံ ကိပ်တောင်းမြို့နှင့် အိန္ဒိယနိုင်ငံ ချင်းနိုင်မြို့တို့သည် ရေပြတ်လုလု အခြေအနေကို အဦးဆုံးရင်ဆိုင်လိုက်ရသည့် မြို့များဖြစ်လာသည်။

ကိပ်တောင်းမြို့

ကိပ်တောင်း(Cape Town)သည် တောင်အာဖရိကနိုင်ငံ တောင်ဘက်အစွန် ပင်လယ်ကမ်းစပ်၌ တည်ရှိသောမြို့ ဖြစ်သည်။ လူဦးရေ လေးသန်း နေထိုင်သည်။ မိုးရေချိန်တစ်နှစ်လျှင် ပျမ်းမျှလက်မ ၂၀ ခန့်ရွာသွန်းသည်။ ရေကန်ကြီး ခြောက်ကန်မှ ရေများဖြင့် အဓိကပေးဝေသည်။ ကန်ခြောက်ကန်အပြည့်ဆိုလျှင် ကုဗမီတာ ၉၀၀၀၀၀ ခန့် (ဂါလန်သန်း ၂၄၀ ခန့်)သိုလှောင်နိုင်သည်။

ကိပ်တောင်း၏ကန်များသည် ၂၀၁၄ ခုနှစ်အထိ ရေပြည့်နေခဲ့သော်လည်း ၂၀၁၅ မှစကာ ၂၀၁၇ အထိ သုံးနှစ်ဆက်တိုက် မိုးခေါင်၍ ရေသိသာစွာ လျော့နည်းလာခဲ့သဖြင့် ၂၀၁၈ နှစ်ဆန်းကစ၍ ပေးဝေသော ရေပမာဏကို လျှော့ချသည်။ လမ်းဆုံလမ်းခွများတွင် အီလက်ထရွန်းနစ်ဘုတ်များဖြင့် ရေကန်ကြီးများထဲတွင် ရေဘယ်လောက်ကျန်သည်၊ မည်သည့်နေရာက ရေမည်မျှသုံးနေသည်စသည်တို့ကို အသိပေး၍ ရေချွေတာလိုစိတ်ရှိလာအောင် လှုံ့ဆော်သည်။ လူတစ်ဦးတစ်ရက်ဂါလန် ၅၀ နှုန်းအထိ လျှော့ချ ပေးဝေသည်။ ရေတစ်ခါချိုး နှစ်မိနစ်ထက်မပိုစေရန်၊ အိမ်သာသုံးပြီးတိုင်း ရေမဆွဲဘဲ နှစ်ခါသုံးခါ ပေါင်းပြီးမှ ဆွဲရန်၊ ကားရေဆေးခြင်း၊ ရေကူးကန် ရေဖြည့်ခြင်းတို့ လုံးဝမလုပ်ရန် တိုက်တွန်းသည်။

ကိပ်တောင်းရေအခက်အခဲ ရှုစားရန်

ရေဖိုးတိုးမြှင့်ကောက်ခံခြင်း၊ ရေဖိအားလျှော့ပေးခြင်းစသည်တို့ဖြင့်လည်း ရေအသုံးနည်းလာအောင် စီမံသည်။ ရေအသုံးများသောအိမ်များကိုဖော်ထုတ်၍ ဒဏ်ငွေအမြောက်အမြားပေးဆောင်စေသည်။

မိုးဆက်ခေါင်နေသေးသဖြင့် လူတစ်ဦး တစ်ရက် ၂၃ ဂါလန်နှုန်းအထိ ထပ်မံ လျှော့ချပေးဝေသည်။ ၂၃ ဂါလန်သည် လူတစ်ဦး စက္ကန့် ၉၀ ရေချိုး၊ သောက်ရေဂါလန်ဝက်၊ လက်ဆေးခွက်တွင် တစ်ကြိမ် ဆေးကြောလျှော်ဖွတ်၊ ဟင်းတစ်ကြိမ်ချက်၊ လက်နှစ်ခါဆေး၊ သွားနှစ်ခါတိုက်၊ အိမ်သာအိုးတစ်ကြိမ်ရေဆွဲ တို့အတွက်သာ လုံလောက်သည်။

ရေတစ်ခါချိုး နှစ်မိနစ်ထက်မပိုစေရန်၊ အိမ်သာသုံးပြီးတိုင်း ရေမဆွဲဘဲ နှစ်ခါသုံးခါ ပေါင်းပြီးမှ ဆွဲရန်၊ ကားရေဆေးခြင်း၊ ရေကူးကန် ရေဖြည့်ခြင်းတို့ လုံးဝမလုပ်ရန်

ရေများများသုံး၍ ချက်ပြုတ်မည့်အစား ရေနည်းနည်းသာလိုသည့် အကင် အကြော်တို့ကို ဦးစားပေးရန်၊ ဆေးကြောဖို့လိုသည့် ပန်းကန်များအစား တစ်ခါသုံး စက္ကူပန်းကန်နှင့် ခွက်တို့ကိုသာ သုံးရန်၊ ရေချိုးဇလုံထဲကရေကို တစ်နည်းနည်းဖြင့် ပြန်သုံးရန် လှုံ့ဆော်ရပြန်သည်။ ကိပ်တောင်းသည် တောင်ခြေတွင်ရှိ၍ အချို့နေရာများ၌ စမ်းရေထွက်များရှိရာ ရေပုံးဆွဲ၍ တန်းစီရယူကြသည်။

မိုးမရွာနိုင်၍ လူတစ်ဦးတစ်ရက် ၁၃ ဂါလန်နှုန်းအထိ လျှော့ချရပြန်သည်။ ရေပြတ်မည့်နေ့အတွက် ပြင်ဆင်ထားကြရန် မြို့နေလူထုအားအသိပေးသည်။ ရေပြတ်မည့်နေ့ဆိုသည်မှာ ဆေးရုံစသည့် မပေးမဖြစ် နေရာများမှလွဲ၍ ကျန်အဆောက်အအုံအားလုံးသို့ ရေမပေးနိုင်သောနေ့ကို ခေါ်သည်။ ယင်းနေ့ကို ကြုံရလျှင် မြို့သူမြို့သားတို့သည် လမ်းဘေးရေပေးစခန်း ၂၀၀ ခန့်သို့ သွားတန်းစီမှ လူတစ်ဦဦးတစ်ရက် ခြောက်ဂါလန်ခွဲနှုန်း ရမည်။

ကံအားလျော်စွာ ရေပြတ်မည့်နေ့မရောက်မီ မိုးရွာချလိုက်၍ ကိပ်တောင်းသူ ကိပ်တောင်းသားများ သက်ပြင်းချနိုင်သွားသည်။ သို့သော် ရာသီဥတုပြောင်းနေသော ကမ္ဘာတွင် ဒါမျိုးထပ်မဖြစ်ဟု မပြောနိုင်၍ အုပ်ချုပ်သူတို့သည် ပင်လယ်ရေငန်မှ ရေချိုချက်စက်ရုံများ ထပ်ဆောက်ခြင်း၊ အဝီစိတွင်းများတူးခြင်းစသည့် ရေအရင်းအမြစ်အသစ်များကို ရှာဖွေရယူနေကြသည်။

ချင်းနိုင်မြို့

ချင်းနိုင်မြို့Chennai (ယခင်အမည် မဒရပ်စ်)သည် အိန္ဒိယနိုင်ငံ အရှေ့ဘက်ကမ်းရိုးတန်းတွင် တည်ရှိသည်။ လူဦးရေရှစ်သန်းကျော်နေထိုင်ပြီး တစ်နှစ်ပျမ်းမျှမိုးရေချိန် ၅၅ လက်မခန့်ရွာသည်။ ချင်းနိုင်မြို့ကို ရေကန်ကြီးလေးကန်ရှိရေတို့ဖြင့် အဓိကပေးဝေသည်။ အဝီစိတွင်းများ၊ ရေချိုချက်စက်ရုံနှစ်ရုံလည်းရှိသည်။

၂၀၁၆ ခုနှစ်မှစ၍ သုံးနှစ်ဆက်တိုက်မိုးခေါင်သဖြင့် ၂၀၁၉ ခုနှစ်တွင် ရေကန်ကြီးများ ခန်းသလောက် ဖြစ်သွားသည်။ ကျောင်း၊ ဟိုတယ်၊ စားသောက်ဆိုင်များကို ယာယီပိတ်လိုက်ရပြီး ရုံးဌာနကုမ္ပဏီ ဝန်ထမ်းများကို ဖြစ်နိုင်သမျှ အိမ်မှ အလုပ်လုပ်ခိုင်းရသည်။

ရေသယ်ကားများစီစဉ်ပေးသော်လည်း မလောက်သဖြင့် တစ်စီးလျှင်ရေဂါလန် ၂၅၀၀၀၀ ဆန့်သော ရေသယ်ရထားနှစ်စီးဖြင့် နေ့စဉ်ရေသယ်ပေးရသည်။ အခြားမြို့က ရောက်လာသော ရေကားအချို့ကို မြို့လယ်မရောက်မီ ဆင်ခြေဖုံးရပ်ကွက်နေသူများက တားဆီးပြီး ရေအကုန်ယူကြသည်။ ရေအလုအယက်ခပ်ရင်းခိုက်ရန်ဖြစ်ပွားကြသည်။ လူသေဆုံးမှုများပင် ရှိသည်။

ချင်းနိုင်ရေအခက်အခဲ ရှုစားရန်

မိုးပြန်ရွာမှ ရေပြဿနာငြိမ်သွားသည်။ သို့သော် ထပ်မဖြစ်ဟုမပြောနိုင်သဖြင့် ရေရှည်စီမံချက်များချကြသည်။ အဝီစိတွင်းများ ထပ်တူးသည်။ တစ်ချိန်က ဆောက်လုပ်ပြီးပစ်ထားခဲ့သော မိုးရေခံစနစ်များ၏တန်ဖိုးကို သိလာကြကာ ပြန်လည်ပြင်ဆင်အသုံးပြုသည်။ မိုးရေခံစနစ်အသစ်များတည်ဆောက်သည်။

တစ်ရက်လျှင်ရေချိုဂါလန်သန်း ၅၀ ထုတ်ပေးနေသည့် ရှိပြီးစက်ရုံနှစ်ရုံအပြင် ဂါလန်သန်း ၄၀ ထုတ်ပေးမည့် ရေချိုချက်စက်ရုံတစ်ရုံတိုးဆောက်သည်။ ထို့ပြင် ရေဆိုးကိုသန့်စင်၍ ပြန်လည်အသုံးချသည့် စက်ရုံနှစ်ရုံကို တည်ဆောက်နေရာ တစ်ရက်လျှင် ရေဆိုးဂါလန် သန်း ၃၀ ကို သောက်ရေအဖြစ်ရောက်အောင် ပြန်လည်သန့်စင်ပေးလိမ့်မည်။

ကိပ်တောင်းနှင့်ချင်းနိုင်တို့၌ ရေပြဿနာတက်ပုံ၊ ဖြေရှင်းပုံတို့ကို လေ့လာလျှင် နှစ်မြို့လုံးတွင် ကန်ရေကိုသာ အဓိကမှီခိုပေးဝေသည်။ နှစ်မြို့လုံးတွင် လူဦးရေများ ရေအသုံးများလာသော်လည်း ရေများများရလာအောင် ကြိုတင်စီမံမှု အလွန်အားနည်းသည်။

သုံးနှစ်ဆက်တိုက်မိုးနည်း၍ ပြဿနာဖြစ်သောအခါမှ နှစ်မြို့လုံး၌ ရေချိုချက်စက်ရုံများကို ထပ်တိုးချဲ့၊ အဝီစိတွင်းများ ထပ်တူးသည်။ ချင်းနိုင်တွင် မိုးရေခံစနစ်များကိုပြန်လည်အသက်သွင်းခြင်း၊ ရေဆိုးမှ ရေသန့်စက်ရုံ တည်ဆောက်ခြင်းသည် ထူးခြားသောလုပ်ဆောင်မှု ဖြစ်သည်။

ရေပြတ်ပုံခြင်းတူသော်လည်း ကိပ်တောင်းမြို့သား အများစုက စည်းကမ်းလိုက်နာကြပြီး အခက်အခဲကို ကျော်လွှားသည်။ ချင်းနိုင်တွင်မူ ဗရုတ်သုတ်ခနိုင်သည်။ ရေအတွက် လူသတ်သည်အထိ ဖြစ်ခဲ့သည်။

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s