
ကမ္ဘာပေါ်ရှိ ရေပမာဏသည် လူတို့သောက်သုံး၍ မကုန်နိုင် မခန်းနိုင်သည်ကတော့ မှန်သည်။ သို့သော် သောက်သုံးနိုင်သည့် ရေချိုရေသန့် ပမာဏသည် လူတို့၏ လုပ်ဆောင်ချက် အချို့ကြောင့် တဖြည်းဖြည်း လျော့နည်းလာနေပြီး ညစ်ညမ်းသော ရေပမာဏ တဖြည်းဖြည်းများပြားလာနေသည်ကို သဘောပေါက်ရန် လိုအပ်နေသည်။ ထို့ကြောင့် ရေသုံးစွဲရာတွင်တတ်နိုင်သမျှ ချွေတာရန် နှိုးဆော်နေကြသည်။
ရေခြေရာ
ယင်းနှိုးဆော်ချက်များထဲတွင် လူတို့၏ ရေခြေရာ Water Footprint ကိုတိုင်းတာခြင်းဖြင့် သုံးစွဲနေသောရေပမာဏ မည်မျှ များပြားသည်ကို တွက်ချက်အသိပေးခြင်းသည် တစ်ခုအပါအဝင်ဖြစ်သည်။ ရေခြေရာဆိုသည်မှာ လူတို့ စားသုံးသမျှ အစားအစာ၊ သုံးစွဲသမျှအသုံးအဆောင်၊ လုပ်ကိုင်သမျှလုပ်ငန်းစသည်တို့၌ သုံးစွဲသည့် ရေပမာဏကို ခေါ်သည်။
ဥပမာ ပန်းသီးတစ်ပေါင်ရရန် အပင်စိုက်ရာမှစကာ ပန်းသီးကို သန့်စင်ထုပ်ပိုးခြင်းအထိ ရေဂါလန် ၈၀ ကျော် ကုန်သဖြင့် ပန်းသီးတစ်ပေါင်၏ ရေခြေရာသည် ဂါလန် ၈၀ ဖြစ်သည်။ ထို့အတူ ရေဂါလန် ၃၀ ကုန်ပြီးမှ ငှက်ပျောသီးတစ်လုံး၊ ရေဂါလန် ၆၅၀ သုံးပြီးမှ ဆန်တစ်ပေါင်ဖြစ်လာသည်။ ထို့ကြောင့် ငှက်ပျောသီး တစ်လုံးနှင့် ဆန်တစ်ပေါင်တို့၏ ရေခြေရာများသည် ဂါလန် ၃၀ နှင့် ဂါလန် ၆၅၀ အသီးသီးဖြစ်ကြသည်။
တိရစ္ဆာန်ထွက်အစားအစာများအတွက် ကုန်သောရေပမာဏမှာ အသီးအနှံများအတွက် ကုန်သော ရေပမာဏထက် ပို၍ပင်များသေးသည်။ ကြက်သားတစ်ပေါင် ဖြစ်လာရန် ရေဂါလန် ၄၅၀ နှင့် ဟမ်ဘာဂါ တစ်လုံးတွင် ပါသည့် အမဲသားကိုရဖို့ ရေဂါလန် ၃၀၀ သုံးခဲ့ရသည်။ ယင်းရေပမာဏထဲ၌ ကြက်နှင့်နွားတို့ကို ကျွေးရသောအစာတွင်ပါသည့် ရေ၊ ယင်းတို့သောက်သောရေနှင့် ကြက်ခြံ၊ နွားခြံတို့ကို ဆေးကြော သန့်စင်ရသောရေတို့ကိုပါ ထည့်တွက်ထားသည်။
ယင်းပမာဏကိုများလှပြီထင်နေလျှင် သကြားထုတ်ရန် ရေမည်မျှသုံးရသနည်း ဆိုသည်ကို ကြည့်လိုက်ပါဦး။ သကြား ၁ ပေါင်ရဖို့အရေး ရေဂါလန် ၄၀၀ မျှ ကုန်ရသည်။ ကော်ဖီမှုန့် ၁ ပေါင်ထုတ်လုပ်ရန်ရေဂါလန် ၂၅၀၀ မျှသုံးရသည်။ အဆိုပါ ကိန်းဂဏန်းများထဲ၌ ကြံပင်၊ ကော်ဖီပင်တို့၏စိုက်ခင်းသို့ပေးရသောရေ၊ သကြားနှင့်ကော်ဖီမှုန့်ဖြစ်လာရန် ထုတ်လုပ် သန့်စင် ထုပ်ပိုးရာတွင် ကုန်သည့်ရေများ ပါသည်။ ယင်းတို့ကို အခြေခံတွက်ချက်ပါက ကော်ဖီတစ်ခွက်ဖြစ်လာဖို့ ရေ ၃၇ ဂါလန်မျှ သုံးစွဲခဲ့ရကြောင်း သိရသည်။
လူတစ်ယောက် တစ်ရက်စားသောအစာများအတွက် ကုန်ကျသုံးစွဲခဲ့သည့် ပျမ်းမျှရေပမာဏသည် ဂါလန် ၁၀၀၀ နီးပါးမျှ ဖြစ်သည်။
အစားအသောက်ဘက်တွင်ကုန်သောရေထုထည်ကို သိပြီးနောက် အသုံးအဆောင်ဘက်လှည့်၍လေ့လာလျှင် အဝတ်အထည် ရက်လုပ်ရန် လိုအပ်သောချည်ကို ဝါမှရသည်။ ဝါပင်သည် ရေနိုင်နိုင်ပေးမှ ဖြစ်ထွန်းရာ ရှပ်အင်္ကျီတစ်ထည်တွင်ပါသော ချည်များရဖို့ ဝါခင်းသို့ ရေဂါလန် ၆၀၀ ကျော်မျှ ပေးသွင်းရသည်။ ဂျင်းဘောင်းဘီတစ်ထည်ဖြစ်လာဖို့အရေး ရေဂါလန် ၂၉၀၀ မျှ ကုန်ခဲ့ရသည်။
တစ်ရက်ကော်ဖီတစ်ခွက်သောက်ကာ တစ်နှစ်ရှပ်အင်္ကျီ သုံးထည်၊ ဂျင်းဘောင်းဘီသုံးထည် ဝယ်ဝတ်သည့် လူတစ်ယောက် သောက်သုံးသည့် ရေနှင့်ကော်ဖီ၊ သောက်ရေအိုးရေခွက်နှင့် ကော်ဖီပန်းကန်ဆေးသောရေ၊ ရှပ်အင်္ကျီနှင့် ဂျင်းဘောင်းဘီတို့ကို တစ်နှစ်အတွင်း လျှော်ဖွပ်ရာတွင် ကုန်သောရေတို့ကို စဉ်းစားလျှင် ရေဂါလန်ပေါင်း သိန်းဂဏန်းနီးနီးဖြစ်သွားမည်။
ရေသန့်ဘူးခွံ
ရေချွေတာသည့်အကြောင်းပြောလျှင် ရေသန့်ဘူးခွံများအကြောင်းလည်း ချန်ထား၍မဖြစ်ပေ။ ရေသန့် ဘူးခွံများသည် မြို့ပြအပြင် တောရွာအထိပါ ကမ္ဘာနှင့်အဝန်းအတော်ဒုက္ခပေးနေသောပစ္စည်း ဖြစ်သည်။ အမှိုက်ပုံနှင့် မြောင်းထဲတွင်သာမက ပင်လယ်သမုဒ္ဒရာများထဲနှင့် ဧဝရက်တောင်ထိပ်အနီးတွင်လည်း ရေသန့်ဘူးခွံတွေ့ရရာ လူရောက်သောနေရာတိုင်းတွင် ရေသန့်ဘူးခွံရှိနေသည်။ သို့သော် ရေသန့်ဘူးခွံ ကိုယ်နှိုက်က အတော်ရေသောက်သောပစ္စည်းဆိုသည့်အချက်ကိုမူ သတိပြုမိသူ နည်းသေးသည်။
ရေသန့်ထုတ်လုပ်မှုဖြစ်စဉ်၌ ရေသန့်တစ်လီတာဖြစ်လာရန် ရေ ၁ . ၄ လီတာခန့် သုံးရသည်။ ရေသန့်ထုတ် စက်ကိရိယာများနှင့် ဘူးခွံဆေးခြင်းစသည်တို့အတွက် သုံးသောရေများ ဖြစ်သည်။ တစ်ဖန် ရေနံထွက် ပစ္စည်းများမှ တစ်ခါသုံးရေသန့်ဘူးခွံတစ်ခု ဖြစ်လာသည်အထိ ကုန်ထုတ်ဖြစ်စဉ်၌ ရေ ၅ . ၃ လီတာ(၁ .၄ ဂါလန်)သုံးရပြန်သည်။ တစ်နည်းပြောရလျှင် ဘူးလုပ်ရာတွင်သုံးသည့် ရေနံထွက်ပစ္စည်း ပလတ်စတစ်များသည် ရေ ၅ . ၃ လီတာသောက်ခဲ့ပြီးမှ တစ်လီတာဘူးခွံ ဖြစ်လာသည်။
ထို့ကြောင့် တစ်လီတာရေသန့်ဘူးတစ်ဘူးကိုသောက်လျှင် တစ်လီတာမက ရေ ၅ . ၃ လီတာ သောက်လိုက်ခြင်းပင် ဖြစ်ကာ ဘူးခွံကိုလွှင့်ပစ်လျှင် ရေ ၅ . ၃ လီတာကိုပါ သွန်ပစ်လိုက်သည်နှင့် တူသည်။
အထက်ပါကိန်းဂဏန်းများပေါ်မူတည်၍ စားဝတ်နေရေးကိစ္စအ၀၀၌ လူတစ်ဦး သုံးစွဲသောရေပမာဏ သို့မဟုတ် ရေခြေရာကို တွက်သောအခါ တစ်ကမ္ဘာလုံးရှိ လူတစ်ဦးချင်း၏ ပျမ်းမျှရေခြေရာသည် တစ်နှစ်လျှင် ဂါလန် ၃၀၀၀၀၀ ခန့် ဖြစ်ကြောင်း သိရသည်။ ဝင်ငွေကောင်းသော အမေရိကန်တွင် လူတစ်ဦးချင်း၏ ပျမ်းမျှရေခြေရာသည် တစ်နှစ် ဂါလန် ၆၆၀၀၀၀ ဖြစ်ကာ အိန္ဒိယသားတို့၏ ရေခြေရာသည် ဂါလန် ၂၄၀၀၀၀ ရှိသည်။ မြန်မာတစ်ဦး၏ ပျမ်းမျှရေခြေရာသည် တစ်နှစ်လျှင်ဂါလန် ၂၇၀၀၀၀ ဟု ခန့်မှန်းကြသည်။
စွန့်ပစ်အစာ
ထိုမျှရေကုန်ရခြင်းသည် အကျိုးရှိသည့်စားဝတ်နေရေးကိစ္စများအတွက်သာ မဟုတ်ဘဲ မထားတတ် မသိမ်းတတ်၍ ပုပ်သိုးကုန်သော သီးနှံသားငါးများ၊ စားမကုန်သောက်မကုန်ဘဲ လွှင့်ပစ်နေသော အစားအသောက်များအတွက်ပါ ကုန်နေရသည်ကတော့ လွန်စွာ နှမြောဖွယ်ရာဖြစ်သည်။
မတတ်နိုင်သူတို့က မလောက်မငစားနေကြရသော်လည်း အလယ်အလတ် ဝင်ငွေရှိသူအချို့၏ အိမ်များ၌ပင် ပိုလျှံ့သော ထမင်းဟင်းတို့ကို လွှင့်ပစ်နေရသည်ကို သတိထားမိလျှင်သိနိုင်သည်။ စားသောက်ဆိုင်များ၌ ဆိုလျှင် ပြောဖွယ်ရာမရှိပြီ။ မှာသောဟင်းပမာဏ၏ အနည်းဆုံးငါးရာခိုင်နှုန်းခန့်သည် မကုန်၍ သိမ်းလိုက်သော ပန်းကန်များထဲတွင်ပါသွားသည်။
ကမ္ဘာ့ကုလသမဂ္ဂပတ်ဝန်းကျင်အစီအစဉ်မှထုတ်ပြန်သော ကိန်းဂဏန်းများအရ သိုလှောင်ထိန်းသိမ်းမှု ညံ့ဖျင်း၍ ပျက်စီးဆုံးရှုံးနေသောသီးနှံသားငါးများ၊ မစားမသောက်ဘဲ စွန့်ပစ်နေကြသောအစားအစာများ၏ ပမာဏသည် ထုတ်လုပ်သော စားနပ်ရိက္ခာပမာဏ၏ သုံးပုံတစ်ပုံမျှ ရှိသည်ဟု ဆိုသည်။ တန်ချိန်နှင့်ပြောလျှင် ၆ ဘီလျံတန်၊ ငွေတန်ဖိုးနှင့် ပြောလျှင် အမေရိကန် ဒေါ်လာဘီလျံပေါင်း ၇၅၀ မျှ ဖြစ်သည်။ ယင်းတို့ထဲတွင် ပါသွားသော ရေပမာဏ သို့မဟုတ် ရေခြေရာမှာ ကုဗမိုင် ၆၀ မျှရှိသည်။
ယင်းကိန်းဂဏန်းများကိုထောက်၍ လူတို့၏ အစားအသောက်နှင့် လုပ်ငန်းဆောင်တာများအတွက် ကုန်ရသော ရေထုထည်မှာ ကြောက်ခမန်းလိလိများပြားကြောင်း သိသာနိုင်ပြီ။
ကိုယ်ပျောက်ရေ
လူတို့၏ရေအသုံးကြမ်းနေမှုကိုမီးမောင်းထိုးပြကာ ရေချွေတာလိုစိတ် ပေါ်ပေါက်လာအောင် လှုံ့ဆော်မှု အခြားတစ်ခုမှာ ကိုယ်ပျောက်ရေ Virtual Water ဟူသော ဝေါဟာရ ဖြစ်သည်။
ကိုယ်ပျောက်ရေသည် ရေခြေရာနှင့် အခြေခံသဘောချင်းတူသည့် အသွင်ကွဲဝေါဟာရ ဖြစ်သည်။ အသီးအနှံ၊ ပစ္စည်း၊ ဝန်ဆောင်မှုတို့ကို ထုတ်လုပ်ရာ ဆောင်ရွက်ရာတို့တွင် သုံးစွဲကုန်ခန်းသွားသည့် ရေပမာဏကိုပင် ဆိုလိုသည်။ ကိုယ်ပျောက်ဟု တစ်မျိုးပြောင်း၍ ဆိုရခြင်းမှာ စိုက်ပျိုးထုတ်လုပ်ရာ၊ ဝန်ဆောင်မှုပေးရာတို့တွင် အမှန်တကယ် ကုန်ကျ သုံးစွဲခဲ့ရသော်လည်း ထွက်လာသောသီးနှံနှင့် ကုန်ချောပစ္စည်း၊ ပြီးမြောက်သွားသည့် ဝန်ဆောင်တို့မှုတွင် ယင်းရေကို မမြင်နိုင်တော့သောကြောင့် ဖြစ်သည်။
ရေစည်ထဲမှ ရေခပ်ချိုးလျှင် ကုန်သည့်ပမာဏ၊ ကျန်သည့်ပမာဏကို မြင်နေရသော်လည်း သီးနှံ၊ ပစ္စည်း၊ ဝန်ဆောင်မှုတို့တွင် ရေကိုမမြင်နိုင်တော့သဖြင့် ယင်းတို့အတွက် ရေအသုံးချခဲ့ရသည်ကို သတိမမူမိခဲ့ကြချေ။ ကိုယ်ပျောက်ရေကို စဉ်းစားမိသောအခါတွင်မူ မိမိတို့၏ အစားအသောက်နှင့် လူနေမှုဘဝတို့အတွက် ရေအမြောက်အမြားသုံးနေကြရမှန်း အမြင်မှန်ရလာကြသည်။ ရေနှင့်ပတ်သက်သော အယူအမြင် ပြောင်းလဲလာအောင် ကိုယ်ပျောက်ရေဝေါဟာရကို တီထွင်သုံးစွဲသူမှာ လန်ဒန်အရှေ့တိုင်းနှင့် အာဖရိကလေ့လာရေးဌာနမှ တိုနီအလန် ဖြစ်သည်။
ရေကို ကဏ္ဍအမျိုးမျိုး၌ သုံးစွဲနေကြသည့်အနက် စိုက်ပျိုးရေးကဏ္ဍတွင်သုံးစွဲမှုမှာ အများဆုံးဖြစ်သည့်အတိုင်း ကိုယ်ပိုင်ရေသယံဇာတများ ကုန်ခန်းမသွားအောင် ချွေတာရကောင်းမှန်းသိကြသော ရေရှားနိုင်ငံအချို့သည် စိုက်ပျိုးရန် ရေများစွာ လိုသောသီးနှံတို့ကို နိုင်ငံတွင်း၌မစိုက်ကြတော့ဘဲ အခြားနိုင်ငံများမှ ဝယ်ယူ တင်သွင်း စားသုံးနေကြသည်။ အထူးသဖြင့် ချမ်းသာသော အရှေ့အလယ်ပိုင်းနိုင်ငံများသည် ထိုသို့ပြုလုပ်နေကြသည်။ တစ်နည်းဆိုရလျှင် အရှေ့အလယ်ပိုင်းနိုင်ငံများသည် အခြားနိုင်ငံများ၏ ရေအရင်းအမြစ်များကို လှမ်း၍ ရယူသုံးစွဲနေကြသည်။
ရေနံသူဌေးဖြစ်သော်လည်း ရေဆင်းရဲသည့်ဆော်ဒီအာရေဗျသည်မူ သူများထက် ထူးသည်။ ၂၀၀၀ ပြည့်နှစ်မှစ၍ ဆော်ဒီတို့သည် ပြည်တွင်း၌ သီးနှံဖူလုံအောင်စိုက်ရေး ရည်မှန်းချက်ကို စွန့်လွှတ်ကာ အီသီယိုပီးယား၊ ဆူဒန်၊ ဖိလစ်ပိုင်၊ ယူကရိန်း၊ ပိုလန်အပါအဝင် နိုင်ငံအချို့၌ မြေဝယ် သို့မဟုတ် ငှားကာ စပါးစိုက်ခင်း၊ ဂျုံခင်းစသည်တို့ကို အမေရိကန်ဒေါ်လာဘီလျံပေါင်းများစွာ အကုန်ခံစိုက်ပျိုးပြီး မိမိနိုင်ငံသို့ ပြန်လည်တင်သွင်းနေသည်။
ဆော်ဒီနည်းတူ တရုတ်သည်လည်း နိုင်ငံမြောက်ပိုင်းရှိ ရေအရင်းအမြစ်များ ခန်းခြောက်နေ၍လည်းကောင်း၊ အစဉ်တိုးပွားနေသော လူဦးရေနှင့် မြင့်မားလာနေသော လူနေမှုအဆင့်အတန်းကို ဖြည့်ဆည်းရန် လည်းကောင်း ပြည်တွင်းစိုက်ဧကနှင့်စိုက်ပျိုးရေမလုံလောက်သည့်အတွက် ပြည်ပမှသီးနှံများ တင်သွင်းရာ၌ စိုက်ပျိုးရန် ရေအမြောက်အမြားလိုသော သီးနှံများကို ဦးစားပေး တင်သွင်းသည်။ နိုင်ငံအချို့တွင် မြေငှားတန်ငှား ဝယ်တန်ဝယ်ဖြင့် စိုက်ပျိုးပြီး သီးနှံများကို မိမိနိုင်ငံသို့ ပြန်လည်သယ်ပို့နေသည်။
ပြည်ပနိုင်ငံများ၏ စိုက်ပျိုးရေးကဏ္ဍ၌ တရုတ်တို့၏ရင်းနှီးမြှုပ်နှံမှုမှာ ၂၀၁၀ နောက်ပိုင်းတွင် အနည်းဆုံး အမေရိကန်ဒေါ်လာ ၉၄ ဘီလျံကျော်မျှ တိုးမြင့်လာခဲ့သည်။ တရုတ်တို့သည် ၂၀၁၂ ခုနှစ်က ဖွံ့ဖြိုးဆဲနိုင်ငံများ၏ မြေဧရိယာဧက ၂၂ သန်းကျော်တွင် စိုက်ပျိုးရေးလုပ်ငန်းများလုပ်ကိုင်နေပြီး မကြာမီက သြစတေးလျ၊ အမေရိကန်နှင့် ဥရောပနိုင်ငံများသို့ပါ ချဲ့ထွင်လာနေသည်။
ကိုယ်ပျောက်ရေ ဗီဒီယိုသရုပ်ပြ ရှုစားရန်
တစ်ဦးချင်းအနေနှင့်ပြောလျှင် ပါကစ္စတန်မှထွက်သောဝါဖြင့် ရက်လုပ်သည့် ချည်ထည်ကိုဝတ်ကာ ထိုင်းမှ လာသော ဆန်ကိုစားပြီး ဘရာဇီးမှထွက်သည့် ကော်ဖီကို သောက်သော တရုတ်နိုင်ငံသားတစ်ယောက်သည် ပါကစ္စတန်၊ ထိုင်း၊ ဘရာဇီးတို့မှ ရေအရင်းအမြစ်များကိုလှမ်း၍ ကိုယ်ပျောက်ရေအဖြစ် သုံးစွဲနေခြင်းပင် ဖြစ်သည်။
ဆော်ဒီနှင့်တရုတ်အပါအဝင်နိုင်ငံအချို့ကို မြေရောင်း၊ မြေငှားခြင်းဖြင့် ဝင်ငွေရနေသောနိုင်ငံများသည် ငွေကိုသာမြင်၍ မိမိတို့၏ရေအရင်းအမြစ်များ ကိုယ်ပျောက်၍ ပါသွားကြောင်း မြင်နိုင်ကြ မြင်တတ်ကြမှ ငွေရသလောက် မိမိတို့၏ ရေအရင်းအမြစ်များကုန်ရကျိုး နပ်မနပ် မှန်ကန်စွာ ချင့်ချိန်နိုင်ကြမည်။
မိမိနိုင်ငံတွင် ခက်ခဲနေသောကြောင့် သူတစ်ပါးနိုင်ငံမှရေကို ရည်ရွယ်ချက်ရှိရှိဖြင့် လှမ်း၍သုံးစွဲနေသော ဆော်ဒီနှင့် တရုတ်တို့အပြင် ပုံမှန်ကုန်သွယ်ရေးဖြင့် ရောင်းဝယ်ကြသည့် သီးနှံနှင့် အစားအသောက်များ၊ အဝတ်အထည် အသုံးအဆောင်များတွင်ပါလာသောကိုယ်ပျောက်ရေထုထည်မှာ တစ်နှစ်လျှင် ကုဗမိုင် ၄၀၀ ခန့်ရှိနေသည်။ ယင်းပမာဏသည် တစ်ကမ္ဘာလုံးရှိမြစ်များထဲ၌ စီးနေသော ရေထုထည်၏ ငါးပုံလေးပုံနှင့် ညီမျှသည်။
(ရေကြည်တစ်ပေါက်စာအုပ်ပါ အခြားအခန်းများကို အောက်တွင်ဖော်ပြထားသည့် ဆိုင်ရာအခန်းအမည်ကို နှိပ်၍ လေ့လာနိုင်ပါသည်။)
အခန်း ၁။ ရေမရှိအသက်မရှိ
အခန်း ၂။ ကမ္ဘာ့ရေအစ ကြယ်တံခွန်က
အခန်း ၃။ ပျက်ယွင်းရေသံသရာ
အခန်း ၄။ အမြင်၌ ပေါများသည်ထင်ရသော်လည်း
အခန်း ၅။ လျော့နည်းရေကောင်း အကြောင်းနှင့်အကျိုး
အခန်း ၆။ မမြင်ကွယ်ရာမှရေများသည်ပင်
အခန်း ၇။ အားပျော့တုံ့ဆိုင်း မြစ်ရေစီးသံ
အခန်း ၈။ အရည်ပျော်တောင်ထိပ်များ
အခန်း ၉။ ပင်လယ်ရေတကယ်ခန်း
အခန်း ၁၀။ နယ်ချဲ့ညစ်ညမ်းရေ
အခန်း ၁၁။ ပေါများပါလျက် အသောက်ခက်
အခန်း ၁၂။ သောက်သုံးရေအရင်းအမြစ်တစ်ခုဖြစ်လာသောရေဆိုး
အခန်း ၁၃။ ရေငတ်လွန်းသူအတွက်ကုထုံး
အခန်း ၁၄။ အသွင်သစ်ရေဘက်ဆိုင်ရာစီမံခန့်ခွဲမှု
အခန်း ၁၅။ ရာသီဥတုပြောင်းလဲခြင်းနှင့်ရေ
အခန်း ၁၇။ ရေဖိုးရေခ
အခန်း ၁၈။ ကြည်ကြည်လင်လင်တသွင်သွင်စီးခွင့်ပေးပါ
အခန်း ၁၉။ အုံ့ဆိုင်းသစ်တောစီးသောရေကြည်
အခန်း ၂၀။ ရေရှားကမ္ဘာအတွက်အသင့်ပြင်ကြပါစို့
One thought on “ခြေရာပျောက်ရေ”