ရေထိန်းသိမ်းအသုံးချနိုင်မှုအပါအဝင် အကြောင်းအမျိုးမျိုးကြောင့် ခေတ်ဟောင်းက မိုင်ယာနှင့်ခမာတို့၏ တိုင်းနိုင်ငံများ ပျက်သုဉ်းသည်အထိ ဆိုးရွားခဲ့သည်။ ခေတ်သစ်တွင်မူ ကိပ်တောင်းနှင့်ချင်းနိုင်တို့ကဲ့သို့ ရေပြဿနာကြီးထွားမှုမျိုးရှိခဲ့၊ နောင်တွင်လည်း ရှိလာဦးမည် ဖြစ်သော်လည်း ခေတ်ဟောင်းကကဲ့သို့ လူနေ မြို့ကြီးများပျက်စီးသည်အထိ ကြုံတွေ့ဖို့ မဖြစ်နိုင်တော့ချေ။ အကြောင်းမှာ ရေအရင်းအမြစ်များကို ရှာဖွေ ထိန်းသိမ်းအသုံးပြုရာတွင် ရှေးခေတ်ကထက် နည်းပညာ သိသာစွာတိုးတက်လာသောကြောင့် ဖြစ်သည်။
ရေကိုတစ်နေရာမှ တစ်နေရာသို့စက်အားဖြင့် တွန်းပို့နိုင်လာသည်။ မြေအောက်ရေကို အနက်ပိုင်းအထိ တူးဖော်ရယူနိုင်လာသည်။ လျော့နည်းသွားသည့် မြေအောက်ရေနေရာတွင် မိုးရေမြစ်ရေများဖြင့် အစားဖြည့်ပေးနိုင်လာကြသည်။ ပင်လယ်ရေငန်မှရေချိုချက်တတ်လာသည်။ သာမန်ရေဆိုးများကိုသာမက မိလ္လာရည်များကိုပါ သောက်သုံးနိုင်သည်အထိ သန့်စင်တတ်လာသည်။
ခေတ်မီနည်းပညာများအပြင် ရှေးခေတ်ကတည်းက အသုံး ပြုလာခဲ့သည့် မိုးရေတစ်နိုင်တစ်ပိုင် ခံယူ အသုံးချခြင်းကိုလည်း ကျယ်ကျယ်ပြန့်ပြန့် ပြန်လည်လုပ်ဆောင်လာရကောင်းမှန်းသိလာကြသည်။
သို့သော် ယခုခေတ်တွင် လူဦးရေအဆမတန်များလာသည့်အပြင် တစ်ဦးချင်း ရေအသုံးလည်း များလာသည်။ မိုင်ယာနှင့် ခမာတို့ခေတ်က သောက်သုံးရန်နှင့် စိုက်ပျိုးရန်အတွက်သာ ရေလိုခဲ့ကြသော်လည်း ခေတ်လူတို့သည်မူ စက်မှုကဏ္ဍနှင့် စွမ်းအင်ထုတ်လုပ်ရာတွင်ပါ ရေကို မရှိမဖြစ်လိုအပ်လာသည်။
ကျောက်မီးသွေး၊ သဘာဝဓာတ်ငွေ့၊ အဏုမြူစွမ်းအင် စသည်တို့ဖြင့် လျှပ်စစ်ထုတ်ရာတွင် ယင်းတို့ဖြင့် တာဘိုင်စက်များကို တိုက်ရိုက် လည်ပတ်စေခြင်းမဟုတ်ချေ။ ကျောက်မီးသွေးစသည်တို့ဖြင့် ရေကိုအပူပေး အငွေ့ပျံစေကာ ရေငွေ့ဖြင့် တာဘိုင်စက်များကို လည်ပတ်စေသည်။ တာဘိုင်စက်လည်သည့်ရေအပြင် လောင်စာအမျိုးမျိုးကို တူးဖော် ထုတ်ယူရာတွင်နှင့် စက်ကိရိယာများအအေးခံစနစ်၌ သုံးသောရေများကိုပါ ထည့်တွက်ပါက လျှပ်စစ်ဓာတ်အား တစ်ကီလိုဝပ်နာရီရရှိရန် ရေ ၂၅ ဂါလန်ခန့် သုံးသည်။ တစ်ကီလိုဝပ်အားရှိသည့် အိမ်သုံးလျှပ်စစ်မီးဖိုတစ်လုံးကို တစ်နာရီကြာသုံးလျှင် လျှပ်စစ်ဓာတ်အားအပြင် ရေ ၂၅ ဂါလန်လည်းကုန်သွားသည့် အဓိပ္ပာယ်ပင် ဖြစ် သည်။
ရေအသုံးများလာသော်လည်း ကမ္ဘာပေါ်ရှိရေပမာဏသည် ခေတ်ဟောင်းနှင့် ခေတ်သစ် အတူတူပင်ဖြစ်သည်။ အတိုးအလျော့မရှိချေ။ ထို့ကြောင့် တစ်ဦးချင်းရနိုင်သည့် ရေပမာဏယုတ်လျော့လာသည်။ ထို့ပြင် ရေကောင်းရေသန့်နှင့် စွန့်ပစ်ရေဆိုးအချိုးသည် တဖြည်းဖြည်းနည်းလာသည်။
ခေတ်ဟောင်းက ကမ္ဘာ့မျက်နှာပြင်၏ ၇၀ ရာခိုင်နှုန်းကို ရေဖုံးသကဲ့သို့ယခုလည်း ထိုမျှဖုံးနေဆဲဖြစ်သည်။ အမြင်တွင် မပြောင်းလဲချေ။ သို့သော် အနှစ်သာရအားဖြင့် ပြောင်းလဲခဲ့ပြီ ဖြစ်သည်။ အမြင်တွင် ရေဖုံးကမ္ဘာ ဖြစ်နေသေးသော်လည်း လက်တွေ့တွင် ရေရှားကမ္ဘာအဖြစ်သို့ရောက်နေသည်။
မည်သို့မည်ပုံရင်ဆိုင်ကြမည်နည်း

ကိပ်တောင်းနှင့်ချင်းနိုင်တို့သည် ၂၁ ရာစုနှစ်တွင် ပထမဆုံး ရေပြတ်လုနီးနီးဖြစ်ခဲ့သော မြို့ကြီးနှစ်မြို့အဖြစ် မှတ်တမ်းဝင်လာခဲ့ပြီးနောက် ကျန်မြို့ရွာများ ယင်းမြို့များကဲ့သို့ မဖြစ်စေရန် လုပ်ဆောင်ရမည့် နည်းလမ်းများကို ပညာရှင်အများက အကြံပြုကြရာတွင် ကွဲပြားမှု အနည်းငယ်စီရှိကြသော်လည်း အောက်ပါ သုံးချက်တွင်မူ အားလုံးတူညီကြသည်။
၁-ရာသီဥတုပြောင်းလဲလာနေသောကမ္ဘာတွင် ရေအရင်းအမြစ် တစ်ခုနှစ်ခုတည်းအပေါ်၌သာ အားပြု ပေးဝေနေမည့်အစား မတူကွဲပြားသည့် ရေအရင်းအမြစ်များကို ရနိုင်သမျှများများ ရှာဖွေဖော်ထုတ် အသုံးပြုရမည်။ ကိပ်တောင်းနှင့်ချင်းနိုင်တို့တွင် ရေချိုချက်စက်ရုံများ ရှိသော်လည်း စက်ရုံငယ်များဖြစ်ပြီး ကန်ရေကိုသာအဓိက အသုံးပြုခဲ့ကြသဖြင့် ရေအခက်အခဲဖြစ်ခဲ့ရကြောင်း သူတို့ကထောက်ပြသည်။
အထူးသဖြင့် တစ်ကမ္ဘာလုံး အပူချိန်တရိပ်ရိပ် တက်လာနေခြင်းကြောင့် ရေလှောင်ကန်များမှ အငွေ့ပျံနှုန်း ပိုလာသည့်အပြင် နှစ်ရှည်မိုးခေါင်သည်နှင့် ကြုံသောအခါ ရေပြတ်တတ်ကြောင်း ကိပ်တောင်းနှင့် ချင်းနိုင်တို့က သင်ခန်းစာပေးခဲ့သည်ကို နားလည်ခံယူတတ်ကြရမည်။
၂-ရေသုံးစွဲသူတိုင်းက ရေသည် အကန့်အသတ်ရှိသောအရင်းအမြစ် ဖြစ်သည်ဆိုသည့်အချက်ကို စွဲမြဲစွာနှလုံးသွင်းကျင့်သုံး၍ ရေကို တန်ဖိုးထားချွေတာတတ်ရန် လုပ်ဆောင်၇မည်။
အုပ်ချုပ်ရေးပိုင်းက ရေအလေအလွင့်အနည်းဆုံးဖြစ်အောင် စီမံရမည်။ ရေဝန်ဆောင်ခကို သင့်လျော်သလို တိုးမြှင့်ကောက်ခံခြင်း၊ အခွန်အခမပေးဘဲ ရေအသုံးပြုနေသူများထံမှ အခွန်အခတောင်းခံခြင်းတို့ဖြင့် ရေဘက်ဆိုင်ရာ ဘတ်ဂျက်ကို လုံလောက်အောင်စီမံကာ ရေပေးရေးအခြေခံအဆောက်အအုံများကို စဉ်ဆက်မပြတ် မွမ်းမံနေရ မည်။
၃-ရေအသုံးအများဆုံးကဏ္ဍဖြစ်သော စိုက်ပျိုးရေးနယ်ပယ်၌ အစက်ချ စိုက်ပျိုးနည်းပညာကဲ့သို့ ရေနည်းနည်း သုံးသော်လည်း သီးနှံအထွက်ကောင်းသည့် နည်းပညာများ ကျယ်ပြန့်စွာ အသုံးပြုလာအောင် အားထုတ်ကြရမည်။