ကြည်ကြည်လင်လင်တသွင်သွင်စီးခွင့်ပေးပါ

ရောဂါဖြစ်ပြီးမှဆေးကုသည်ထက် မဖြစ်မီကြိုတင်ကာကွယ်နိုင်လျှင် အကောင်းဆုံး ဖြစ်သကဲ့သို့ ရေစီးဆင်းရာ ဇာစ်မြစ်ဖြစ်သည့် ရေဝေဒေသများကို တတ်နိုင်သမျှ ထိန်းသိမ်းခြင်းဖြင့် မြစ်ချောင်းများထဲ၌ ရေကောင်း ရေသန့်များ စီးဆင်းရန်၊ ရေကြီးရေလျှံမှုနည်းပါးသွားရန် လုပ်ဆောင်နိုင်ကြသည်။

ရေဝေဒေသ Watershed ဆိုသည်မှာ မိုးရေ၊ လူနေအိမ်ခြေ၊ စိုက်ခင်းနှင့် လုပ်ငန်းစသည်များမှ ထွက်လာသောရေတို့ မြစ်ချောင်းထဲသို့ ဝင်ရောက်ရာ၌ ယင်းရေများ စတင်စီးဆင်းလာသည့်နေရာမှ မြစ်ထဲရောက်သည်အထိ ဖြတ်သန်းလာရာ မြေပြင်ဒေသ အားလုံးကို ခြုံငုံခေါ်ဝေါ်သော ဝေါဟာရဖြစ်သည်။ ရေဝေဒေသကို ရေဝေရေလဲ၊ ရေဆင်းဧရိယာ၊ ရေဖမ်းဧရိယာ စသည်ဖြင့်လည်း သုံးနှုံး ခေါ်ဝေါ်ကြသည်။ ရေဝေဒေသ တစ်ခုကို အဆောက်အအုံများ၊ စိုက်ခင်းများ၊ စက်ရုံများ၊ သဘာဝရေကန်များ၊ မြစ်ချောင်းများစသဖြင့် ပါဝင်ဖွဲ့စည်းထားသည်။

ရေဝေဒေသသည် ဧရာမကန်တော့ကြီးနှင့်အလားတူသည်။ ကန်တော့နှုတ်ခမ်းမှ အစပြုကာ ကန်တော့၏ မျက်နှာပြင်တစ်လျှောက် စီးကျလာသောရေများသည် အောက်ခြေအဝမှ ထွက်သွားသကဲ့သို့ ရေဝေဒေသ၏ အမြင့်ဆုံးအပိုင်းများမှ အစပြုကာ ယင်းဒေသတစ်ခုလုံး၌့ စီးဆင်းလာသောရေများသည် မြစ်ချောင်းများတလျှောက် စီးဆင်းသွားကြသည်။

ရေဝေဒေသတစ်ခု၏အမြင့်ဆုံးအပိုင်းများကို ရေဝေကုန်းတန်းများဟု ခေါ်ကြသည်။ ရေဝေကုန်းတန်းပေါ်သို့ ကျသောမိုးရေများသည် ယင်းကုန်းတန်းနှင့် ဆက်စပ်နေသော ရေဝေဒေသများသို့ ဖြာ၍ စီးဆင်းသွားသည်။ ရေဝေကုန်းတန်းများသည် ရေဝေဒေသတစ်ခုနှင့်တစ်ခုကိုခြားထားသည့် နယ်နိမိတ်များဖြစ်သည်။

ရေဝေဒေသသရုပ်ပြဗီဒီယို ရှုစားရန်

သဲကန္တာရများမှလွဲ၍ မြေပြင်တစ်ခုတွင် တစ်ချိန်မဟုတ် တစ်ချိန် ရေအနည်းနှင့်အများ စီးဆင်းကာ မြစ်ချောင်းများအတွင်း ဝင်ရောက်ကြ၍ ကမ္ဘာပေါ်ရှိမြေပြင်တိုင်းလိုလိုသည် ရေဝေဒေသများပင် ဖြစ်ကြသည်။ ထို့ကြောင့် လူတိုင်းသည် ရေဝေဒေသတစ်ခုမဟုတ်တစ်ခုအတွင်း၌ နေထိုင်ကြသည်။

လမ်းဘေးမြောင်းမှအစပြု

ရပ်ကွက်တွင်းရေနုတ်မြောင်း၏ဘေးတလျှောက် အဆောက်အအုံများ၊ မြေကွက်လပ်များနှင့် လမ်းမျက်နှာပြင်သည် မြောင်း၏ ရေဝေဒေသဖြစ်သည်။ ရေနုတ်မြောင်းမှရေများ ချောင်းငယ်တွင်းသို့ စီးဝင်သောအခါ ယင်းမြောင်း၏ ရေဝေဒေသသည် ချောင်းငယ်ရေဝေဒေသ၏ အစိတ်အပိုင်းတစ်ခု ဖြစ်လာသည်။ ထိုနည်းတူ ချောင်းငယ်သည် မြစ်ငယ်တွင်းသို့ စီးဝင်သောအခါ ချောင်းငယ်၏ ရေဝေဒေသသည် မြစ်ငယ် ရေဝေဒေသ၏အစိတ်အပိုင်း ဖစ်လာသည်။ ဤနည်းဖြင့် ရေများ မြစ်ကြီးတွင်းသို့ ရောက်သည်အထိ အဆင့်ဆင့်စီးဆင်းကြသဖြင့် မြစ်ကြီး၏ရေဝေဒေသကြီးတွင် ယင်းဒေသရှိ ရေနုတ်မြောင်းများ၊ ချောင်းငယ်မြစ်ငယ်များ၏ ရေဝေဒေသများ စုပေါင်းပါဝင်ကြသည်။

အသေးငယ်ဆုံးရေဝေဒေသဖြစ်သော ရပ်ကွက်တွင်းလမ်း ဥပမာကိုစဉ်းစားပါက ရွာကျသောမိုးရေများအပြင် မြောင်းဘေးတလျှောက်အိမ်များမှ ထွက်လာသော ရေများ မြောင်းတွင်းသို့ စီးဝင်ကြသည်။ လမ်းပေါ်တွင် အညစ်အကြေးများ တင်နေသောအခါ ယင်းတို့သည်လည်း မိုးရေနှင့်အတူ မြောင်းထဲရောက်သည်။ အိမ်ထဲမှ မိလ္လာကန်ပေါက်နေသောအခါ၊ ရေဆိုးများကို စည်းကမ်းမဲ့စွန့်ပစ်သောအခါ လမ်းဘေးမြောင်းညစ်ညမ်းသည်။ ထို့အတူ ကားရပ်ကွင်းတစ်ခုမှ စီးလာသောရေများသည် ကားစက်ဆီနှင့် ကားမှထွက်သော အညစ် အကြေးများ ပါနေမည်။ စိုက်ခင်းတစ်ခုမှ စီးဆင်းလာသောရေတွင် ဓာတ်မြေသြဇာ၊ ပိုးသတ်ဆေး၊ မြေဆီလွှာစသည်တို့ ပါနေသည်။ အဆိုပါအညစ်အကြေးများ ဆက်လက်စီးဆင်းသွားပြီး အခြားရပ်ကွက်၏ ရေမြောင်းများနှင့် ပေါင်းဆုံမိကြလျက် မြစ်ထဲသို့ စီးဝင်သောအခါ ယင်းနေရာများတွင်ပါ ဆိုးကျိုးများကို ဆက်လက်သက်ရောက် ဖြစ်ပေါ်စေပြန်သည်။

အပြန်အားဖြင့် လမ်းများသန့်ရှင်းနေပြီး စွန့်ပစ်ရေအထွက်နည်းသောနေရာများ သို့မဟုတ် ရေဝေဒေသများ၏ ရေနုတ်မြောင်းများသည် ညစ်ညမ်းမှုနည်းသည်။ ချောင်းများ မြစ်များသည်လည်း အဆိုပါသဘောအတိုင်းပင် ရေဝေဒေသ အသုံးချခံရမှုကို လိုက်၍ ညစ်ညမ်းခြင်း၊ ကြည်လင်ခြင်းစသည်ဖြင့် ပြောင်းလဲလျက် ရှိသည်။

စီးဆင်းရေပမာဏအနည်းအများ

ရေဝေဒေသကို လူတို့အသုံးပြုပုံသည် ဆိုင်ရာမြစ်ရေချောင်း ရေ၏အရည်အသွေးကိုသာ မဟုတ်၊ ရေပမာဏကိုလည်း သက်ရောက်မှုရှိသည်။

မြို့ပြတို့တွင် ရေကိုယာယီမျှဖြစ်စေ တားဆီးထိန်းသိမ်းနိုင်သော သစ်ပင်နည်းပြီး ကွန်ကရစ်နှင့် ကတ္တရာ မျက်နှာပြင် များပြားသဖြင့် မိုးရွာကျသည်နှင့်မိုးရေများ ချောင်းမြောင်းများတွင်းသို့ လျင်မြန်စွာ ရောက်ရှိလာကာ ရေကြီးရေလျှံမှုများကို ဖြစ်ပေါ်စေသည်။ မြေအောက်သို့စိမ့်ဝင်မှုနည်းသည်။

တောတောင်ထူထပ်သောဒေသများတွင် မိုးရေကို ယာယီ တားဆီး စုပ်ယူ ထိန်းသိမ်းထားနိုင်သည့်သစ်ပင်များ၊ ချိုင့်ခွက်များ ပေါများသဖြင့် အလွယ်တကူနှင့် ရေမကြီးတတ်ချေ။ မြေအောက်ရေ အဝင်များသည်။

အသေးငယ်ဆုံးရေဝေဒေသသည် ရပ်ကွက်တစ်ခုအတွင်းရှိ လမ်းတိုလေးတစ်ခုနှင့် ယင်းနှင့်ဆက်စပ်နေသော မြေကွက်များဖြစ်လျှင် မြန်မာပြည်၏အကြီးဆုံး ရေဝေဒေသသည် ဧရာဝတီမြစ်၏ ရေဝေဒေသဖြစ်သည်။ မေခနှင့်မလိခမြစ်များမှ အစပြုကာ ချင်းတွင်း၊ မြစ်ငယ်စသည့် မြစ်ချောင်းပေါင်းများစွာ ဧရာဝတီမြစ်ထဲသို့ ပေါင်းဆုံစီးဝင်ကြသဖြင့် ဧရာဝတီရေဝေဒေသသည် မြန်မာနိုင်ငံမြောက်မှ တောင်သို့ မြစ်ဝကျွန်းပေါ်အထိ တောက်လျှောက်တန်းလျက် တည်ရှိသည်။ ဧရာဝတီမြစ်ရေဝေဧရိယာသည် မြန်မာနိုင်ငံကုန်းမြေဧရိယာ၏ ၅၀ ရာခိုင်နှုန်းကျော်ခန့် ရှိသည်။ ထို့ကြောင့် ဧရာဝတီကိုထိန်းသိမ်းခြင်းသည် မြန်မာတစ်ပြည်လုံး ရေအရင်းအမြစ်၏ ထက်ဝက်ကျော်ကို ထိန်းသိမ်းသည်နှင့် တူသည်။

လူတို့၏အသုံးချမခံရသေးသော၊ အသုံးချမှုနည်းသေးသော ရေဝေဒေသ မြစ်ချောင်းတို့မှ ရေသည် အထိုက်အလျောက် သန့်နေသေးကာ လူတို့အသုံးချမှု များသော ရေဝေဒေသမှရေသည် ညစ်ညမ်းမှု အတိုင်းအတာ ပိုလွန်နေသည်။ ယခုအခါ များပြားလာသော လူဦးရေနှင့်မြို့ပြတည်ဆောက်မှု၊ မြင့်မားလာသော လူနေမှုစနစ်၊ ထွန်းကားလာသော စက်မှုလုပ်ငန်းများက ဆိုင်ရာရေဝေဒေသများရှိ ရေပမာဏကိုရော အရည်အသွေးကိုပါ ကြီးမားစွာ ခြိမ်းခြောက်လျက်ရှိသည်။

သစ်ပင်ကြားခံ

ရေဝေဒေသကို ထိခိုက်ပျက်စီးစေသည့်အကြောင်းများမှာ သစ်ပင်အလွန်အကျွံ ခုတ်လှဲခြင်း၊ သဘာဝပေါက်ပင်များ ပျက်စီးခြင်း၊ ရေဝေဒေသကို လူတို့က လွန်ကဲစွာအသုံးချခြင်း၊ သတ္တုတူးဖော်ကာ မြေစာများ၊ အညစ်အကြေးများကို စည်းကမ်းမဲ့စွန့်ခြင်း၊ တောမီးလောင်ခြင်းနှင့် သဘာဝဘေးအန္တရာယ်များ ကျရောက်ခြင်းစသည်တို့ ဖြစ်သည်။

ရေဝေဒေသတစ်ခုကိုကောင်းစွာထိန်းသိမ်းလိုပါက အထက်ပါအချက်များအနက် လူကြောင့်ဖြစ်ပေါ်သော အကြောင်းရင်းများကို ရှောင်ရမည့်အပြင် လူနေမြို့ရွာများ၊ လုပ်ငန်းများ၊ စိုက်ခင်းများစသည်တို့နှင့် မြစ်ချောင်းများကြားတွင် သစ်ပင်သစ်တောကြားခံ ထားရှိရသည်။

သစ်ပင်များ၏အောက်ခြေ မြေပြင်ပေါ်တွင် ပြန့်ကျဲနေသော သစ်ရွက်များ၊ သစ်မြစ်များက မိုးရေများကို အလွယ်တကူ ပြန့်မသွားအောင်ထိန်း၍ ဖြည်းဖြည်းချင်း ပြန်ထုတ်ပေးသောကြောင့် ရေကြီးမှု အန္တရာယ်ကို လျော့ပါးစေသည်။ မြေအောက်ရေလွှာများကို ပြန်လည် ပြည့်တင်းစေသည်။ သစ်တောထူထပ်သော ဒေသများတွင် ရေလွှမ်းမိုးသည့်တိုင်အောင်မှ ဆိုးရွားစွာမဖြစ်နိုင်ချေ။ မြေပြိုမှုမဖြစ်အောင်လည်း အကာအကွယ် ပေးသည်။

သစ်ပင်များသည် ရေစစ်တစ်ခု၊ ရေမြုပ်တစ်ခုသဖွယ် ပြုမူကာ ရေတွင်ပါသော အညစ်အကြေးများကို မြေမှုန်များ၊ ပိုးကောင်ငယ်များ၊ အော်ဂဲနစ်ပစ္စည်းများ စသည်တို့က စစ်ယူခြင်း ဓာတ်ပြုခြင်းတို့ဖြင့် ဖယ်ရှားပေးသည်။ ထို့ကြောင့် သစ်တောများထဲမှမြေကြီးထဲသို့ စိမ့်ဝင်သွားသောရေ၊ သစ်တောကို ဖြတ်စီးလာသောရေများသည် အတော်အတန်သန့်စင်နေသည်။

ကြားခံသစ်ပင်သစ်တောမရှိဘဲ လူနေအိမ် ကားလမ်း စိုက်ခင်းစသည်တို့နှင့် ထိစပ်နေသော ရေထုသည်မူ ညစ်ညမ်းနိုင်သည်။ ရေလွှမ်းမိုးမှု ဖြစ်လွယ်သည်။

သစ်တောကြားခံများသည် ရေကိုကြည်လင်စေရုံမျှမကသေး၊ ရေကိုအေးမြစေခြင်းဟူသော အကျိုးကိုလည်း ဖြစ်ပေါ်စေသည်။ ရေအေးတွင် အောက်ဆီဂျင် ပို၍ပျော်ဝင်နေနိုင်သဖြင့် ရေနေသတ္တဝါများ ရှင်သန်နိုင်သည့် အခွင့်အလမ်း ပိုများသည်။ ရေညစ်ညမ်းမှုမှ ကာကွယ်သည်။

ထို့ကြောင့် မြစ်ချောင်းများနှင့်ထိစပ်နေသောမြေပြင်တွင် ပေါက်ရောက်နေသော သစ်ပင်သစ်တောများကို ခုတ်လှဲခြင်းမပြုဘဲ ကြားခံဧရိယာအဖြစ်ထားရှိရန် အရေးကြီးသည်။ သစ်ပင်ကြားခံမရှိ သေးလျှင်စိုက်ရမည်။ ယုတ်စွအဆုံး မြက်ပင်များ ချုံပုတ်များသည်ပင် ကြားခံရေစစ်များအဖြစ် အထိုက်အလျောက် ဆောင်ရွက်ပေးနိုင်သည်။ ကြားခံဧရိယာသည် ကမ်းစပ်မှအနည်းဆုံးပေ ၁၀၀ ခန့် ရှိဖို့လိုသည်ဟု ဆိုကြသည်။ ကြားခံဧရိယာ ကျယ်လေကောင်းလေ ဖြစ်သည်။

ရေဝေဒေသထိန်းသိမ်းခြင်းကြောင့် အဘက်ဘက်မှ အကျိုးရှိပုံကို အမေရိကန်နိုင်ငံ နယူးယောက်မြို့ကို အဓိကပေးဝေသော ရေဝေဒေသဖြစ်ရပ်အား လေ့လာခြင်းဖြင့် သိနိုင်ကြသည်။

၁၉၆၆ ခုနှစ်၏ ညတစ်ညတွင် အမေရိကန် တံငါသည်တစ်စုသည် နယူးယောက်မြို့ ဟပ်ဒ်ဆင်မြစ်ရေ ညစ်ညမ်းမှုနှင့်ပတ်သက်၍ ကန့်ကွက်ကြရန် ခန်းမတစ်ခု၌ စုဝေး ရောက်ရှိနေကြသည်။ ဟပ်ဒ်ဆင်မြစ်ထဲသို့ စက်ရုံထွက် ဓာတုအညစ်အကြေးများရော၊ လူ့မိလ္လာရည်များကိုပါ စွန့်ပစ်နေခဲ့ကြသည်မှာ ကြာညောင်းလှပြီ။ မြစ်ရေ မည်မျှ ညစ်ညမ်းနေသနည်းဆိုသော် အချို့နေရာများတွင် မိဘတို့သည် သူတို့၏ ကလေးများကို မြစ်ရေကို ခြေဖျားနှင့်ပင် မတို့မထိမိစေရန် သတိပေးနေကြသည်။

တံငါသည်များအဖို့ကတော့ ဆိုဖွယ်ရာမရှိပြီ။ ဤအတိုင်းသွားနေပါက ငါးများ အကုန်သေကြတော့မည်။ သူတို့သည် မြစ်ထဲသို့ အညစ်အကြေး စွန့်ပစ်နေကြသော စက်ရုံများကို ဝင်ရောက်ဖျက်ဆီးရန်အထိပင် ကြံကြသေးသည်။ သို့သော် မလုပ်ဖြစ်ကြပါ။ ဖျက်ဆီးရေးလုပ်မည့်အစား ယင်းစက်ရုံများကို ဥပဒေနှင့်အညီ အညစ်အကြေး စွန့်ပစ်ရန် လှုံ့ဆော်ဖို့ ဆုံးဖြတ်ကြသည်။ မြစ်ထိန်းသိမ်းရေးအဖွဲ့ဟု အမည်တပ်ကာ ဟပ်ဒ်ဆင်မြစ်အား ညစ်ထေးစေလျက်ရှိသူများကို ထောက်လှမ်းကြသည်။

အဦးဆုံးလုပ်ဆောင်ချက်အနေနှင့် အသုံးပြုပြီးစက်သုံးဆီချောဆီများကို မသန့်စင်ဘဲ မြစ်ထဲသို့ သွန်ချနေသော မီးရထားကုမ္ပဏီတစ်ခုကို အထောက်အထား ခိုင်လုံစွာ ဖော်ထုတ်ပြီး မြို့အုပ်ချုပ်ရေးအဖွဲ့ကို တိုင်ကြားသည်။ အုပ်ချုပ်ရေးအဖွဲ့က မီးရထားကုမ္ပဏီကို ဒဏ်ရိုက်ပြီး ဒဏ်ကြေးငွေထဲမှဒေါ်လာ ၂၀၀၀ ကို မြစ်ထိန်းသိမ်းရေးအဖွဲ့သို့ ဆုကြေးအဖြစ်ပေးအပ်သည်။ သူတို့အဖွဲ့သည် အလားတူလုပ်ဆောင် ချက်များကို ဆက်လက်အကောင်အထည်ဖော်ရင်း အင်အားတောင့်လာ အရှိန်ရလာသည်။

မြစ်ထိန်းသိမ်းရေးအဖွဲ့၏ သင်္ဘောငယ်သည် စည်းကမ်းမဲ့အညစ်အကြေး စွန့်ပစ်မှုများကို မြစ်ကြောင်း တစ်လျှောက် စုန်ဆန် ခုတ်မောင်းလေ့လာနေသဖြင့် ဟပ်ဒ်ဆင်မြစ်နှင့်ပတ်သက်သူတိုင်း ယင်းသင်္ဘောငယ်ကို မသိသူမရှိဖြစ်လာသည်။ သင်္ဘောငယ် ဟပ်ဒ်ဆင်မြစ်အတွင်း ခုတ်မောင်းနေခြင်းသည် အညစ်အကြေးများ ကို မြစ်ထဲသို့စည်းကမ်းမဲ့စွန့်ပစ်နေသူတို့အတွက် သတိပေးချက်တစ်ခု အဟန့်အတားတစ်ခု သာမက မြစ်ကြောင်းနေသူတို့အတွက်လည်း မိမိတို့၏မြစ်ကို အကာအကွယ်ပေးသူရှိကြောင်း သိနေရသည့်အတွက် ဝမ်းမြောက်ကြ စိတ်အေးကြရသည်။

မြစ်ထိန်းသိမ်းရေးအဖွဲ့သည် ရှေ့တစ်လှမ်းတိုးသည့်အနေဖြင့် မြစ်တွင်း ညစ်ညမ်းမှုများကို ထုတ်ဖော်ပေးရုံ မကတော့ဘဲ မြစ်ညာရှိ သဘာဝပတ်ဝန်းကျင် ပျက်စီးစေမှုများအထိ လိုက်၍လေ့လာစုံစမ်းသည်။ ၁၉၈၇ ခုနှစ်တွင် နယူးယောက်မြို့ဝန်းကျင်ရှိရေကန်များအပါ အဝင်စတုရန်းမိုင် ၁၆၀၀ ခန့်ရှိသည့် ရေဝေဒေသကို ကာကွယ်ကြရန် လှုံ့ဆော်မှုများပြုလုပ်သည်။

ရေစစ်ကန်မလို

၁၉၈၉ ခုနှစ်၌ ပြည်ထောင်စုအစိုးရပတ်ဝန်းကျင်ကာကွယ်ရေးအေဂျင်စီက အမိန့်တစ်ခု ထုတ်ပြန်သည်။ နယူးယောက်မြို့သို့ ပေးဝေနေသောရေပမာဏ၏ ၉၀ ရာခိုင်နှုန်းသောရေတို့ စီးဆင်းလာရာ ဟပ်ဒ်ဆင်မြစ်၏ အနောက်ဘက် ကတ်စကင်းဒယ်လာဝဲရေဝေဒေသ Catskill/Delaware Watershed ၏ ရေများကို ရေစစ်ကန် တည်ဆောက်သန့်စင်၍ အသုံးပြုရန် ဖြစ်သည်။ ပြည်ထောင်စုအစိုးရပတ်ဝန်းကျင်ကာကွယ်ရေးအေဂျင်စီသည် အခြေခံဥပဒေအရ မြို့အုပ်ချုပ်ရေးအဖွဲ့များကို ညွှန်ကြားစေခိုင်းနိုင်သော အာဏာရှိသဖြင့် နယူးယောက် အုပ်ချုပ်ရေးအဖွဲ့သည် ညွှန်ကြားချက်အတိုင်း ရေစစ်ကန်များကို ဒေါ်လာသန်း ၈၀၀၀ မျှ အကုန်အကျခံ တည်ဆောက်ရတော့မည့် အခြေအနေသို့ ရောက်ခဲ့သည်။

ဤတွင် မြစ်ထိန်းသိမ်းရေးအဖွဲ့သည် သူတို့စတင်နေသော ရေဝေဒေသ ထိန်းသိမ်းရေး အစီအစဉ်ကို အုပ်ချုပ်ရေးအဖွဲ့သို့ တင်ပြသည်။ ကတ်စကင်းဒယ်လာဝဲရေဝေဒေသရှိ ရေအသုံးချမှု၊ အညစ်အကြေးစွန့်မှု စသည်တို့ကို ပတ်ဝန်းကျင်ထိခိုက်မှု အနည်းဆုံးဖြစ်အောင် စီမံနိုင်လျှင် ရေအရည်အသွေးသည် ပြည်ထောင်စု အစိုးရပတ်ဝန်းကျင် ကာကွယ်ရေးအေဂျင်စီက လက်ခံနိုင်သည့်အဆင့်အထိ တိုးတက်လာမည်၊ ထိုသို့ ထိန်းသိမ်းခြင်း၏ ကုန်ကျစရိတ်မှာဒေါ်လာသန်း ၁၀၀၀ မျှသာဖြစ်၍ ရေစစ်ကန်ဆောက်စရိတ် ဒေါ်လာ သန်း ၈၀၀၀ ထက် အများကြီး သက်သာပါသည်ဟု ရှင်းပြသည်။

မြစ်ထိန်းသိမ်းရေးအဖွဲ့၏ အကြံပေးချက်အတိုင်း နယူးယောက်အုပ်ချုပ်ရေးအဖွဲ့က ကတ်စကင်းဒယ်လာဝဲ ရေဝေဒေသတွင် သစ်ပင်သစ်တောများကို ထိန်းသိမ်းခြင်း၊ မိလ’ာစီးဝင်နေမှု၊ စွန့်ပစ်ရေရောနှောမှု စသည်တို့ကို အမြဲစစ်ဆေးထိန်းချုပ်ခြင်းဖြင့် ရေဝေဒေသတစ်ခုလုံး သန့်ရှင်းနေအောင် စီမံသည်။

ကတ်စကင်းဒယ်လာဝဲရေဝေဒေသ၏ ၇၅ ရာခိုင်နှုန်းသည် သစ်တောဖုံးဧရိယာ ဖြစ်သည်။ ယင်းအကျယ်အဝန်း၏ ၈၅ ရာခိုင်နှုန်းကို ပုဂ္ဂလိက ကပိုင်သည်။ သီးနှံ စိုက်ခင်းများ၊ မွေးမြူရေးခြံစသည်တို့ ရှိသော်လည်း ပုဂ္ဂလိကမြေပိုင်ရှင်များက မိမိတို့ပိုင်သည့် မြေ၊ စိုက်ခင်း၊ ခြံတို့မှထွက်သောရေဆိုးများကို စံချိန်စံညွှန်းနှင့်အညီ သန့်စင်ခြင်း၊ သစ်ပင်သစ်တောများကို ကောင်းစွာထိန်းသိမ်းခြင်းတို့ကြောင့် ကတ် စကင်းဒယ်လာဝဲရေဝေဒေသ၏ရေများသည် ရေစစ်ကန်သုံးရန် မလိုအောင် ကြည်လင်သွားသည်။

မြစ်ရေ ကန်ရေတို့ကိုသောက်သုံးရေအဖြစ်သန့်စင်ရာ၌ ယေဘုယျအဆင့်လေးဆင့် ရှိသည်။ အရွယ်ကြီး ခဲသလဲ သစ်ရွက်စသည်တို့ကို အနည်ထိုင်စေခြင်းက ပထမအဆင့် ဖြစ်သည်။ အရွယ်သေး အမှုန်များကို သဲရေစစ်ကန်ဖြင့် ဒုတိယအဆင့်တွင် စစ်ယူပြီး မလိုလား အပ်သောဓာတ်ဆားများကို တတိယအဆင့်၌ ဓာတ်ပြုဖယ်ရှားကာ စတုတ္ထအဆင့်တွင် ပိုးသတ်ပြီးပေးဝေသည်။

ကတ်စကင်းဒယ်လာဝဲရေဝေဒေသသည် အမေရိကန်နိုင်ငံတွင် ရေစစ်ကန်မပါဘဲ ပေးဝေနေသော ရေပေးရေးစနစ်များအနက် အကြီးဆုံးအဖြစ် မှတ်တမ်းဝင်သွားသည်။

ယင်းရေဝေဒေသ၏ဥပမာအတိုင်း အချို့သော ရေအရင်းအမြစ်ထိန်းသိမ်းသူတို့သည် မိမိတို့နယ်မြေရှိ ရေဝေဒေသကို ကောင်းစွာထိန်းသိမ်းထားရှိသဖြင့် ယင်းဒေသများရှိ မြစ်ချောင်းများတွင် ရေကောင်း ရေသန့်များ တသွင်သွင်စီးဆင်းလျက်ရှိသည်။


(ရေကြည်တစ်ပေါက်စာအုပ်ပါ အခြားအခန်းများကို အောက်တွင်ဖော်ပြထားသည့် ဆိုင်ရာအခန်းအမည်ကို နှိပ်၍ လေ့လာနိုင်ပါသည်။)

အခန်း ၁။ ရေမရှိအသက်မရှိ

အခန်း ၂။ ကမ္ဘာ့ရေအစ ကြယ်တံခွန်က

အခန်း ၃။ ပျက်ယွင်းရေသံသရာ

အခန်း ၄။ အမြင်၌ ပေါများသည်ထင်ရသော်လည်း

အခန်း ၅။ လျော့နည်းရေကောင်း အကြောင်းနှင့်အကျိုး

အခန်း ၆။ မမြင်ကွယ်ရာမှရေများသည်ပင်

အခန်း ၇။ အားပျော့တုံ့ဆိုင်း မြစ်ရေစီးသံ

အခန်း ၈။ အရည်ပျော်တောင်ထိပ်များ

အခန်း ၉။ ပင်လယ်ရေတကယ်ခန်း

အခန်း ၁၀။ နယ်ချဲ့ညစ်ညမ်းရေ

အခန်း ၁၁။ ပေါများပါလျက် အသောက်ခက်

အခန်း ၁၂။ သောက်သုံးရေအရင်းအမြစ်တစ်ခုဖြစ်လာသောရေဆိုး

အခန်း ၁၃။ ရေငတ်လွန်းသူအတွက်ကုထုံး

အခန်း ၁၄။ အသွင်သစ်ရေဘက်ဆိုင်ရာစီမံခန့်ခွဲမှု

အခန်း ၁၅။ ရာသီဥတုပြောင်းလဲခြင်းနှင့်ရေ

အခန်း ၁၆။ ခြေရာပျောက်ရေ

အခန်း ၁၇။ ရေဖိုးရေခ

အခန်း ၁၉။ အုံ့ဆိုင်းသစ်တောစီးသောရေကြည်

အခန်း ၂၀။ ရေရှားကမ္ဘာအတွက်အသင့်ပြင်ကြပါစို့

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s