ကုန်ပစ္စည်းနှင့်အသုံးအဆောင်များထုတ်လုပ်ရာတွင် ရေကိုတတ်နိုင်သမျှ ချွေတာစွာသုံးသော နည်းပညာများကို တီထွင်နိုင်ကြလျှင်လည်း ရေလိုအပ်ချက် အကြီးအကျယ်လျော့ကျလာနိုင်သဖြင့် ကမ္ဘာ့ထုတ်လုပ်မှုလုပ်ငန်း အများအပြားသည် ယင်းနည်းကို အာရုံစိုက်နေကြသည်။ ဥပမာ ကမ္ဘာကျော် ယူနီလီးဗားကုမ္ပဏီသည် ကုန်ကြမ်းရှာဖွေရယူရာမှ စကာ ကုန်ချောထုပ်ပိုးသည်အထိ အဆင့်တိုင်းတွင် ရေလျှော့သုံးနိုင်သည့် နည်းပညာများကို အလေးထားတီထွင်နေသည်။
မြန်မာတို့ကျယ်ပြန့်စွာသုံးစွဲနေသော အိမ်သုံးပစ္စည်းနှင့်အစားအသောက်များကို ထုတ်လုပ်သော ယူနီလီးဗား သည် ၂၀၁၀ ပြည့်နှစ်ကစတင်၍ ရေရှည်ခံ လူနေမှုအစီအစဉ်ဖြင့် ကုန်ကြမ်းရှာဖွေရယူရာမှစကာ ကုန်ချော ထုပ်ပိုးသည်အထိ အဆင့်တိုင်းတွင် ရေလျှော့သုံးနိုင်သည့်နည်းပညာများ ရေချွေတာရေးအစီအမံများ အပါအဝင် သဘာဝပတ်ဝန်းကျင် အကျိုးပြုစနစ်များကို ကျင့်သုံးနေသည်။
ထိုသို့ကျင့်သုံးသည့်အတွက် ယူနီလီးဗားစက်ရုံများ၏ ရေအသုံးသည် ၂၀၀၈ ခုနှစ်ကနှင့် စာလျှင် ၂၀၁၉ ခုနှစ် အကုန်၌ ထုတ်ကုန်အလေးချိန်တစ်တန်လျှင် ရေပမာဏ ၄၇ ရာခိုင်နှုန်းမျှ လျှော့သုံးလာနိုင်သည်။ အချို့စက်ရုံများတွင် ရေဆိုးကို သန့်စင်၍ ပြန်လည်အသုံးချသည်။ ရေနှင့်စွမ်းအင်ချွေတာရေးစနစ်ကြောင့် ယူနီလီးဗားစက်ရုံများသည် စတာလင်ပေါင်သန်း ၁၀၀၀ မျှ အကုန်အကျ သက်သာသွားသည်။
ယူနီလီးဗားသည် စက်ရုံများအတွက် ကုန်ကြမ်းပေးသွင်းသူများကို မိုးရေခံစနစ်များ သုံးရန် ကူညီသည်။ ကုန်ကြမ်းရယူရာ တန်ဇန်နီးယားနိုင်ငံရှိ လက်ဖက်စိုက်ခင်းများ၊ ဘရာဇီးနိုင်ငံ ခရမ်းချဉ်ခင်းများတွင် သမားရိုးကျနည်းအစား အစက်ချ စိုက်ပျိုးစနစ် သုံး၍ ရေချွေတာစေပြီး လစ်(ပ)တန်အချိုခြောက် နှင့်ရာဂူးခရမ်းချဉ်ဆော့စ်များကို ထုတ်လုပ်သည်။
ယူနီလီးဗားထုတ်ကုန်အချို့သည် ရေချွေတာရာတွင် ကောင်းစွာ အထောက်အကူပြုခြင်းဖြင့် ယူနီလီးဗား ထုတ်ကုန်သုံးစွဲသူများ၏ အိမ်တွင်ပါ ရေဖိုးအကုန်အကျနည်းအောင်၊ ရေရှားကမ္ဘာတွင် ရေအရင်းအမြစ်များ ခန်းခြောက်မှုသက်သာအောင် ကူညီနေသည်။

ရေအသုံးလျှော့ချနေသော လုပ်ငန်းကြီးများထဲတွင် ကိုကာကိုလာလည်း ပါသည်။ ကိုကာကိုလာသည် ၂၀၀၄ ခုနှစ်တွင် ကိုကာကိုလာတစ်လီတာထုတ်တိုင်းရေ ၂ . ၇ လီတာသုံးခဲ့ရသည်။ ပုလင်း၊ စက်ကိရိယာ စသည်တို့ကို ဆေးကြောရာ၌ ရေများများ သုံးရသောကြောင့်ဖြစ်သည်။ နောက်ပိုင်းတွင် ရေချွေတာရေး ကြိုးပမ်းချက်ဖြင့် ကိုကာကိုလာ တစ်လီတာအတွက် ရေ ၁ . ၉၂ လီတာသာသုံးရတော့သည်အထိ လျှော့ချနိုင်ခဲ့သည်။ ၂၀၂၀ ပြည့်နှစ်တွင်မူ ကိုကာကိုလာစက်ရုံအချို့သည် ကိုကာကိုလာ တစ်လီတာအတွက် ရေ ၁ . ၄၀ လီတာသာ သုံးတော့သည်။
ကိုကာကိုလာသည်စက်ရုံလုပ်ငန်းများတွင်သာမဟုတ်၊ အချိုရည်ထုတ်ရန် လိုအပ်သော ကြံ၊ လိမ်မော်စသည့် သီးနှံတို့စိုက်ပျိုးရာတွင် ရေအကုန်နည်းစေရန် လုပ်ဆောင်နေသည်။
ကိုကာကိုလာနှင့်ပြိုင်ဘက်ပက်(ပ)ဆီကိုလာကလည်း အားကျမခံ အချိုရည် ထုတ်လုပ်ရာတွင် ရေအကုန်နည်းအောင် လုပ်ဆောင်နေသည့်အပြင် နိုင်ငံအချို့ရှိ ဝင်ငွေနည်းရပ်ကွက်ကျေးရွာများသားများ စုစုပေါင်း ၂၂ သန်းအတွက် ရေကောင်းရေသန့်ရရှိရေး အထောက်အပံ့များပေးအပ်နေသည်။
မကြာသေးမီက အမေရိကန်ကော်ပိုရေးရှင်းပေါင်း ၆၀၀ ကျော်၏ ရေအသုံးပြုမှု စစ်တမ်းကို ကောက်ယူ လေ့လာခဲ့ရာ ထက်ဝက်ကျော်သည် ရေအသုံးချရာ၌ အလေအလွင့်နည်းနည်း ထိရောက်မှုများများဖြစ်စေရန် လုပ်ဆောင်နေကြကြောင်း သိရသည်။