
စက်မှုလုပ်ငန်းများမှထွက်လာသော စွန့်ပစ်ပစ္စည်းများတွင် လုပ်ငန်းအမျိုးအစားကို လိုက်၍ ဆိုင်ယာနိုက်၊ ဇင့်၊ ခဲ၊ ကြေးနီ၊ ကက်(ဒ)မင်၊ ပြဒါးစသည်တို့ပါဝင်ရာ ယင်းတို့ကိုစားသုံးမိသော ရေသတ္တဝါတို့သည် ဓာတ်အမျိုးအစားနှင့်ပမာဏကို လိုက်၍ အချိန်တိုအတွင်း သေကြသည်လည်းရှိ၍ ရုတ်ချည်းမသေဘဲ ကိုယ်ခန္ဓာအတွင်းရှိနေကာ ယင်းသတ္တဝါတို့ကို ထပ်ဆင့် စားသုံးကြသည့် လူအပါအဝင် အခြားသတ္တဝါတို့၏ ကိုယ်ခန္ဓာအတွင်းရောက်ရှိ၍ ဖြည်းဖြည်းချင်း ရောဂါရသေဆုံးကြသည်မျိုးလည်း ရှိနိုင်သည်။
အချို့သော စက်ရုံထွက်စွန့်ပစ်ပစ္စည်းများတွင် အောက်ဆီဂျင်ကိုစုပ်ယူဓာတ်ပြုသော ဓာတုဓာတ်ပေါင်းများ ပါဝင်နေပါက ယင်းဓာတ်ပေါင်းများသည် ဓာတုနည်းဖြင့် ရေထဲရှိအောက်ဆီဂျင်မည်မျှကို ဓာတ်ပြု ဖယ်ရှားနိုင်သနည်းဆိုသည်ကို စီအိုဒီ COD(Chemical Oxygen Demand) ယူနစ်ဖြင့် တိုင်းတာသည်။ စီအိုဒီသည် ဓာတုဆိုင်ရာအောက်ဆီဂျင် လိုအပ်မှုဟု အဓိပ္ပာယ်ရသည်။ မြင့်မားသော စီအိုဒီကိန်းရှိသောရေသည် ညစ်ညမ်းရေပင် ဖြစ်သည်။
စက်မှုလုပ်ငန်းများသည် အဆိပ်သင့်ဓာတ်၊ အောက်ဆီဂျင် စုပ်ဓာတ်တို့ဖြင့်သာ ရေကိုညစ်ညမ်းစေသည် မဟုတ်ဘဲ အအေးခံစနစ်မှ ထွက်လာသော ရေပူများဖြင့်လည်း မြစ်ရေ၏အပူချိန်ကို မြင့်မားစေပြီး ရေနေ သတ္တဝါတို့၏ ဇီဝကမ္မဖြစ်စဉ်ကို နှောင့်ယှက်သည်။ ရေနွေးများသည် မြစ်ရေတွင်ပျော်ဝင်နေသော အောက်ဆီဂျင်ပမာဏကို လျော့နည်းစေပြီး ရေနေသတ္တဝါတို့၏ ရှင်သန်မှုကိုတားဆီးသည်။ ယေဘုယျ အားဖြင့် ၁၀ ဒီဂရီစင်တီဂရိတ်နှင့် ၂၅ ဒီဂရီ စင်တီဂရိတ်ကြားရှိ ရေထုကို ရေနေသတ္တဝါတို့ နှစ်သက်သည်။
စက်မှုလုပ်ငန်းများမှစွန့်ပစ်၍ မြစ်ရေကန်ရေများထဲသို့ ဝင်ရောက်နေသော ဓာတ်ပစ္စည်းအမျိုးမျိုး၏ ဓာတ်ဂုဏ်သတ္တိပေါ် မူတည်၍ အချို့အရာများသည် အက်စစ်ဓာတ်လွန်ကဲနေကာ ပီအိပ်ချ် pH တန်ဖိုးနိမ့်နေပြီး အချို့ပစ္စည်းများသည် ဘေ့စ် base ဓာတ်လွန်ကဲ၍ ပီအိပ်ချ်တန်ဖိုး မြင့်မားနေတတ်သည်။ ရေနေသတ္တဝါတို့သည် ပီအိပ်ချ်တန်ဖိုး ၆ . ၅ နှင့် ၈ . ၅ အတွင်း၌သာ ကောင်းစွာရှင်သန်သဖြင့် ပီအိပ်ချ် နည်းလွန်း များလွန်းသောရေကိုလည်း ညစ်ညမ်းရေဟု သတ်မှတ်နိုင်သည်။
ယနေ့ကမ္ဘာတွင် စက်ရုံအလုပ်ရုံများမှ ရေထုထဲဝင်ရောက်နေသော ညစ်ညမ်းရေဆိုးပမာဏသည် တစ်နှစ်လျှင် တန်ချိန်သန်း ၅၀၀ မျှဖြစ်သည်။