အေရယ်လ်ကုန်းတွင်းပင်လယ်

အေရယ်လ်ပင်လယ်သည် စတုရန်းမိုင် ၂၆၀၀၀ ရှိပြီး မျက်နှာပြင်ဧရိယာအားဖြင့် ကမ္ဘာ့စတုတ္ထအကြီးဆုံး ရေကန်ကြီး ဖြစ်ခဲ့သည်။ အေရယ်လ်ပင်လယ်ထဲသို့ အာမူဒါရီယာနှင့်ဆီရ်ဒါရီယာအမည်ရှိ အဓိကမြစ်ကြီးနှစ်စင်းမှ ရေများ စီးဝင်သည်။

အာမူဒါရီယာမြစ်သည် အာရှတိုက်အလယ်ပိုင်းတွင် အရှည်ဆုံးမြစ်ဖြစ်သည်။ ဆီးနှင်းဖုံးဟိန္ဒူကွတ်ရှ် တောင်တန်းမှ စတင်မြစ်ဖျားခံကာ အာရှအလယ်ပိုင်း မြက်ခင်းပြင်တစ်လျှောက်မိုင် ၁၅၀၀ မျှဖြတ်စီးခဲ့ပြီး အေရယ်လ်ပင်လယ် တောင်ဘက်သို့စီးဝင်သည်။ ဆီရ်ဒါရီယာမြစ်သည် အေရယ်လ်ပင်လယ်၏ မြောက်ဘက်သို့စီးဝင်သည်။

၁၉၆၀ ပြည့်နှစ်များ၏အစပိုင်းအထိ အေရယ်လ်ပင်လယ်မှ တစ်နှစ်လျှင်ငါးတန်ချိန် ၄၀၀၀၀ မျှ ဖမ်းဆီး ရမိခဲ့သည်။ ဒေသခံတို့သည် တံငါလုပ်ငန်း၊ စည်သွတ်ဘူးလုပ်ငန်း စသည့် ပင်လယ်နှင့်ဆက်စပ်သော အလုပ်အကိုင်များစွာ ရရှိခဲ့သည်။ ဒေသတွင်းမြို့ရွာတို့သည်လည်း အလွန်စည်ပင်ခဲ့သည်။

ထိုစဉ် ဒေသတွင်းဖွံ့ဖြိုးမှုကိုဖျက်ဆီးပစ်မည့် ဆိုရှယ်လစ်စီမံကိန်းကြီးတစ်ခုပေါ်လာသည်။

ထိုစဉ်ကဆိုဗီယက်ယူနီယံအုပ်ချုပ်သူတို့သည် ၁၉၆၀ ပြည့်နှစ်ခန့်မှစ၍ အေရယ်လ်ပင်လယ်ဝန်းကျင် ဒေသများ၌ ဝါအကြီးအကျယ်စိုက်ရန် စီမံကိန်းချကာ ပင်လယ်ထဲသို့စီးဝင်သောမြစ်ရေများကို စိုက်ခင်းများထဲသို့ လွှဲပြောင်းရယူခဲ့သည်။ ထိုသို့ လွှဲပြောင်းခဲ့သော်လည်း ယင်းအချိန်က ယင်းဒေသတွင် ကံအားလျော်စွာ မိုးကောင်းနေခဲ့သဖြင့် ပင်လယ်ရေပြင်ကိုမထိခိုက်ခဲ့ချေ။

သို့သော် ရေစုပ်ယူမှု တစ်ချိန်ထက်တစ်ချိန် များသထက်များလာသောအခါတွင်မူ မြစ်ရေသိသာစွာ ခန်းခြောက်လာသည်။ ၁၉၆၅ ခုနှစ်တွင် စိုက်ခင်းဧကပေါင်း ၇ သန်းကျော်ကိုပေးဝေနိုင်ရန် အာမူဒါရီယာနှင့် ဆီရ်ဒါရီယာမြစ်ရေများကို တစ်နှစ်လျှင် ၂၇ ကုဗမိုင်အထိ စုပ်ယူခဲ့သည်။

ရေစုပ်ယူမှုကြောင့် အာမူဒါရီယာမြစ်ရေစီးသည် တစ်စက္ကန့်လျှင်ကုဗပေ ၂၈၀၀၀ ခန့်မှ ကုဗပေ ၅၅၀၀ သို့ လျော့ကျသွားခဲ့သော်လည်း ဆိုဗီယက်တို့သည် ယင်းကိုဂရုမစိုက်ဘဲ ၁၉၆၅ ခုနှစ်မှ ၁၉၈၀ ပြည့်နှစ်အတွင်း စိုက်ပျိုးဧရိယာနှစ်ဆမျှ တိုးချဲ့ခဲ့ပြန်သည်။ ၁၉၈၀ ပြည့်နှစ်တွင် အေရယ်လ်ပင်လယ်ဝန်းကျင်မြေပြင်၏ ၈၅ ရာခိုင်နှုန်းသည် ဝါစိုက်ခင်းများဖြစ်သွားသည်။ ဆိုဗီယက်တို့သည် ဝါခင်းကြီးများကို ဆိုရှယ်လစ်စနစ် အောင်မြင်မှု၏ပြယုဂ်အဖြစ် ဂုဏ်ယူဝင့်<ကား ခဲ့ကြသည်။

သို့သော် ယင်းအောင်မြင်မှုသည်ရေတိုသာဖြစ်၍ အိပ်မက်ဆိုးကြီး၏နိဒါန်း ဖြစ်ကြောင်း ဆိုဗီယက်နှင့် ဒေသခံတို့ မသိခဲ့ကြချေ။ မြစ်ရေ အလွန်အကျွံထုတ်ယူခြင်း၏ ရေရှည်ဆိုးကျိုးများကို မမှန်းဆတတ်ခဲ့ကြချေ။

နှစ်ပိုင်းကွဲ

မြစ်ရေများကို အလုံးအရင်းနှင့်ကာလရှည်ကြာထုတ်ယူသောအခါ အေရယ်လ်ပင်လယ်ထဲသို့ ရေအဝင် သိသာစွာနည်းသွားပြီး ဧရာမရေပြင်ကြီး ကျုံ့ဝင်သွားသည်။ ပင်လယ်၏အလယ်ပိုင်းတွင် ကုန်းရိုးတစ်ခု ပေါ်လာကာ ပင်လယ်သည် မြောက်ပိုင်းနှင့်တောင်ပိုင်း နှစ်ပိုင်းကွဲသွားသည်။ ၁၉၈၅ ခုနှစ်ဝန်းကျင်ခန့်တွင် အေရယ်လ်ရေပြင်အကျယ်သည် မူလ၏ထက်ဝက်ခန့်သာ ကျန်တော့သည်။ ငါးဖမ်းရမိမှု သိသာစွာ ကျဆင်းလာသည်။ ပင်လယ်ထဲသို့ ရေအဝင်နည်းလာသည့်အတွက် လက်ကျန်ရေတွင် ဆားပါဝင်မှုသုံးဆမျှ မြင့်တက်လာသည်။ တစ်ချိန်ကရေပြင်ဖြစ်ခဲ့သော်လည်း ရေမရှိတော့၍ ပေါ်လာသော ပင်လယ်ကြမ်းပြင်၏ မြေကြီးပေါ်တွင် သင်္ဘောပျက်များကို တွေ့လာရသည်။

ယင်းသို့ယိုယွင်းလာပါလျက် မြစ်ရေထုတ်သုံးမှုကို မလျှော့ကြချေ။ ၁၉၉၀ ပြည့်နှစ်နောက်ပိုင်းတွင် စိုက်ပျိုးမြေ ဧကကို ၁၂ ရာခိုင်နှုန်းတိုးချဲ့ကာ မြစ်ရေများကို တိုး၍ စုပ်ယူပြန်သည်။ ထိုအခါ အာမူဒါရီယာမြစ်ရေသည် အေရယ်လ်ပင်လယ်ထဲသို့ ရောက်အောင် မစီးနိုင်တော့ဘဲ ပင်လယ်နှင့်မိုင် ၇၀ အကွာ မြစ်ညာပိုင်းရှိ ရေကာတာတွင် အဆုံးသတ်သွားသည်။

ပင်လယ်ကြီးသည် နှစ်ပိုင်းကွဲနေရာမှ ရေအိုင်ငယ်များအဖြစ်သို့ အစိတ်စိတ်ထပ်ကွဲသွားသည်။ ယင်းအိုင်ငယ်ကလေးများရှိ စုစုပေါင်းရေပမာဏသည် မူလအေရယ်လ်ပင်လယ်ရှိပမာဏ၏ ရှစ်ပုံတစ်ပုံသာ ကျန်တော့သည်အထိ အခြေအနေဆိုးသွားသည်။

အေရယ်လ်ပင်လယ်ခန်းခြောက်ပုံ ရှုစားရန်

ရေမျက်နှာပြင်ဆုတ်သွား၍ ကမ်းစပ်မြို့များသည် ရေပြင်နှင့်မိုင်ပေါင်းများစွာ ဝေးသွားသည်။ မိုးခေါင်သော ကာလများတွင် ရေအငွေ့ပျံမှုများသဖြင့် မူလကပင်လယ်ကြမ်းပြင်သည် ကန္တာရကြီးများဘဝသို့ ရောက်သွားသည်။ ရေမရှိ၍ပေါ်လာသောမြေပြင်ကြီးတွင် ဆားများသာမဟုတ်၊ စိုက်ခင်းများမှ ထွက်လာသော ဓာတ်မြေသြဇာနှင့်ပိုးသတ်ဆေးအကျန်များပါ ရောယှက်နေသည်။ ဆား၊ ဓာတ်မြေသြဇာနှင့် ပိုးသတ်ဆေးအကြွင်းအကျန်များသည် လေပြင်းတိုက်တိုင်း ဖုန်မှုန့်များနှင့်အတူ ဒေသတွင်းသို့ ပျံ့နှံ့ရောက်ရှိ ကြသည်။ ပင်လယ်ကြမ်းပြင်မှ လေပြင်းနှင့်အတူလွင့်ထွက်သောဖုန်မှုန့်များ၏ ပမာဏသည် တစ်နှစ်လျှင် တန်ချိန် ၇၇ သန်းမျှ ရှိသည်။

ဓာတ်ဆားအမျိုးမျိုးရောနေသောဖုန်မှုန့်များသည် လူတို့၏ အဆုပ်များထဲသို့ ဝင်ရောက်ကြသည်။ အကျိုးဆက်အဖြစ် လည်ချောင်း ကင်ဆာ၊ အသက်ရှူလမ်းကြောင်း ရောဂါအများအပြား ဖြစ်ပွားသည်။ တစ်ချိန်က ငါးပေါသောဒေသတွင် ငါးမစားရ၍ အာဟာရနည်းလာကြသည်။ ကလေးသေပျောက်နှုန်းသည် ၁၀၀၀ တွင် ၆၀ မျှအထိ မြင့်မားသည်။

အပူအအေးမျှတအောင်ထိန်းညှိပေးနေသည့်ရေပြင်ကြီး ခန်းသလောက် ဖြစ်သွားသောအခါ ဒေသတွင်း၌ နွေအခါအပူလွန်လာပြီး ဆောင်းအခါ အအေးပိုလာသည်။

အေရယ်လ်ပင်လယ်ရေပြင်နှင့်ပတ်ဝန်းကျင်ပျက်စီးမှုကို ကုလသမဂ္ဂက ၂၀ ရာစုနှစ်၏အကြီးမားဆုံးသော သဘာဝပတ်ဝန်းကျင် ပျက်စီးမှုဟု ပြောဆိုခဲ့သည်။

အေရယ်လ်ပင်လယ်ကြီးဆုတ်ယုတ်သွားချိန်တွင်ပင် ယင်းဖြစ်စဉ်ကိုဖန်တီးခဲ့သော ဆိုဗီယက်ယူနီယံလည်း ၁၉၉၁ ခုနှစ်တွင် ပြိုကွဲသွားသည်။ ဆိုဗီယက်ယူနီယံ၏ ပြည်နယ်အဆင့်တွင်ရှိခဲ့သော နယ်မြေများသည် နိုင်ငံငယ်များအဖြစ် ပေါ်ထွန်းလာရာ ယင်းတို့ထဲတွင် ကာဇက်စတန်နိုင်ငံလည်း ပါသည်။

ကာဇက်စတန်အစိုးရသည် အေရယ်လ်ပင်လယ်ကို ရေဖြည့် အသက်သွင်းရန် ကြိုးစားသည်။ နှစ်ပိုင်းကွဲနေသောပင်လယ်၏ ခါးလယ်မှဖြတ်၍ ရေကာတာတစ်ခု တည်ဆောက်ခြင်းဖြင့် ဆီရ်ဒါရီယာ မြစ်ရေများကို မြောက်ပိုင်းမှတောင်ပိုင်းသို့ ရောက်မသွားရန် စီမံသည်။ မြောက်ပိုင်းအေရယ်လ်ပင်လယ်သည် အနိမ့်ဆုံးအချိန်ကထက် ၂၀ ရာခိုင်နှုန်းမျှပို၍ကျယ်ပြန့်လာသည်။ အငန်ဓာတ် များစွာလျော့သွားသည်။ ပျောက်ကွယ်သွားသောအပင်များ ပြန်ပေါက်လာသည်။ ရေပြင်ပေါ်၌ ငှက်ပေါင်းစုံ ပြန်လည် ကျက်စားလာသည်။ ငါးဖမ်းလုပ်ငန်း ပြန်အသက်ဝင်လာပြီး ၂၀၀၈ ခုနှစ်တွင် ငါးတန်ချိန် ၁၅၀၀ မျှရရှိသည်။ အလုပ်အကိုင်များ ပြန်လည်ပေါ်ပေါက်လာ၍ ဒေသကိုစွန့်ခွာသွားသူများ ပြန်ရောက်လာသည်။

မြောက်ပိုင်းပြန်လည်အသက်ဝင်လာသော်လည်း အေရယ်လ်ပင်လယ်၏ အခြားအပိုင်းများသည်မူ ထာဝရခန်းခြောက်သွားခဲ့ပြီး မည်သည့်အခါမျှ ပင်ကိုရေပမာဏကိုပြန်မရနိုင်တော့ဟု ယူဆရသည်။ ရေရှည်ကိုမတွက်၊ သဘာဝပတ်ဝန်းကျင်ရေးရာကိုဂရုမပြုဘဲ ရေတိုအကျိုးကိုသာကြည့်ခဲ့ကြသော ဆိုဗီယက်တို့၏ဆိုးမွေကို အေရယ်လ်ပင်လယ်ဝန်းကျင်နိုင်ငံသားများ ခါးစည်း၍ခံနေကြရသည်။

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s