
မိုးကနည်း၊ မြေအောက်ရေမလုံလောက်၊ ရေကာတာဆောက်ရန်လည်း အခြေအနေမပေးသောနေရာများသို့ ရေပေါသောမြစ်ဝှမ်းများမှ ရေများကို လွှဲပြောင်းပေးနိုင်သည်။ လေ့လာချက်တစ်ခုအရ ရေလွှဲပြောင်းရေး စီမံကိန်းများ ကမ္ဘာပေါ်၌ ၇၆ ခုရှိပြီး လွှဲပြောင်းနေသောအကွာအဝေး စုစုပေါင်းမိုင် ၆၅၀၀၀ ကျော်သည်ဟု သိရသည်။ မြစ်ဝှမ်းဒေသအချင်းချင်းရေလွှဲပြောင်းရေးလုပ်ငန်းများကို သြစတေးလျ၊ ကနေဒါ၊ အမေရိကန်၊ တရုတ်နှင့် အိန္ဒိယနိုင်ငံတို့တွင် အများဆုံးတွေ့နိုင်သည်။
အဆိုပါစီမံကိန်းများအနက်အကြီးဆုံးမှာ တရုတ်နိုင်ငံတောင်ပိုင်းမှမြစ်ရေများကို နိုင်ငံမြောက်ပိုင်းသို့ ပေးပို့နေသည့် တောင်မြောက်ရေလွှဲစီမံကိန်း ဖြစ်သည်။ မြို့တော်ပေကျင်းအပါအဝင် မြောက်ပိုင်းဒေသများသို့ ယခု ရေစတင် လွှဲပြောင်းပေးနေသည့် ယင်းစီမံကိန်းသည် ၂၀၅၀ ပြည့်နှစ်တွင်မှ အပြီးသတ်မည်။ ပြီးစီးသည်အခါ တစ်နှစ်လျှင် နိုင်ငံတောင်ပိုင်းမှရေကုဗမီတာ ၄၅ ဘီလျံကို မြောက်ပိုင်းသို့ သယ်ယူလွှဲပြောင်းပေးမည်။ ကုန်ကျစရိတ်အမေရိကန်ဒေါ်လာ ၆၂ ဘီလျံရှိမည်ဟု ခန့်မှန်းထားသည်။
မြစ်ဝှမ်းတစ်ခုမှအခြားတစ်ခုသို့ လွှဲပြောင်းပေးပို့မှုများကို လိုအပ်သလို လုပ်ဆောင်ကြမှသာ မြစ်များကို အကျိုးရှိစွာအသုံးချရင်း ရေအခက်အခဲကို တစ်ဖက်တစ်လမ်းမှ ဖြေရှင်းရာရောက်မည်။
ဆက်စပ်ဖတ်ရှုရန် ခြောက်သွေ့ဒေသအတွက်သံလွင်မြစ်ရေအသုံးချရေး