ရေအသုံးလွန်ကဲမှု၊ ခြောက်သွေ့သောရာသီဥတုနှင့် ညစ်ညမ်းမှုတို့သည် ကမ္ဘာ့ရေကန်ကြီးအများအပြားကို ခန်းခြောက်အောင်၊ ရေအရည်အသွေး ကျဆင်းအောင်ဖန်တီးလျက်ရှိသည်။
တရုတ်နိုင်ငံ ပိုယန်းကန်
ဒေသခံတို့၏ သောက်သုံးရေ စိုက်ပျိုးရေဇာစ်မြစ်ဖြစ်ရုံမက ဂေဟစနစ် ကောင်းမွန်သဖြင့် ငှက်အများအပြား လာရောက်ကျက်စားရာဖြစ်သော တရုတ်နိုင်ငံ၏ အကြီးဆုံးရေချိုအိုင် ပိုယန်းကန်သည် ၁၇၀၀ စတုရန်းမိုင် ကျယ်သော်လည်း ရေနည်းသောအချိန်များတွင် အိုင်ငယ်ကလေးများအဖြစ်သို့ အစိတ်စိတ်ကွဲလျက်ရှိသည်။
ယင်းရေကန်၏ အထက်ပိုင်းဒေသများတွင်ကြာမြင့်စွာမိုးခေါင်ပြီး ၂၀၁၁ ခုနှစ်တွင် ရွာသောမိုးရေချိန်သည် ပျမ်းမျှထက် ၂၁ ရာခိုင်နှုန်းလျော့နည်းသဖြင့် ကန်ထဲသို့ စီးဝင်သော မြစ်ငါးစင်းတို့၏ရေစီးလည်း လျော့နည်းခဲ့သည်။ မိုးရေနည်းနေသောအခြေအနေကို ပိုယန်းကန်၏အချို့အစိတ်အပိုင်းများအား မြေဖို့ လုပ်ကိုင်နေသော ဆောက်လုပ်ရေးလုပ်ငန်းများက ပို၍ဆိုးရွားစေသည်။ ခြောက်သွေ့ရာသီဖြစ်သည့် ၂၀၁၉ ဒီဇင်ဘာက နှစ် ၆၀ အတွင်း ရေအနိမ့်ဆုံး အခြေအနေသို့ရောက်ခဲ့သည်။ မြေအသုံးချပုံပြောင်းလဲမှု၊ ရေကာတာများ တည်ဆောက်မှု၊ သဲထုတ်ယူမှု၊ မိုးနည်းမှု၊ မြစ်အထက်ပိုင်းရှိ ချိုင့်ဝှမ်းသုံးသွယ် ရေကာတာရေဖြည့်မှုတို့ကြောင့် ရေကန်ကြီးခန်းလာခြင်းဖြစ်သည်။
အာဖရိကတိုက် ချဒ်ကန်
ဆဟာရသဲကန္တာရတောင်ပိုင်းတွင်ကပ်လျက် တည်ရှိသည့် ချဒ်ကန်သည် ကမ္ဘာပေါ်တွင် ဆဋ္ဌမအကြီးဆုံး ရေအိုင်ဖြစ်ခဲ့သည်။ ၁၉၆၃ ခုနှစ် တိုင်းတာချက်များအရ ချဒ်ကန်၏အကျယ်အဝန်းမှာ စတုရန်းမိုင် ၉၇၀၀ ရှိခဲ့သည်။ ချဒ်ကန်သည် ပတ်ဝန်းကျင်နိုင်ငံများ ဖြစ်ကြသည့် နိုင်ဂျီးရီးယား၊ နိုင်ဂျာ၊ ချဒ်နှင့် ကင်မရွန်းနိုင်ငံတို့ရှိ လူဦးရေသန်း ၃၀ ခန့်၏စိုက်ပျိုးရေး၊ မွေးမြူရေး၊ ငါးဖမ်းလုပ်ငန်းများအတွက် မှီခိုအားထားရာဖြစ်သည့်အပြင် ကန်ပတ်ဝန်းကျင်တွင် တောရိုင်းတိရစ္ဆာန်များလည်းအနှံ့အပြားရှိခဲ့သည်။ ရေကန်ဝန်းကျင်တွင် မိုးခေါင်၍ ရာသီဥတုခြောက်သွေ့လာခဲ့သည့်အပြင် တိုးတက်လာနေသော လူဦးရေအတွက် ကန်ထဲသို့ဝင်နေသောရေကို ဆည်မြောင်းစီမံကိန်းများဖြင့် ကြားမှဖြတ်၍ ယူကြသည့်အတွက် ချဒ်ရေကန်သည် ယခုအခါ မူလအကျယ်အဝန်း၏ ၁၀ ပုံ ၁ ပုံမျှသာ ကျန်တော့သည်။
ဘိုလစ်ဗီးယားနိုင်ငံ ပူးပိုကန်

တောင်အမေရိကတိုက် ဘိုလစ်ဗီးယားနိုင်ငံ၏ဒုတိယအကြီးဆုံး ပူးပိုကန်ရေကို အမှီပြု၍ ဒေသခံတို့၏ ရေလုပ်ငန်းကောင်းစွာ ဖြစ်ထွန်းသည်။ အကျယ် ၁၀၀၀ စတုရန်းမိုင်ခန့်ရှိသည့် ပူးပိုကန်သည် ၂၀၁၅ ခုနှစ်က ခန်းလုနီးနီးဖြစ်သွားသည်။ ကန်ထဲသို့စီးဝင်သော တစ်စင်းတည်းသာရှိသည့်မြစ်သည် ကန်ထဲရောက်သည့်အခါ ရေစီးကြောင်းငယ်ကလေးမျှသာကျန်တော့သည်။ အပူချိန်မြင့်တက်လာခြင်း၊ မိုးခေါင်ခြင်း၊ သတ္တုတူးဖော်ခြင်း၊ စိုက်ပျိုးရေ အလွန်အကျွံထုတ်ခြင်းတို့ကြောင့် ဖြစ်သည်။
ဆက်စပ်အကြောင်းအရာ အင်းတော်ကြီးကန်နှင့်အင်းလေးကန်တို့ကိုနှိုင်းယှဉ်လေ့လာခြင်း