
ကမ္ဘာ့ အဓိက မြေအောက်ရေကြော ၃၇ ခုအနက် ၂၁ ခုသည် ပြန်မပြည့်နိုင်တော့သည် အထိ ဆိုးရွားစွာ ရေလျော့နည်းလာနေကြောင်း အမေရိကန် အာကာသ အဖွဲ့အစည်း (နာဆာ)နှင့် ဂျာမနီတို့ ပူးတွဲ လွှတ်တင်ထားသည့် ဂရေ့စ်ဂြိုဟ်တုများ၏ လေ့လာချက်က ဆိုသည်။ ဆီးနှင်းကျ ရေခဲအရည်ပျော် မိုးရွာ ရေစီးစသည်တို့ကြောင့် ကမ္ဘာ့ရေထုသည် နေရာတိုင်း အချိန်တိုင်း၌ အစဉ် ရွေ့လျားနေရာ ယင်းရွေ့လျားမှုကြောင့် ဖြစ်ပေါ်သော ကမ္ဘာ့ဒြပ်ဆွဲအား ပြောင်းလဲမှုကို ဂရေ့စ်ဂြိုဟ်တု နှစ်လုံးက မှတ်တမ်းတင်ပြီး ဒေသတစ်ခုအတွင်း ရေထု အတိုးအလျော့ကို တွက်ချက် ပုံဖော်ပေးသည်။ ဂရေ့စ်သည် ရေအရင်းအမြစ်များကို တိုက်ရိုက် တိုင်းတာနိုင်သည့် ပထမဆုံး ဂြိုဟ်တုများဖြစ်၍ ယင်းတို့မှရသည့် အချက်အလက်များသည် အခြားဂြိုဟ်တုများမှ ရသည်တို့ထက် ပိုမိုတိကျသည်။
လျော့နည်းလာသော မြေအောက်ရေကြော အများအပြားသည် အာရှတိုက်တွင် ရှိသည်။ စိုက်ပျိုးရေးအတွက် မြေပေါ်ရေကို လုံလောက်စွာ ပေးဝေနိုင်ခြင်းမရှိ၍ လည်းကောင်း၊ မြေအောက်ရေကို စရိတ်နည်းနည်းဖြင့် တူးဖော်နိုင်သော နည်းပညာများကြောင့် လည်းကောင်း အာရှနိုင်ငံ အများအပြားသည် မြေအောက်ရေများကို လွန်ခဲ့သော နှစ်ပေါင်း ၅၀ ခန့်အတွင်း အမြောက်အမြား ထုတ်ယူခဲ့ကြသည်။ အာရှတိုက် ရေသုံးစွဲမှု စုစုပေါင်း၏ ၂၅ ရာခိုင်နှုန်းသည် မြေအောက်ရေများ ဖြစ်သည်။ တစ်ကမ္ဘာလုံး သုံးစွဲသမျှ မြေအောက်ရေပမာဏ၏ ၇၂ ရာခိုင်နှုန်းကို အာရှက သုံးနေသည်။ အိန္ဒိယ၊ တရုတ်၊ နီပေါ၊ ဘင်္ဂလားဒက်ရှ်နှင့် ပါကစ္စတန်ငါးနိုင်ငံတို့ ထုတ်ယူနေသော မြေအောက်ရေသည် ကမ္ဘာ့မြေအောက်ရေ ထုတ်ယူမှု၏ ထက်ဝက် နီးနီးမျှ ရှိသည်။
ဆက်စပ်ဖတ်ရှုရန် အာရှနှင့်မြန်မာ မြေအောက်ရေ(အတိမ်ပိုင်း)အခြေအနေ
ဆော်ဒီအာရေဗျနိုင်ငံသည် မိုးအလွန်နည်းသော သဲကန္တာရဒေသတွင် ရှိပြီး မြေပေါ်မြစ်နှင့် ရေအိုင်များလည်း မရှိသဖြင့် သောက်သုံးရန် ပင်လယ်ရေငန်မှရေချိုချက်ခြင်းအပြင် လွန်ခဲ့သော နှစ်ပေါင်း ၃၀ ကျော်ခန့်မှစ၍ မြေအောက်ရေများကို စတင် စုပ်ယူ အသုံးချခဲ့သည်။ ရေနံသူဌေး နိုင်ငံဖြစ်၍ စုစုပေါင်း ကုဗမိုင် ၁၂၀ ခန့်ရှိသည့် မြေအောက်ရေကြောမှ မြေအောက်ရေများကို စိုက်ပျိုးရေး လုပ်ငန်းများကသုံးနိုင်ရန် အစိုးရက ငွေကြေး အထောက်အပံ့ပေးသည်။ စိုက်ခင်းများအပြင် သဲကန္တာရထဲတွင် နွားခြံများလည်း တည်ထောင်ကြသည်။ ထွက်ရှိသော အသား၊ နို့၊ ကြက်ဥ၊ ဂျုံ၊ အသီးအနှံ စားနပ်ရိက္ခာတို့သည် ပြည်တွင်းအတွက်ဖူလုံရုံမျှမက အချို့ကို ပြည်ပသို့ပင်တင်ပို့ရောင်းချနိုင်ခဲ့သည်။ ဆော်ဒီတို့သည် ၂၀၀၂ ခုနှစ်နှင့် ၂၀၁၆ ကြားတွင် မြေအောက်ရေ တစ်နှစ်လျှင် ၆ . ၁ ဂိုင်ဂါတန်မျှ ထုတ်သုံးခဲ့ကြသည်။
ဆော်ဒီ အာဏာပိုင်တို့သည် မြေအောက်ရေ အလွန်အကျွံ ထုတ်နေမှု အန္တရာယ်ကို သိရှိလာသဖြင့် ရေအသုံး ချွေတာရေး အစီအမံများကို ချမှတ်သည်။ ရေအသုံးများသည့် ဂျုံစိုက်ခင်းများကို မတိုးချဲ့ရန် ဆုံးဖြတ်ထားသည့်အပြင် ၂၀၁၆ ခုနှစ်တွင် ဂျုံထုတ်လုပ်ခြင်းကို လုံးဝရပ်တန့်လိုက်ခြင်းအပါအဝင် စိုက်ပျိုး မွေးမြူရေးလုပ်ငန်းများကို အကြီးအကျယ် လျှော့ချလိုက်ရသည်။ လိုအပ်သော စားနပ်ရိက္ခာများအတွက် ပြည်ပနိုင်ငံများတွင် စိုက်ခင်းများ သွားရောက် တည်ထောင် စိုက်ပျိုးပြီး ပြန်လည်တင်သွင်းရသော အခြေ အနေသို့ ရောက်သွားသည်။ သို့သော် မြေအောက်ရေအသုံးကိုမူ လုံးလုံး မပယ်နိုင်သေးသဖြင့် ဆော်ဒီတို့သည် မိမိတစ်ဦးတည်းပိုင် မြေအောက်ရေကြောမှရေများကိုသာမက အိမ်နီးချင်း ဂျော်ဒန်နိုင်ငံ၏ အောက်တွင်ပါ ဆက်စပ်တည်ရှိသော ဒီစီရေကြောမှရေများကိုပါ ထုတ်ယူသုံးစွဲရဆဲဖြစ်သည်။
ယခုဂျော်ဒန်နိုင်ငံနှင့်ဆော်ဒီအာရေဗျနိုင်ငံတို့ တည်ရှိရာဒေသတွင် လွန်ခဲ့သည့်နှစ်ပေါင်း ၃၀၀၀၀ ခန့်က မိုးရေများ မြေအောက် စိမ့်ဝင်ရာမှ ဖြစ်ပေါ်တည်ရှိနေသော ဒီစီရေကြောသည် မြေအောက်ပေ ၁၅၀၀ ခန့် အနက်တွင် ရှိသည်။ ဂျော်ဒန်နိုင်ငံသည် ဒီစီရေကြောမှ သောက်သုံးရန်နှင့် စိုက်ပျိုးရေး လုပ်ငန်း သုံးရန်တို့အတွက် တစ်နှစ်လျှင် ဂါလန်သန်းပေါင်း ၂၀၀၀၀ မျှ ထုတ်ယူနေရာ ပြန်လည် ပြည့်တင်းနိုင်သည့် ပမာဏထက် များစွာ ကျော်လွန်နေသည်။ ယင်းအခြေအနေ ကြားမှပင် ဂျော်ဒန်သည် ယင်းရေကြောမှရေများကို မြို့တော်အမ္မန်သို့ ပို့ရန်ပိုက်လိုင်းများကို တည်ဆောက်ကာ တစ်နှစ်လျှင် ရေကုဗပေ သန်း ၃၅၀၀ ကို မြို့တော်သို့ပို့ပေးနေသည်။
နှစ်နိုင်ငံတို့၏ အောက်တွင် ဆက်စပ်တည်ရှိသော ဒီစီရေကြောကို အရေးပေါ်ကိစ္စ အတွက်သာ ထုတ်သုံးသင့်တော့ကြောင်း ကုလသမဂ္ဂ လေ့လာချက်တစ်ရပ်က ဆိုသော်လည်း ဆော်ဒီနှင့် ဂျော်ဒန်တို့သည် ဆက်လက် ထုတ်ယူနေကြဆဲ ဖြစ်သည်။