
ပြဿနာများသော အခြားနယ်စပ်ဖြတ်စီးမြစ်များနှင့်မတူ တည်ငြိမ်အေးချမ်းသည့် နယ်စပ်ဖြတ်စီးမြစ် တစ်စင်းမှာ ဥရောပတိုက်ရှိ ရိုင်းမြစ် Rhine ဖြစ်သည်။ ရိုင်းမြစ်သည် ဆွစ်ဇာလန်နိုင်ငံ၌မြစ်ဖျားခံကာ သြစတြီးယား၊ ပြင်သစ်၊ ဂျာမနီနှင့်နယ်သာလန်နိုင်ငံတို့ကို ဖြတ်ပြီး မြောက်ပင်လယ်ထဲသို့စီးဝင်သည်။ မြစ်ရိုး တစ်လျှောက်တွင် ဆွစ်ဇာလန်နိုင်ငံ ဘားဇယ်၊ ပြင်သစ်နိုင်ငံ စထရာ(စ်)ဘူး၊ ဂျာမနီနိုင်ငံ ကိုလုံး၊ နယ်သာ လန်နိုင်ငံ ရော့တာဒမ်စသည့် မြို့ကြီးအများအပြား၊ စက်မှုလုပ်ငန်း အများအပြားရှိသည်။ လူဦးရေသန်း ၂၀ ခန့် ရိုင်းမြစ်ရေကို သောက်သုံးနေကြသည်။

ရိုင်းမြစ်သည် နိုင်ငံအများအပြားကိုဖြတ်၊ လူနေထူထပ်သည့်အပြင် စက်မှုလုပ်ငန်းလည်း ထွန်းကားသော်လည်း ရိုင်းမြစ်ရေနှင့်ပတ်သက်၍ အငြင်းပွားမှုနည်းပါးသည်။ အကြောင်းမှာ မြစ်ရိုးတလျှောက်နိုင်ငံများသည် အဆင့်မြင့်နည်းပညာများပိုင်ဆိုင်ပြီး ငွေကြေးတောင့်တင်းသည့်အပြင် ရိုင်းမြစ်ကာကွယ်ရေး နိုင်ငံတကာကော်မရှင်ဖွဲ့၍ ရေရယူသုံးစွဲရေး၊ သွားလာရေး၊ ရေညစ်ညမ်းမှု၊ ဆားငန်ရေဝင်မှု၊ ရေလွှမ်းမိုးမှု၊ ဂေဟစနစ်ထိန်းသိမ်းရေး စသည်တို့တွင် နိုင်ငံအချင်းချင်း ပူးပေါင်းမှု အားကောင်းစွာဖြင့် လုပ်ဆောင်နိုင်သောကြောင့် ဖြစ်သည်။ ကီလိုမီတာ ၁၂၀၀ ကျော်ရှည်သည့် ရိုင်းမြစ်နှင့်ပတ်သက်လာလျှင် မိမိနိုင်ငံအကျိုးသက်သက်ကိုသာမကြည့်ဘဲ အခြားနိုင်ငံများဘက်ကလည်း ဝင်ရောက်သုံးသပ်ရှုမြင်ကြသည်။ လိုက်နာရမည့် စည်းကမ်းဘောင်များကိုလည်း လိုက်နာကြသည်။