
အိန္ဒိယနှင့်ပါကစ္စတန်နှစ်နိုင်ငံတို့ကိုဖြတ်စီးသောမိုင် ၂၀၀၀ နီးနီး ရှည်လျားသည့်အိန္ဒုမြစ်သည် တရုတ်နိုင်ငံ တိဘက်ကုန်းမြင့်တွင် မြစ် ဖျားခံကာအာရေဗျပင်လယ်ထဲသို့စီးဝင်သည်။ ဧက ၂၆ သန်းမျှ ကျယ်ဝန်းသော အိန္ဒုမြစ်ဝှမ်းစိုက်ပျိုးမြေများသည်အများအားဖြင့်ပန်ဂျပ်ဒေသ တွင်ရှိသည်။ ပန်ဂျပ်ဆိုသောစကားသည် မြစ်ငါးစင်းရှိရာမြေဟု အဓိပ္ပာယ်ရရာ မြစ်ငါးစင်းသည်အိန္ဒု့၏မြစ်လက်တက်ငါးခုဖြစ်သည့် ဂျီလမ်၊ ချီနဗ်၊ ရာဗီ၊ ဘီအာ့စ်နှင့် ဆတ်လက်ဂျ်တို့ကို ရည်ညွှန်းသည်။
ဗြိတိသျှတို့အုပ်ချုပ်မှုအောက်တွင်ရှိခဲ့သည့် အဆိုပါဒေသကို၁၉၄၇ ခုနှစ်တွင် နှစ်ပိုင်းခွဲကာ တစ်ပိုင်းကို အိန္ဒိယအောက်ထည့်၊ ကျန်တစ်ပိုင်းကိုပါကစ္စတန်အောက်ထည့်၍ လွတ်လပ်ရေးပေးလိုက်သောအခါ အိန္ဒုမြစ်လက်တက်ငါးစင်းစလုံး၏မြစ်ဖျားများသည် အိန္ဒိယပိုင်နက်ထဲရောက်သွားသည်။
မြစ်ဖျားပိုင်းဒေသကိုရရှိသောအိန္ဒိယက မြစ်ရေများကို သူ့စိတ်ကြိုက်သာ ပါကစ္စတန်သို့ လွှတ်ပေးနိုင်မည်ဟု ပြောသည်။ ပါကစ္စတန်နိုင်ငံသည် အိန္ဒုမြစ်ရေကိုအမှီပြု၍ စိုက်ပျိုးရေးအကြီးအကျယ်လုပ်သည့်အပြင် အကြီးစားစက်မှုလုပ်ငန်းများကိုတည်ဆောက်ထားသည်။ မြို့များစွာကိုလည်း ပေးဝေသည်။ ထို့ကြောင့် အိန္ဒိယပေးသမျှသော ရေကိုသာ ယူနေရသည့်အဖြစ်မျိုးကိုလက်မခံနိုင်။ တစ်ချိန်တွင် ယင်းမြစ်လက်တက်များကို အိန္ဒိယကပိတ်ဆို့၍ သူတို့ဘက်ရေမရောက်အောင်လုပ်မည်ကို ပါကစ္စတန်က စိုးရိမ်သည်။ နှစ်ပေါင်းများစွာကြာအောင် နှစ်ဦးနှစ်ဖက်ဆွေးနွေးညှိနှိုင်းကြပြီးမှ ၁၉၆၀ ပြည့်နှစ်တွင် အိန္ဒုမြစ်ရေခွဲဝေသုံးစွဲရေးစာချုပ်ကို လက်မှတ်ရေးထိုးနိုင်ခဲ့သည်။
ယင်းသဘောတူညီချက်အရ အိန္ဒိယသည် မြစ်လက်တက်ငါးခုအနက် အရှေ့ဘက်ကျသောရာဗီ၊ ဘီအာ့စ်နှင့် ဆတ်လက်ဂျ်တို့ကို ထိန်းချုပ်ခွင့်ရသည်။ ကျန်မြစ်လက်တက်နှစ်စင်းကို ပါကစ္စတန်က ထိန်းချုပ်ခွင့်ရသည်။ ယင်းမြစ်လက်တက်နှစ်စင်းကို ဆည်မြောင်းရေသွယ်လုပ်ငန်းများမှလွဲ၍ အခြားနည်းဖြင့်အသုံးချခွင့်ကို အိန္ဒိယက ရသည်။ လွန်ခဲ့သောနှစ်ပေါင်း ၆၀ ခန့်ကထွက်ပေါ်ခဲ့သော အိန္ဒုမြစ်ရေ စာချုပ်သည် ပါဝင်ပတ်သက်သူအားလုံး၏စွမ်းဆောင်ချက်ကြောင့် ယနေ့တိုင်တည်တံ့လျက်ရှိသော်လည်း မြစ်တွင်းသို့ စီးဝင်သောရေပမာဏထက် ထုတ်သုံးသည်က များနေသဖြင့် မြစ်ရေခွဲဝေရေးနှင့်ပတ်သက်၍ စိတ်မအေးစရာများကို ကြားနေရသည်။
မြစ်ဖျားပိုင်းနေအိန္ဒိယက အိန္ဒုမြစ်နှင့်လက်တက်များတွင် ရေကာတာများဆောက်သောအခါ ပါကစ္စတန်က ကန့်ကွက်ခြင်း၊ အိန္ဒိယပိုင်နက်အတွင်းရှိဆည်ဖောက်ချသောအခါ ပါကစ္စတန်က သူ့ပိုင်နက်အတွင်း ရေလွှမ်းအောင် အိန္ဒိယကတမင်တကာလုပ်သည်ဟု စွပ်စွဲခြင်းစသော အချင်းများမှုများ မကြာခဏ ဖြစ်ပေါ်နေသည်။ ထို့အပြင် အိန္ဒုမြစ်ဝှမ်းအထက်ပိုင်းသည် အိန္ဒိယနှင့်ပါကစ္စတန်တို့ ခွဲဝေအုပ်ချုပ်သည့် ကက်ရှ်မီးယားဒေသတွင်း ကျရောက်နေပြီး ယင်းဒေသတွင် နှစ်နိုင်ငံအကြားတိုက်ပွဲငယ်များ မကြာခဏ ဖြစ်ပွားနေရာ တစ်ချိန်တွင် အိန္ဒုမြစ်ရေကိုအကြောင်းပြု၍ ရေစစ်ပွဲကြီးဖြစ်ပွားလာမည်လောဟု စိုးရိမ်နေရသည်။