
အီသီယိုပီးယားသည် မဟာအီသီယိုပီးယားပြန်လည်ရှင်သန်ခြင်းရေကာတာ Grand Ethiopian Renaissance Dam ဟု ခေါ်သည့်ပေ ၅၈၀၀ ကျော်ရှည်၊ ပေ ၅၀၀ နီးပါး မြင့်သောလျှပ်စစ်စွမ်းအင်မက်ဂါဝပ် ၆၀၀၀ ထုတ်နိုင်စွမ်းရှိမည့် ဧရာမ ရေကာတာကြီးကို နိုင်းလ်မြစ်၏ လက်တက်ဖြစ်သော ဘလူးနိုင်းလ်ပေါ်တွင် ဆောက်လုပ်နေရာ ၇၀ ရာခိုင်နှုန်းခန့် ပြီးစီးပြီ ဖြစ်သည်။
နိုင်းလ်မြစ်အောက်ပိုင်းရှိ အီဂျစ်က သူတို့ရေအရနည်းသွားမည်ကိုစိုးရိမ်သဖြင့် ရေကာတာ စဆောက်သည့် ၂၀၁၁ ခုနှစ်ကတည်းက ကန့်ကွက်လာခဲ့သော်လည်း မအောင်မြင်ခဲ့၍ ယခုအခါ ရေကာတာ ရေဖြည့်ချိန်ကိုသာ ဆွေးနွေးနေကြရသည်။ ဧရာမရေကာတာကို အီသီယိုပီးယားတို့က သုံးနှစ်နှင့်အပြည့် ဖြည့်လိုသည်။ ဤသည်ကိုအီဂျစ်က လက်မခံ၊ ထိုမျှမြန်မြန်ဖြည့်လျှင် အီဂျစ်ရောက် နိုင်းလ်မြစ်ရေသည် သိသာစွာနည်းသွားမည်။ ၁၀ နှစ်မှ ၁၅ နှစ်အတွင်း ဖြည်းဖြည်းချင်းသာ ဖြည့်စေလိုသည်။
ရေဖြည့်ချိန်ဆွေးနွေးနေစဉ် အီသီယိုပီယားရေကာတာတွင်းသို့ ရေစဝင်နေကြောင်း ဂြိုဟ်တုဓာတ်ပုံတွင် ၂၀၂၀ ဇူလိုင်လလယ်၌တွေ့ရသဖြင့် သူတို့သဘောမတူဘဲ ရေသွင်းသည်ဟု အီဂျစ်တို့လွန်စွာ ဒေါသဖြစ်ကာ ဆွေးနွေးပွဲကို ဖျက်သိမ်းလိုက်သည်။ လိုအပ်လျှင် အီသီယိုပီးယားကို ဝင်တိုက်မည်ဆိုသည်မျိုးအထိ အီဂျစ်တို့က ပြောသည်။ အီသီယိုပီးယားကမူရေဖြည့်ခြင်းမဟုတ်၊ မိုးရေဝင်ခြင်းဟုပြောသည်။
ဂျော်ဒန်မြစ်၊ အိန္ဒုမြစ်၊ မဲခေါင်မြစ်၊ နိုင်းလ်မြစ်တို့ကဲ့သို့ တစ်နိုင်ငံထက်ပို၍ မျှဝေသုံးစွဲနေရသည့် နယ်စပ်ဖြတ်စီးမြစ်များ ကမ္ဘာပေါ်တွင် ၂၆၃ စင်းရှိသည်။ ယင်းမြစ်ဝှမ်းဒေသများ၏ မျက်နှာပြင်ဧရိယာသည် ကမ္ဘာ့မြေပြင်ဧရိယာ၏ ၄၅ ရာခိုင်နှုန်းခန့်ရှိပြီး ကမ္ဘာ့လူဦးရေ၏ ၄၀ ရာခိုင်နှုန်းနေထိုင်ကြသည်။
ယင်းတို့သည် မြစ်ရေများကိုသုံးစွဲရာတွင် မြစ်ညာပိုင်းရှိ နိုင်ငံများက လုံလောက်သောရေများကို လွှတ်မှ လွှတ်ချပါမည်လော၊ ယင်းနိုင်ငံများမှ အဆိပ်သင့်စွန့်ပစ်ရေများ မြစ်ကြောင်း တစ်လျှောက် မိမိတို့နိုင်ငံတွင်း ရောက်ရှိလာမည်လော စသဖြင့် စိုးရိမ်နေကြရသည်။ တစ်ဖန် မိမိနိုင်ငံတွင်း ဖြတ်စီးနေသောရေများကို လိုအပ်၍ လွှဲပြောင်း ရယူလျှင် မြစ်ကြေပိုင်းနိုင်ငံများက လှမ်း၍ကန့်ကွက်မည်လောစသဖြင့် လည်း ပူနေကြရသည်။ မိမိတို့နိုင်ငံတွင်းဖြတ်သော မြစ်ရေကို သူများမျက်နှာကြည့်၍ သုံးနေကြရသည်။