နယ်စပ်ဖြတ်စီးမြစ်များ(ဂျော်ဒန်မြစ်)

မြစ်ရေရယူမှုများသထက်များလာသောကမ္ဘာတွင် နိုင်ငံတစ်နိုင်ငံတည်း၏ နယ်နိမိတ်အတွင်း အစအဆုံး စီးသောမြစ်များပင် ရေလျော့နည်းလာနေသဖြင့် နယ်စပ်ဖြတ်ကျော်စီးဆင်းသောမြစ်များ၏ ရေကို သူပိုရသင့် ငါပိုရသင့် အငြင်းပွားသံများ တစ်နေ့ထက်တစ်နေ့ ပို၍ကျယ်လောင်လာနေသည်မှာ အဆန်းမဟုတ်တော့ချေ။

ပြဿနာထွေပြားနေသည့် အစ္စရေး၊ ဆီးရီးယား၊ ဂျော်ဒန်နှင့် ပါလက်စတိုင်းတို့ကို အပေါ်ယံလေ့လာလျှင် နယ်မြေလုနေကြသည်ဟုထင်ရသော်လည်း ပို၍နက်ရှိုင်းစွာ စိစစ်လျှင် ဒေသတွင်း ရေအရင်းအမြစ်များကို သူရသင့်ငါရသင့် စကားဆိုနေကြကြောင်းကိုလည်း တွေ့နိုင်သည်။

ယင်းနိုင်ငံများ၌ ရှိနှင့်ပြီးလူဦးရေ သန်း ၄၀ ခန့်အပြင် အစ္စရေးတွင် အခြားနိုင်ငံများမှ လာရောက် အခြေချလျက်ရှိသော ဂျူးလူမျိုးများကြောင့် ရေလိုအပ်ချက်သည် အစဉ်တိုးပွားနေသည်။ စိုက်ပျိုးရေးလုပ်ငန်း အကြီးအကျယ်ဖြစ်ထွန်း၍ စိုက်ပင်ပျိုးပင်များအတွက်လည်း ရေအမြဲလိုအပ်နေသည်။ ထိုသို့ ရေလိုအပ်မှု ပမာဏ ကြီးမားသော်လည်း ရာသီဥတုက ခြောက်သွေ့လှသဖြင့် ရှိသည့်ရေအရင်းအမြစ်များသည် ဒေသခံများအတွက် သေရေးရှင်ရေးတမျှအရေးပါလှသည်။

အဆိုပါနိုင်ငံများ၏အဓိကရေအရင်းအမြစ်များမှာ ၁၅၆ မိုင် ရှည်သည့် ဂျော်ဒန်မြစ်နှင့် ယင်း၏လက်တက်များ၊ စတုရန်းမိုင် ၆၀ ကျော်ရှိသည့် ဂလီလီကုန်းတွင်းရေချိုအိုင်၊ ဂျော်ဒန်မြစ်၏ အနောက်ဘက်ကမ်းရှိ တောင်အောက်ရေကြော၊ ဂါဇာကမ်းမြှောင်ဒေသရှိ ကမ်းရိုးတန်း မြေအောက်ရေကြောတို့ ဖြစ်ကြသည်။

ဂျော်ဒန်မြစ်သည် ဆီးရီးယား၊ ဂျော်ဒန်၊ အစ္စရေးနယ်စပ်များနှင့် ထိစပ်ဖြတ်သန်းစီးဆင်းလာရာ မြစ်ရေ ခွဲဝေသုံးစွဲရေး စာချုပ်များ ချုပ်ဆိုထားသည့်ကြားကပင် ယင်းနိုင်ငံတို့အကြားအမြဲပြဿနာပေါ်ပေါက်လျက် ရှိသည်။

ဂျော်ဒန်မြစ်နှင့်ယင်း၏မြစ်လက်တက်များသည် အစ္စရေး၊ ဂျော်ဒန်၊ လက်ဘနွန်၊ ဆီးရီးယားတို့ကို ဖြတ်သန်း စီးဆင်းသည်။ ပါလက်စတိုင်းနယ်မြေများသည်လည်း ဂျော်ဒန်မြစ်ရေကို တစ်ဆင့်ခံရယူနေသည်။ အစ္စရေးသည် ဂျော်ဒန်မြစ်ရေကို တစ်နှစ်လျှင် ကုဗပေသန်း ၁၈၀၀၀ ခန့်၊ ဂျော်ဒန်နိုင်ငံသည် ကုဗပေသန်း ၁၁၀၀၀ ခန့်စသဖြင့် ရယူနေသကဲ့သို့ လက်ဘနွန်၊ ဆီးရီးယားနှင့် ပါလက်စတိုင်းတို့ကလည်း ဂျော်ဒန်မြစ်ဝှမ်းရှိရေများကို အသုံးချနေကြသည်။

ပင်လယ်သေတွင်းသို့စီးဝင်သော ဂျော်ဒန်မြစ်ရေပမာဏသည် ရှေးတစ်ချိန်က တစ်နှစ်လျှင် ကုဗပေသန်း ၄၅၀၀၀ ခန့်ရှိခဲ့ရာမှ မိုးနည်းသည့်အထဲ ရေထုတ်ယူမှုကများသဖြင့် ယခုအခါကုဗပေသန်း ၇၀၀ မှ ၇၀၀၀ ကြားသာ စီးဝင်တော့သည်။ ပင်လယ်သေသည်လည်း တဖြည်းဖြည်းခန်းခြောက်လာနေသည်။

ခြောက်ရက်စစ်ပွဲဟုလူသိများသော အရှေ့အလယ်ပိုင်းစစ်ပွဲဖြစ်ခဲ့ခြင်း အကြောင်းများထဲတွင် ဂျော်ဒန်မြစ်ရေကလည်း တစ်ခုအနေနှင့်ပါဝင်ခဲ့သည်ဟု အစ္စရေးဝန်ကြီးချုပ်အဖြစ် တာဝန်ယူခဲ့ဖူးသူ ဗိုလ် ချုပ်ကြီးရှာရွန်က ပြောခဲ့သည်။ ၁၉၆၇ ခုနှစ်မှာ ခြောက်ရက် စစ်ပွဲ ဖြစ်ခဲ့တယ်ဆိုပေမယ့် အဲဒီအချိန်မတိုင်မီ နှစ်နှစ်ကျော်ကတည်းက စစ်ပွဲစခဲ့တယ်လို့ ဆိုနိုင်ပါတယ်ဟုသူကပြောခဲ့သည်။ ဆီးရီးယားနှင့်ဂျော်ဒန်တို့က ဂျော်ဒန်မြစ်ရေကိုပိုမိုလွှဲပြောင်းရယူရန် လုပ်ဆောင်ခဲ့ခြင်းအား ရှာရွန်က ညွှန်းခြင်းဖြစ်သည်။

ဆက်စပ်ဖတ်ရှုရန် အစ္စရေး၏ရေအရင်းအမြစ်

ယင်းဒေသတွင် ယခုစစ်မီးမပွားသေးသော်လည်း အာရပ်-အစ္စရေး ငြိမ်းချမ်းရေးဆွေးနွေးပွဲများတွင် ရေရရှိရေးသည်အရေးပါသော ကဏ္ဍမှပါဝင်နေသည်။ အပြီးသတ်ပြေလည်ရန် လမ်းစမမြင်သေးပေ။

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s